“ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်အားပေးပါ။ သူများပြောတဲ့ စကားတွေဟာ တစ်နေ့ ဘယ်သူမှ ကိုယ့်ကိုလာပြီး ဂရုစိုက်မှာမဟုတ်ဘူး။ ကိုယ်တော်တယ်၊ တတ်တယ်ဆိုရင် ခဏလေးပဲလက်ခုပ်တီးပေးလိမ့်မယ်။ သူများလမ်းသူများလျှောက်ကြတာပဲ။ ကိုယ့်ဘာလုပ်မလဲဆိုတာ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ။”
ကိုယ့်ရဲ့ဖြစ်တည်မှုကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြီး Gay တစ်ယောက်အဖြစ်ခံယူထားတဲ့ Saw Happy ဟာဆိုရင် သူ့ရဲ့ငယ်ဘဝက ခက်ခက်ခဲခဲ ရုန်းကန်နေရပေမဲ့လည်း ဘဝကိုအရှုံးမပေးဘဲ ကိုယ့်ခြေထောက်ပေါ် ရပ် တည်ပြီး လောကဓံကိုရဲဝံ့စွာ ရင်ဆိုင်နေသူဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ လိင်စိတ်ခံ ယူမှုကွဲပြားသူ -LGBT တွေကို အပေါ်ဆက်ဆံမှု၊ လက်ခံနိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး သူနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးပေါ့နော်။ LGBT ဆိုတာကို ဘယ်လိုလက်ခံထားသလဲ။ ကိုယ့်ကိုယ်ကိုကော LGBT လို့ ဘယ်လိုစသိခဲ့တာလဲ။
ကျနော့်ကိုယ်ကျနော် LGBT ဆိုတာ ငယ်ငယ်ကတည်းကပဲလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်ကိုယ်ကျနော် မဖော်ပြဘူး။ ကျနော့်ကိုယ် ကျနော် စတင်သိရှိနားလည်လာတာက ၇ တန်း၊ ၈ တန်းလောက်မှာ သိလာတယ်။ ကျနော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဒီသူငယ်ချင်းနဲ့ စကားပြောရတာ တခြား သူငယ်ချင်းမိန်းကလေးတွေနဲ့ စကားပြောရတာထက် ခံစားလို့ကောင်းတယ်။ အဲဒီကစပြီး ကျနော်က မိန်းကလေးတွေကို မကြိုက်ဘူးဆိုတာ သိလာတယ်။ ကျနော်က ဒါကိုကြိုက်တယ်။ ကျနော့်ကိုယ်ကျနော်သိလာတဲ့အချိန်မှ ရဲရဲဝံ့ဝံ့နဲ့ပဲ ကျနော်ထုတ်ဖော်ပြသတယ်။ ကျနော့်ကို မေးလာတယ်ဆိုရင်လည်း ရှင်းရှင်းလင်းလင်းပဲပြောတယ်။ ဟုတ်ပါတယ် ကျနော်က ဂေးတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးတွေက သွေးသားကနေလာတယ်။ ဘယ်လိုပဲ ဖုံးဖိ ဖုံးကွယ်ပါစေမရဘူး။ ပျောက်ကွယ်မသွားဘူး။ အဲဒါကြောင့် ဒါကိုလက်ခံပြီး အခုအချိန်ထိ ကျနော်ဒီလိုပဲနေတယ်။
မေး။ ။ အခုဆိုရင်ပေါ့နော်။ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် ဒီ LGBT အရေးကိစ္စနဲ့ပတ်သက်ပြီး တော်တော်များများက လက်ခံလာကြပေမဲ့ လူတချို့က လက်မခံကြသေးတာရှိတယ်။ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသလဲ။
