ရခိုင်ပြည်ထဲမှ အင်္ဂါမစုံသည့် မြို့

ရခိုင်ပြည်ထဲမှ အင်္ဂါမစုံသည့် မြို့

မောင်မေယု (ဘူးသီးတောင်) — မယူတောင်ကြီး၏ ရင်ခွင်ထဲတွင် ဘူးသီးတောင်မြို့ကလေးသည် စိမ်းစိမ်းစိုစိုနှင့် သာယာလှပနေ၏။ မြို့၏ အရှေ့ဘက်တွင် မယူမြစ်ကြီး၏ အဖျားပိုင်း ချောင်းငယ်ကလေးက တအိအိစီးဆင်းနေပြီး သင်္ဘော၊ ဘုတ်ကြီး များနှင့် ကူတို့လှေငယ်တို့မှာ ကူးသန်းကူးလာ သွားလျက်ရှိကြသည်။

အရှေ့ဘက်ကို ငေးမောကြည့်လိုက်လျှင် မြို့နယ်၏ အမြင့်ဆုံးစိုင်းတင် တောင်တန်းကြီးက ဆိုင်းဆိုင်းမှိုင်းမှိုင်းနှင့် ဂုဏ်ကျက်သရေ ရှိရှိလှပနေပေသည်။ ဤမြို့ကလေးသည် မယူရင်ခွင်နှင့် စိုင်းတင်လွင်ပြင်ကြားတွင် အခက်အခဲ မျိုးစုံကို ရင်ဆိုင်လျက် ရှင်သန်နေရခြင်းကလည်း စိတ်မသက်သာစရာ။

ဤမြို့ကလေးသည် ဒုတိယကမ္ဘာ့စစ်ဒဏ်၊ ၁၉၄၂ အရေးအခင်းနှင့် မူဂျာဟစ် သောင်းကျန်းမှုများကို ခက်ခဲစွာ ရင် ဆိုင်ခဲ့ရသော မြို့ကလေးတစ်မြို့လည်း ဖြစ်သည်။

အနောက်ဘက်ဒေသတွင် အဓိက ဖြစ်ပျက်ခဲ့သော ၂၀၁၂၊ ၂၀၁၇ အရေးအခင်းနှင့် ၂၀၁၉ ပြည်တွင်းစစ်ကိုလည်း အလူးအလိမ့် ခံခဲ့ရလေသည်။ ထို့ကြောင့် ဤမြို့ကလေးအား ခေတ်အဆက်ဆက်မှာ မငြိမ်းချမ်းခဲ့သော မြို့ အဖြစ် လူသိများကြသည်။ ယခုအချိန်ထိလည်း ငြိမ်းချမ်းသည့် အရိပ်အယောင်ကို မတွေ့ရချေ။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အာဆာတပ်ဖွဲ့နှင့် ရခိုင့်တပ်တော်တို့၏ တိုက်ပွဲကြောင့် ဒေသတွင်း မငြိမ်မသက် မှုများ၊ ခြိမ်းခြောက်မှု သတင်းများ ပိုကြားလာရလေသည်။

ထိုသို့ မငြိမ်းချမ်းသည့် ကြားကပင် မြို့ကလေးသည် တဖြည်းဖြည်းနှင့် တိုးတက်ဖွံ့ဖြိုးလာခဲ့လေသည်။ မြို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသည် ယခင်အချိန်ကနှင့် တခြားစီ ဖြစ်နေလေပြီ။ လမ်းတံတားများ ကောင်းမွန်လာသည်။ အထပ်မြင့် အိမ်ကြီးရခိုင်များ များပြားလာပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာခဲ့ကြလေသည်။

သို့ပါသော်လည်း ဤအရာများသည် မြို့ကိုချစ်စိတ်နှင့်ကြည့်၍ မြင်ရခြင်းများသာ ဖြစ်ပါသည်။ အခြား တစ်ဘက် မှ ကြည့်မည်ဆိုလျှင် မြို့ကလေးသည်ကား အခြေခံလိုအပ်ချက်များနှင့် ရခိုင်ပြည်ထဲတွင် အင်္ဂါမစုံသည့် မြို့ အဖြစ် ရှိနေဆဲပင်ဖြစ်သည်။

