စစ်ကောင်စီ၏ ဟောင်ဝပ်ဇာပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ကလေးများ ကျောင်းမသွားရဲဖြစ်လာ

စစ်ကောင်စီ၏ ဟောင်ဝပ်ဇာပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ကလေးများ ကျောင်းမသွားရဲဖြစ်လာ

စစ်ကိုင်တိုင်း ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာမရွာ၊ ဘူတာစုရပ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ ရာ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးတွေကို ထိမှန်ခဲ့တာကြောင့် စာမသင်ရဲတော့တဲ့ ကလေးတွေရှိလာ တယ်လို့ NUG က ပြောပါတယ်။

ဂျိုးထောင်ရွာမရွာ စာသင်ကျောင်းကို စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အောက်တိုဘာလ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ မြေပြင်မှာ ဆေးကုသပေးနေတဲ့ သူနာပြု ဆရာမ ဒေါ်ဝင်းဝင်းက ပြောဆိုခဲ့တာပါ။

“ရင်ဘတ်မှာပတ်တီးစည်းထားတဲ့ ကလေးမလေးဆို ကျောင်းမနေချင်တော့ဘူး။ ကျောင်းမသွားချင်တော့ဘူး ပြောတယ်။ အဲဒီမှာ သူ့အဖွားက ငါ့မြေးစာသင်မှရမယ်၊ စာတတ်မှ ဖြစ်မယ်။ အဲဒါဆိုကျောင်းကတော့ ပြန်သွားမှ ရမယ်။ စိတ်ထိခိုက်တဲ့ ဒဏ်ရာမျိုးတွေရှိတယ်ရှင့်။ နောက်ပြီး စေတနာ့ဝန်ထမ်း ဆရာမလေးကလည်း ကျမကို ပြောပြတယ်။ ဆရာမရေ ဒီလိုမျိုးအဖြစ်အပျက်ကြီး ကြုံသွားပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ် တစ်ခေါက် စာသင်ဖို့ ကျမအားတော့အားတော့ယူရမယ်ဆိုပြီး သူ့ရဲ့စိုးရိမ်ထိတ်လန့်တဲ့ ကြောက်စိတ်ကို ကျမကို ပြောပြပါ တယ်ရှင့်” လို့ သူနာပြုဆရာမ ဒေါ်ဝင်းဝင်းက ရှင်းပြပါတယ်။

ဒါပေမဲ့ တချို့ကလေးတွေကတော့ ဆရာမတွေကျောင်းသွားရင် သူတို့လည်းကျောင်းသွားမယ်ဆိုတဲ့ အခြေအနေ ရှိတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့မေးမြန်းမှုကို ဆရာမဒေါ်ဝင်းဝင်းက ထပ်လောင်းဖြေကြားခဲ့ပါတယ်။

“စာသင်ရမှာကြောက်သွားတာ။ ကျောင်းလာရမှာ ကြောက်သွားတာ။ အခုလိုမျိုး ရက်ရက်စက်စက်တွေ၊ သွေး ထွက်သံယိုတွေ ကလေးတွေ မြင်သင့်တွေ့သင့်တာမှမဟုတ်ဘဲ။ အဲ့ဒါမျိုးတွေဖြစ်ရတာ အကြမ်းဖက် စစ်တပ် ကြောင့်ပဲ ဖြစ်တယ်” လို့လည်း NUG ရဲ့ ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြစ်ကြီးနား သတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို နောက်ဆက်တွဲအဖြစ် ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ က စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်ပွဲ မဖြစ်ဘဲ ၁၀၅ မမ ဟောင်ဝပ်ဇာအမြောက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂျိုးထောင်ရွာမရွာ စာသင်ကျောင်းက ကလေးတွေကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်ကြောင့် စာသင်နေတဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်အောက်အရွယ် ကလေး အယောက် ၂၀ ဒဏ်ရာရခဲ့တဲ့အပြင် ဆရာမတစ်ယောက်ပါ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ အဲဒီနေ့က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ထပ်ပစ်တဲ့တစ်လုံးကတော့ ကျောင်း ဘေးက လယ်ကွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ် ပေါင်း ၄၉၁ ယောက်အထိရှိနေပြီး ဖျက်ဆီးခံရတဲ့ကျောင်းပေါင်း ၁၁၉ ကျောင်းအထိရှိနေတယ်လို့လည်း ဖော်ပြ ပါတယ်။

ဒါဟာ အထောက်အထားတွေရှိတဲ့ အချက်အလက်သာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုနိုင်တယ်လို့လည်း NUG က ပြောဆိုထား ပါတယ်။

Most read this week

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...