အခု လူတွေက ဒါကို လက်ခံပြီလို့ ပြောကြတယ်။ Equal opportunity , Equal Right လက်ခံတယ်လို့ ပါးစပ်နဲ့ပဲလက်ခံကြတယ်။ လက်တွေ့မှာ ဘယ်သူမှ လက်မခံသေးဘူး။ ဘာကြောင့်လဲဆိုတော့ လူအများကြားမှာ LGBT တွေ သွားလာတဲ့ အချိန်တိုင်းမှာပေါ့နော်။ အမြဲတမ်း Bully (ကြီးနိုင်ငယ်ညှင်း) လုပ်တာခံရတယ်။ ပုတ်ခတ်ပြောဆိုကြတယ်။ ဘာနဲ့တူလဲဆိုတော့ သူတို့ကို ကြေမွ သွားအောင် ထုချေပြီးတော့ မီးတင်ရှို့ပြီး ပြာဖြစ်သွားအောင် လုပ်ချင်ကြတယ်။
အခုအချိန်ထိက လူတွေက အဲဒီလိုမျိုးလုပ်ချင်ကြတယ်။ သူတို့က ပြောကြတယ် ကျနော်တို့က လူသားအချင်းချင်းပဲ ပြောကြတယ်။ တကယ်တော့ Equal right ဆိုတာမရှိဘူး။ ကျနော့်တစ်ယောက်အ နေနဲ့ ဘယ်လို ဖြတ်ကျော်ရ သလဲဆိုရင်တော့ ကျနော် ဘော်ဒါဆောင်မှာနေတဲ့အချိန်တုန်းကပေါ့။ ဆရာတစ် ယောက်ရှိတယ်။ ဆရာတွေကတော့ အများကြီးပဲ အားလုံးတော့မဟုတ်ဘူး။ တစ်ယောက်က LGBT ဆိုတာ ဘယ်လိုမှသူကြည့်လို့မရဘူး။ ပြီးတော့ သူကျနော့်ကို ခေါ်တယ်။ အဲဒီ ဥအဆံမရှိတဲ့ သူတစ်ယောက်၊ အဲဒီ မယောင်တစ် ယောက်လို့ ခေါ်တယ်။ ဒါပေမဲ့ ကျနော်က လူတစ်ယောက်က ကျနော့်အပေါ်ကို မကောင်းတဲ့အပြုအမူကိုလုပ်ရင် ကျနော်လည်းပဲ တစ်ခါထဲပြန်လည်တုံ့ပြန်တယ်။ မယောင် ကျနော့်ဖိနပ်တစ်ချက်သွားယူပေးလို့ ပြောရင် ကျနော်က ပြန်ပြောတယ်။ ကျနော့်ကို လေးစားရကောင်းမှန်းမသိရင် ခင်ဗျားက ဆရာဖြစ်ပေမယ့် ကျနော် မလေးစားဘူး။ ကျနော့်ကို လေးစားရကောင်းမှန်းမသိရင် ကျနော်နဲ့ စကားလာမပြောနဲ့ ကျနော့်ကိုလည်း လာမခိုင်းပါနဲ့။
မေး။ ။ LGBT ဆိုတာက အထူးသဖြင့် မိန်းမစိတ်ပေါက်တဲ့သူတွေက လူတွေ အထင်သေး အမြင်သေး ကြတယ်။ ဘာမှလုပ်တတ်တဲ့သူတွေမဟုတ်ဘူး။ ယောက်ျားတစ်ယောက်လို လုပ်နိုင်မလား စတာတွေရှိတယ်။ အဲဒီလို အထင်အမြင်သေးတဲ့အပေါ်မှာ ကိုယ့်အနေနဲ့ ဒါကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့အတွက် အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဘယ်လောက်ကြိုးစားခဲ့ရသလဲ။