ဤမြို့တွင် အရက်မကြိုက်သည့် လူမျိုးစုများ ပေါများသလောက် အရက်ဆိုင်များလည်း ပေါများသည်။ ဆိုင်သစ်တစ်ဆိုင် တိုးဖွင့်တိုင်း အရက်ဆိုင်များ ဖြစ်နေသည်။ ဤမြို့၌ အရှားဆုံးမှာ စာအုပ်ဆိုင်ပင် ဖြစ်သည်။ ကျွန်တော် သိတတ်သည့်အချိန်မှစ၍ ဤမြို့တွင် စာအုပ်ရောင်းသည့်ဆိုင် မရှိချေ။ စာအုပ်အငှါးဆိုင်များတော့ ရှိခဲ့သည်။ ယခုအချိန်မှာတော့ စာအုပ်ဆိုင်ဆိုသည်ကို ကြားပင် မကြားဖူးတော့ချေ။

စာပေသည် လူတို့၏ စိတ်ကို ပြုပြင်ပြောင်းလဲပေးနိုင်သော တန်ဖိုးရှိသည့် တန်ခိုးရှင်ပင်ဖြစ်သည်။ မြို့၏ တာဝန် များကို လက်ဆင့်ကမ်းပြောင်းယူမည့် မျိုးဆက်သစ်လူငယ်တို့ သုတစာပေ ဖတ်ရှုမှုအားနည်းလျှင် မြို့၏ အနာ ဂတ်ဖွံ့ဖြိုးမှုမှာ နောက်ကျမည်။ ရသစာပေ ဖတ်ရှုမှု အားနည်းလျှင်မူ မြို့၏ အနာဂတ်သည် အကျင့်ပျက်ဆိုးသွမ်း သူတို့နှင့် ရောထွေးလာမည်။

သို့ဖြစ်၍ ပညာရှင်များမှ စာဖတ်သော လူမျိုးသည် တိုးတက်ပြီး စာမဖတ်သော လူမျိုးသည် ဆုတ်ယုတ်သည်ဟု ဆိုကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြို့နေလူထုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စာကြည့်တိုက်များကို အရေးစိုက်ပြီး ကူညီပံ့ပိုးမှုများ ပြုလုပ်သင့်ပါသည်။

ဤမြို့၌ ရခိုင်ပြည်ရှိ အချို့မြို့ကြီးများထက် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတစ်ခုတော့ ရှိသည်။ ထိုအရာမှာ နာရီစင် ကြီးပင် ဖြစ်လေသည်။ နာရီစင်ကြီးသည် သုံးထပ်တိုက်တစ်ဆောင်ခန့် အမြင့်ရှိပြီး မြို့၏အစ သင်္ဘောဆိပ်ကမ်း ခွဆုံတွင် မားမားမတ်မတ် တည်ရှိနေသည်။ မြို့၏ ကျက်သရေဆောင်လည်း ဖြစ်သည်။

သို့ပါသော်လည်း ထိုကျက်သရေဆောင်ကြီးသည် မီးအလင်းရောင်များ မရှိသည့်အပြင် ခြံဝင်းထဲတွင်လည်း အလှစိုက်ပန်းပင်များ မရှိသလောက်ပင် ဖြစ်သည်။ အဆိုးဆုံးမှာ နာရီစင်ကြီးရှိ အရပ်မျက်နှာ တစ်ခုစီမှ နာရီ ကြီးများတွင် အလှူရှင်အမည်များ ထိုးထားခြင်းပင် ဖြစ်သည်။

မြို့အင်္ဂါရပ်နှင့် မညီဟု ပြောရခြင်း၏ အဓိကအချက်မှာ မြို့သူမြို့သားများ အပန်းဖြေအနားယူနိုင်မည့် ပန်းခြံ မရှိခြင်းပင် ဖြစ်သည်။ ဤကိစ္စသည် အလွန်ဝမ်းနည်းစရာလည်း ကောင်း၏။ ခေတ်စနစ်မကောင်းသည့် ယခုကဲ့ သို့သော အချိန်ကာလမျိုးတွင် လူတို့သည် စားဝတ်နေရေးအတွက် တစ်နေကုန်တစ်နေခမ်း အလုပ်လုပ်ကြရလေ သည်။

တစ်နေ့တစ်မျိုး ပြောင်းလဲနေသော ကုန်စျေးနှုန်းကြားတွင် အလွန်မောပန်းနေကြရ၏။ သို့သော် ထိုသို့မောပန်းမှု များကို ခဏတာ ဖြေဖျောက်ပေးနိုင်မည့် လေကောင်းလေသန့်ရရှိသည့် အရိပ်ရပန်းခြံမျိုး ဤမြို့တွင် မရှိသေး ချေ။

ဤသို့ပြောလျှင် တာဝန်ရှိသူအချို့မှ ကန်တော်ကြီးအနီးရှိ မြေကွင်းပြင်ကြီးအား ထိုးပြကြပေလိမ့်မည်။ ထိုနေရာ သည် ခြံစည်းရိုး ကာရန်ထားသော ကွင်းပြင်ကြီးတစ်ခုသာ ဖြစ်သည်။ ပန်းခြံ မဟုတ်ချေ။ လွန်ခဲ့သည့်နှစ်များက ဘားဂျတ်ချ၍ ပန်းခြံအဖြစ် ပြုလုပ်ကြသည်ဟု ဆိုပါသည်။

သို့ပါသော်လည်း ယနေ့အချိန်ထိ အရိပ်ရပင်တစ်ပင်မှ မရှိဘဲ အုတ်ခုံတန်း အနည်းငယ်သာရှိပြီး မြက်ထူ ထပ် နေလေသည်။ ထိုနေရာကို ပန်းခြံဟုဆိုလျှင် ထိုသူတို့အား အရူးဟု သတ်မှတ်ရပါလိမ့်မည်။

ရခိုင်ပြည်၏ မြို့နယ်တိုင်းလိုလိုတွင် မြို့သူမြို့သားတို့ အပန်းဖြေနိုင်မည့် ပန်းခြံများရှိကြပြီး ကလေးသူငယ်တို့ အတွက် ကစားကွင်းများ ရှိကြလေသည်။ ဤမြို့တွင်မူ ပန်းခြံအပြင် ကလေးများ လျောစီး၊ ဒန်းစီး ကစားနိုင်မည့် နေရာတစ်ခုအား လှပစွာ မတွေ့ရှိရချေ။ ကလေးသူငယ်တို့၏ အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု ဆိုရမည်။

စစ်တွေမြို့ ဦးဥတ္တမပန်းခြံထဲက ကလေးကစားကွင်း ၊ ကျောက်တော်မြို့ မြစ်ကမ်းဘေးရှိ ဦးဥတ္တမနှင့် ကစ္ဆပ ပန်းခြံများထဲမှ ကလေးကစားကွင်းများ၊ အခြားမြို့များရှိ ကလေးကစားကွင်းများကို မြင်တွေ့ရလျှင် ဤမြို့နေ ကလေးသူငယ်များအတွက် အလွန်စိတ်မကောင်း ဖြစ်မိပါသည်။

အရိပ်ရအပင် တစ်ပင်မျှ မရှိသည့် ကန်တော်ကြီးဘေးရှိ ကွင်းပြင်တွင် ကလေးများအတွက် ကစားကွင်းငယ် တစ်ခုကို လုပ်ပေးခဲ့သော်လည်း တစ်နေကုန် နေပူထိုးသောကြောင့် ကလေးငယ်များ သွားရောက် မကစားနိုင်ခဲ့ ကြချေ။ ကလေးမကျ၊ လူကြီးမကျ သူတို့ ဖြစ်သလိုကစားကြ၍ ယခုပျက်စီးပြိုပျက် သွားလေပြီ။ ပြန်လည် ပြုပြင်မှုလည်း မရှိချေ။ ပြန်၍ ပြုပြင်မည်ဆိုလျှင်လည်း ထိုနေရာသည် သင့်တော့်သည့်နေရာ မဟုတ်ချေ။

သို့ဖြစ်၍ ဤမြို့တွင် လုပ်သားပြည်သူများ အပန်းဖြေလျှောက်လည်နိုင်မည့် ပန်းခြံတစ်ခုနှင့် ကလေးသူငယ်များ ပျော်ရွှင်စွာကစားနိုင်မည့် ကလေးကစားကွင်းတစ်ခု အမှန်လိုအပ်နေလေသည်။ အစိုးရဝန်ထမ်းများ အများစုနေ ထိုင်သည့်အတွက် ဝန်ထမ်းမြို့တော်ဟု ခေါ်ဆိုလေ့ရှိကြသော ဤမြို့တွင် သက်ပြည့်ပင်စင်စား ဝန်ထမ်းအဘိုး အဘွားများ အတွက် အနားယူအပန်းဖြေနိုင်မည့် နေရာကောင်း မရှိခြင်းကလည်း ထောက်ပြစရာပင် ဖြစ်သည်။