အခုအချိန်က ကိုယ့်ကိုယ်ကို အောင်မြင်တဲ့သူမဟုတ်သေးဘူးလို့ ကျနော့်ကိုယ်ကျနော် စိတ်ထားတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားတဲ့သူပဲ။ တစ်ရက်စာအတွက် ရောင်းလို့ရမယ်။ မရပေမယ့်လည်း ဒီလိုပဲနေတယ်။ ဘယ်လို ပြောရမလဲဆိုတော့ ဒီနှစ်က ကျနော့်အတွက် အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ကျနော်အလုပ်သွားလုပ်တယ်။ ကျနော့်သူငယ်ချင်းတွေက ယောက်ျားလေးတွေသက်သက်ပဲ။ တစ်ခါတလေ ကျနော်ခေါင်းကိုက်တယ်။ သူတို့သိကြတယ်။ LGBT ဆိုတာ ခိုင်းရလွယ်တယ်။ ကိုယ့်ကိုအလုပ်တွေ အများကြီးလာပေးတယ်။ ထိုင်းလိုပြန်ပြီးဘာသာပြန်လုပ်ရတဲ့အခါကျတော့ ကျနော့်ကို သူတို့အနိုင်ကျင့်တဲ့အပေါ်မှာ ကျနော်သင်ခန်းစာတွေ အများကြီးကိုရရှိလိုက်တယ်။
မေး။ ။ ကိုယ်က LGBT တစ်ယောက်အနေနဲ့ပေါ့နော်။ အရင်တုန်းက ကိုယ့်ကိုပုတ်ခတ်ပြောဆိုတာတွေ၊ ထိကပါးရိကပါးပြောဆိုတာတွေပဲဖြစ်ဖြစ်၊ ကိုယ်မခံ မရပ်နိုင်တဲ့အဆုံး တစ်ခါတလေကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက်လို ပြန်ပြောင်းလဲပစ်လိုတဲ့စိတ်တွေဖြစ်ခဲ့ဖူးလား။
ကျနော် ဘော်ဒါဆောင်မှာနေတဲ့အချိန်တုန်းကအဆောင်မှာက လူတွေ အများကြီးနေကြတယ်။ အယောကျ်ားတွေသက်သက်ပဲ ဆရာတွေ လည်းပါတယ်။ ကျနော့်ကိုပြောတာ လက်ကုန်ပဲ။ အဲဒီအချိန် တုန်းက ကျနော်က ငယ်သေးတယ်။ ၄ တန်း၊ ၅ တန်းအရွယ်လောက်ပဲရှိသေးတာ။ ကျနော်လည်း ပြောင်းလဲချင်တယ်။ ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှာ ကျနော်က Happy တစ်ယောက်ဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်က တိတ်ဆိတ်တဲ့သူ တစ်ယောက်ဖြစ်သွားတယ်။ ကျနော်တစ်ယောက်ထဲပဲ နေချင်လာတယ်။ တစ်ခါတလေ ကျနော့်ကိုယ်ကျနော် ပြန်မေးတယ်။ ကျနော်က ဒီလိုလူစားမျိုး မဟုတ်ဘူး။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး။ ဒီလိုပဲရှိရမယ်။ အဲဒီအချိန်ကစပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ကျနော်မကြိုးစားတော့ဘူး။
မေး။ ။ ကိုယ့်အနေနဲ့ ဘဝလက်တွဲဖော်ကို ရွေးချယ်မယ်ဆိုရင်ပေါ့နော် ၊ ဘယ်လိုလူစားမျိုးကို ရွေးချယ်မလဲ။ ဘယ်လို ဂျဲန်ဒါ(Gender)မျိုးဖြစ်မလဲ။
အခုကျနော်က ကျနော်နဲ့ စကားလာပြောတဲ့သူရှိတယ်။ ရည်းစားတော့မဟုတ်ဘူး။ တိုင်ပင် ပြောဆိုတာတွေကတော့ ရှိတယ်။ ကျနော့်ရည်းစားအဖြစ် ရွေးချယ် မယ်ဆိုရင် ကျနော့်ထက် ပညာအရည်အချင်းမြင့်ရမယ်။ ဒုတိယအချက်က ကျနော့် ကို ဦးစီးသူဖြစ်ရမယ်။ အခုက ကျနော်တစ် ယောက်ထဲပဲ ကြီးပြင်းလာတယ်။ ကိုယ့် ကိုယ်ကိုပဲ ဦးစီးရတယ်။ သူက ကျနော့်ကို ဦးစီးသူဖြစ်ရမယ်။ သုံးချက်တစ်ချက်က ကျနော့်ရဲ့နောက်ကြောင်းကို နားလည်ပေးသူဖြစ်ရမယ်။ ကျနော့်ရဲ့ဖြတ် သန်းမှုတွေကို သူနားလည်ပေးရမယ်။ လေးချက်တစ်ချက်က ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ရတယ်။ ဒါပေမဲ့ ကျနော့်အပေါ်မှာ သစ္စာရှိရမယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောဆိုချင်ပါသေးလဲ။ ကိုယ့်အကြောင်းပဲဖြစ်ဖြစ်၊ LGBT အကြောင်းပဲဖြစ်ဖြစ် ပြောပေးနိုင်ပါတယ်။
နံပါတ် ၁ တစ်ချက်က ကျောင်းသူကျောင်းသားတွေ အများကြီးရှိတဲ့အပေါ်မှာ Bully ခံရလိမ့်မယ်။ ဒုတိယအချက်က ခွဲခြားဆက်ဆံမှု၊ အထင်အမြင် သေးမှု တွေရှိမယ်။ ပြီးတော့ သူတို့နဲ့ အပေါင်းအသင်းမလုပ်ချင်ကြဘူး။ တစ်ခါတလေ စာသင်ကျောင်းဆိုတာ ကျောင်းသူ ကျောင်းသား တွေအတွက် Safe Zone တစ်ခုဖြစ် တယ်လို့ ပြောကြတယ်။ တကယ်တော့မဟုတ်ဘူး။ Safe Zone ဆိုတာ နံပါတ် ၁ မိဘဖြစ်တယ်။ ကိုယ့်ရဲ့သားသမီးရဲ့ ဖြစ်တည်မှုကို နားလည်ထားရမယ်။ လက်ခံနိုင်ရမယ်။ ဒုတိယအချက် ကိုယ်ကိုယ်တိုင်ပဲ လုပ်ဆောင်ရပါမယ်။ ကိုယ့်ကိုယ်ကို မချစ်ဘူး။ ကိုယ်ကိုတိုင်မလုပ်ဘူးဆိုရင် ဘယ်သူက ကိုယ့်ကိုလာချစ်မလဲဟုတ်တယ်ဟုတ်။
အဲဒါကြောင့် စောစောက ကျနော်ပြောသလိုပါပဲ ကိုယ့်ကိုယ်ကို အရမ်းချစ်ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်အားပေးပါ။ သူများပြောတဲ့ စကားတွေဟာ တစ်နေ့ ဘယ်သူမှ ကိုယ့်ကိုလာပြီး ဂရုစိုက်မှာ မဟုတ်ဘူး။ တစ်နေ့ ကိုယ်တော်တယ်၊ တတ်တယ်ဆိုရင် သူများက ခဏလေးပဲ လက်ခုပ်တီး ပေးလိမ့်မယ်။ သူများလမ်း သူများသွားကြတာပဲ။ အဲဒါကြောင့် ကိုယ့်ဘာလုပ်မလဲဆိုတာ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ။ ကိုယ်ဘာလုပ်ချင်လဲ အကုန်လုံးကြိုးစားပါ။ လူဆိုတာ အကုန်လုံး ကြိုးစားလို့ရတယ်။ မမှားဘူး။ လူသားအားလုံးက အမှားကနေပဲ သင်ယူနေ ကြတယ်။ ကျနော် ကိုယ်၌ကလည်းပဲ ကျနော့်အမှားအပေါ်မှာပဲ ပြန်သင်ယူ နေရတယ်။ ဒီအရာက ကျနော်လုပ်တာ မမှန်ဘူးဆိုရင် အဲဒီအလုပ်ထဲက ကျနော်ဘာသင်ယူခဲ့ရလဲ။ ကျနော်ဆက်လုပ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ၊ ကိုယ်ကိုယ်တိုင် လေ့လာတယ်။ သုံးသပ်တယ်။ ပြီးတော့ ကိုယ်ရှေ့ဆက်အသက်ရှင်တယ်။