တစ်ချိန်က မေယုပန်းခြံအဖြစ် ရှိခဲ့သော သင်္ဘောဆိပ်အနီးရှိ ချောင်းကမ်းနံဘေးကို အများပြည်သူပိုင် ပန်းခြံ အဖြစ် ဖန်တီးရန် နောက်ကျနေပြီဟု လူမှုကွန်ရက်၌ ထောက်ပြခဲ့ဖူးပါသည်။ ထိုနေရာသည် အရိပ်ကောင်းသည်။ ပွိုင့်ကျသည်။ လေကောင်းလေသန့်ကိုရရှိပြီး မြင်ကွင်းများလည်း ကောင်းလေသည်။ ထိုနေရာ၌ ပန်ဇင်းချောင်း (ဘူးသီးတောင်ချောင်း)ကို နောက်ခံထား၍ WE LOVE BUTHITAUNG ဖြစ်ဖြစ်၊ အကျွန်ရို့ချစ်သည် စိုင်းတင်မြီ ဖြစ်ဖြစ် စိုက်ထူထားမည်ဆိုလျှင် အလွန်တင့်တယ်လှပမည်ပင် ဖြစ်သည်။

လူမှုကွန်ရက်၌ ထောက်ပြပြီးသည့်နောက်ပိုင်း ထိုနေရာကို သန့်ရှင်းရေးများပြုလုပ်ပြီး တိုင်းတာမှုများ ပြုလုပ်သည်ကို တွေ့ခဲ့ရသည်။ သို့သော်လည်း ယခုအချိန်ထိ အကောင်အထည်ဖော်မှု၊ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးချေ။

နောက်ပြီး ဤမြို့တွင် အမျိုးသားရေးကို တက်ကြွစွာဆောင်ရွက်တတ်သည့် လူတော်၊ လူကောင်းများ ရှိသော် လည်း အမျိုးသားရေးအတွက် စိတ်ဓာတ်ခွန်အားကို ပေးခဲ့သည့် ရခိုင့်ဂုဏ်‌ဆောင် ဆရာတော် ဦးဥတ္တမအတွက် နေရာသီးသန့် မရှိသေးချေ။ လွန်ခဲ့သည့်နှစ်နှစ်, သုံးနှစ်ခန့်မှစ၍ ရခိုင်ပြည်ရှိ မြို့နယ်များတွင် ဆရာတော် ဦးဥတ္တမ ပန်းခြံနှင့် ရုပ်ထုကို အမြတ်တနိုး စိုက်ထူလာကြသည်ကို တွေ့ရသည်။ ရခိုင်လူမျိုးတို့၏ အမျိုးသားရေး သင်္ကေတ တစ်ခုအဖြစ်လည်း စိုက်ထူလာကြခြင်း ဖြစ်သည်။ ဦးဥတ္တမရုပ်ထု မရှိလျှင်ပင် ရခိုင်မြို့ရွာများ မဟုတ် သည့်ပုံစံမျိုး ပြောကြသည်များလည်း ရှိလာကြသည်။

ရသေ့တောင်မြို့နယ် မယူကမ်း အရှေ့ဘက်ခြမ်းမှ ရွာကလေးများ၌ဆိုလျှင် ဦးဥတ္တမပန်းခြံနှင့် ရုပ်ထုများကို အားရ ကျေနပ်ဖွယ် တွေ့ရ မြင်ရသည်။ အခြားမြို့နယ်များတွင်လည်း ရှိကြသည်။ သို့သော် လူမှုပရဟိတ အဖွဲ့ အစည်းများ ရေတွက်၍ မနိုင်လောက်အောင် ရှိနေသည့် ဤဘူးသီးတောင်မြို့ကလေးတွင်မူ ဦးဥတ္တမပန်းခြံတစ်ခု မရှိသလို ရုပ်ထုလည်း မရှိချေ။ ဦးဥတ္တမအတွက် ဂုဏ်ပြုပန်းခွေချရန် နေရာမရှိသလို အခမ်းအနားကျင်းပရန် နေရာလည်း မရှိချေ။

ထိုသို့အပန်းဖြေမည့် နေရာများ မရှိသလောက်နည်းပါး သကဲ့သို့ ထင်ရှားပြီး လည်ပတ်ကြည့်ရှုစရာ နေရာများ လည်း အလွန်နည်းပါး‌သော မြို့ငယ်ဖြစ်သည်။ ဤသို့နည်းပါးသည့်ကြားက မြို့နယ်၏ အထင်ကရ စေတီကြီး တစ်ဆူဖြစ်သည့် သုံးဆယ့်တစ်ဘုံ စေတီကြီးအား ဖူးတွေ့လည်ပတ်ခွင့် ဆုံးရှုံးနေခြင်းကလည်း စိတ်မကောင်း စရာပင် ဖြစ်သည်။

ပွင့်လင်းရာသီများ၌ စိုင်တင်ရေတံခွန်ကြီးသည် အလွန်လူကြိုက်များပြီး အလွန်စည်ကားသော အပန်းဖြေနေရာ တစ်ခုဖြစ်သည်။ ထိုရေတံခွန်နှင့်အတူ သမိုင်းဝင် ဒုံးသိမ်ပုထိုးနှင့် သုံးဆယ့်တစ်ဘုံစေတီကြီးသည်လည်း အစည် ကားဆုံး ဘုရားများ ဖြစ်ကြလေသည်။

သို့သော်လည်း ရခိုင်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း၊ တိတိကျကျပြောရ လျှင် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် သုံးဆယ့်တစ်ဘုံ စေတီကြီးသည် လူအများ ဖူးတွေ့ခွင့် မရရှိတော့သည့် စေတီ ကြီး တစ်ဆူ ဖြစ်လာလေသည်။ အကြောင်းမှာ ထိုစေတီကြီးတစ်ဝိုက်အား မြန်မာစစ်တပ်မှ တပ်စွဲထားပြီး စေတီ ကြီးပတ်ဝန်းကျင်မှ ရွာသူရွာသားများ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့် ထိုရွာများကို ရွာသူရွာသားများအလိုကျ ပြန်လည်တည်ဆောက်နေထိုင်ခွင့်ပြုပြီး စေတီကြီးအနီးပတ်ဝန်းကျင်မှ စစ်တပ်ကို ဖယ်ပေးမည်ဆိုလျှင် အလွန်ဝမ်းသာစရာ ကောင်းပါမည်။

ထိုစေတီကြီးသည် ဘူးသီးတောင်မြို့နယ် အောက်ပိုင်းကျေးရွာအများစု၏ တန်ဖိုးထားကိုးကွယ်ရာ စေတီကြီးတစ်ဆူ ဖြစ်သည်။ ထိုစေတီကြီးအား ဘူးသီးတောင် တစ်မြို့နယ်သားလုံး ဖူးမျှော်ချင်နေကြသည်။ သို့ပါသော်လည်း ဖူးတွေ့ခွင့် မရရှိသည်မှာ လေးနှစ်ကျော်ခန့် ရှိနေပြီဖြစ်သည်။

သို့ဖြစ်၍ လာမည့်ပွင့်လင်းရာသီတွင် ဖူးတွေ့ခွင့်ရမည်ဆိုလျှင် အလွန်ကျေနပ်ဖွယ် ကောင်းပေမည်။ မြို့သည်လည်း ဧည်သည့်အာဂန္တုများနှင့် အလွန်စည်ကားလာနိုင်သည်။ တာဝန်ရှိသူ အစိုးရအနေဖြင့် ဤဘုရားအား အများပြည်သူဖူးတွေ့ခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မည်ဆိုလျှင် လူအများ၏ မေတ္တာဓာတ်ကို ပိုရရှိမည်မှာ အသေချာပင်ဖြစ်သည်။

ဤကား ကျွန်တော်ချစ်သည့် မြို့၏ လိုအပ်ချက်များပင် ဖြစ်နေသည်။ ဤမြို့သည် မယူတောင်၊ မယူမြစ်ဖျားရပ်ဝန်းနှင့် စိုင်းတင်တောင်တန်းကြားတွင် အလွန်လှပ သာယာနေခဲ့သည့်အတွက် အင်္ဂလိပ်တို့က ဗျူးတီးတောင် (Beauty town) ဟု ခေါ်ခဲ့ကြကြောင်း ပါးစပ်ရာဇဝင် ရှိလေသည်။ ထိုဗျူးတီးတောင်မြို့သည် ယခုအချိန်တွင် မပြည့်စုံနိုင်သေးသည့် လိုအပ်ချက်များစွာနှင့် မလှမပ ဖြစ်နေရလေသည်။

သို့ဖြစ်၍ ဤမြို့ကလေး တိုးတက်ဖွံ့ဖြိုးပြည်စုံရန် တာဝန်ရှိသူတို့အနေဖြင့် မျက်လုံးကိုဖွင့်၊ နားကိုစွင့်၍ ဦးစားပေးလုပ်ပေးသင့်သည့်အရာကိုလုပ်ပြီး၊ ပြုပြင်သင့်သည်များကို ပြုပြင်ပေးရန် လိုအပ်နေပါသည်။

Most read this week

December 23, 2024
“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင်...
December 21, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု...
December 20, 2024
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ...
December 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA...