ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths က စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအနှံ့ အကူအညီပေးနိုင်ရေး ကြိုးပမ်းမှုသည် သိသာစွာ အောင် မြင်မှုကင်းမဲ့နေကြောင်း ဒေသတွင်းနှင့်နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၀၀ ကျော်က ပူးတွဲ ထုတ်ပြန် ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
UNOCHA ၏ အကြီးအကဲ တစ်ဦးအနေဖြင့် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း နိုင်ငံအနှံ့ အကူ အညီ ဝင်ရောက်ခွင့် ရလဒ်များအား ပြည်သူလူထုထံ ပြန်လည်ချမပြနိုင်သည့်အပြင် အကြပ်အတည်း ဖြစ်နေ သော မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ကို UNOCHA က ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်း ကလည်း ထောက်ပြစရာဖြစ်လာသည်ဟု ဆိုသည်။
ဩဂုတ်လ (၂၂) ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ပါ ပြောခွင့်ရသူလည်းဖြစ်၊ ရှေ့ပြေးအသံအဖွဲ့(PV)၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက ယခုကဲ့သို့ ပြောသည်။
“မြေပြင်မှာ ထိထိရောက်ရောက်လုပ်ဆောင်နိုင်တဲ့NUG လို ERO တွေလို နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အ စည်းတွေ၊ အင်အားစုတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ UNOCHA က ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ စစ်ကောင်စီကိုပဲ သွား ချဉ်းကပ်နေတာဟာ မှားယွင်းတယ်လို့ ကျမတို့အနေနဲ့ထပ်ခါတလဲလဲ ပြောနေရတယ်။ ဒါတွေကြောင့်ပဲ မအောင် မြင်ဘူးလို့ ပြောတာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် UNOCHA အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လူသားချင်း စာနာမှုအကူအညီများအား လက်နက်သဖွယ်အသုံးချနေသော တရားမဝင်စစ်ကောင်စီနှင့် ချိတ်ဆက် လုပ်ဆောင် နေမှုကို ဖြတ်တောက်ရမည်ဖြစ်သလို စစ်ကောင်စီက Mr. Martin Griffiths ၏ ခရီးစဥ်အား ဝါဒဖြန့်ချိရေးအဖြစ် အသုံးချခဲ့ခြင်းအတွက်လည်း စိုးရိမ်နေရကြောင်း ထောက်ပြပြောဆိုသည်။
ထို့အပြင် UNOCHA ၏ လုပ်ရပ်သည် တစ်နိုင်ငံလုံးအပေါ် ကျူးလွန်နေသော စစ်ကောင်စီ၏ အကြမ်းဖက် လုပ် ရပ်အား ပိုမိုအတင့်ရဲလာစေနိုင်ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီရရှိရေး အကြပ်အတည်းအား ပိုမိုဆိုးရွားလာစေမည် ဖြစ်သည်ဟုလည်း အရပ်ဖက်အဖွဲ့များက ဖြည့်စွက်ဖော်ပြထားသည်။
ထို့အတူ စစ်ကောင်စီက အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလုပ်ဆောင်နေသည့် သိန်းနှင့်ချီ သော စစ်ဘေးရှောင်များရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းသို့ UNOCHA လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် သွားရောက်နိုင်ရန် အရေးကြီးသည်ဟု ဆိုသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အပါအဝင် မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ထိရောက်သော အကူအညီအတွက် ပူးပေါင်းချိတ်ဆက်ရမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
(PV) ၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက “သူတို့ တကယ်လုပ်ရမယ့်အလုပ်က တိုင်းရင်းသားအင်အားစုတွေ နိုင်ငံ ရေး အဖွဲ့အစည်းတွေ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေနဲ့ သေချာချိတ်ဆက်မယ်ဆိုရင် ပိုပြီးအောင်မြင်တဲ့ လုပ် ဆောင်ချက် ဖြစ်မှာပါ။ နေပြည်တော်ကို သွားနေတာတွေ မလုပ်တော့ဘဲနဲ့ အခုဏက ပြောတဲ့အဖွဲ့အစည်းတွေနဲ့ အကူအညီ ထိရောက်မှုရှိဖို့ တွေ့ဆုံတိုင်ပင်ရမယ်။ ကျမတို့မှာ လမ်းကြောင်းတွေကရှိနေပြီးသား UNOCHA ဘက် ကသာလျှင် လမ်းဖွင့်ပြီး အတူပူးပေါင်းဆောင်ရွက်ရမှာပါ” ဟု ဖြည့်စွက်ပြောဆိုသည်။
OCHA အနေဖြင့် မအောင်မြင်သော လူသားချင်းစာနာမှု ပုံစံကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေမည့် အစား အမှန်တကယ်ဆောင်ရွက်နေသည့် ဒေသတွင်း အဖွဲ့အစည်းများထံသို့ ပံ့ပိုးကူညီမှုဖြင့် ဆန်းသစ် တီထွင်ရ မည် ဖြစ်သလို တရားဝင်မှုရှိသော သက်ဆိုင်သူများနှင့် ပူးပေါင်းခြင်းဖြင့်သာ နိုင်ငံတကာ ရာဇဝတ်မှု ဒဏ်ခံနေ ရသည့် လူထုအတွက် ထိရောက် ကျယ်ပြန့်သောအကူအညီကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက် တွင် တိုက်တွန်းထားသည်။
အဆိုပါ ထုတ်ပြန်ချက်အား အမည်မဖော်လိုသော အဖွဲ့အစည်းပေါင်း ၂၆၀ အပါအဝင် ရှေ့ပြေးအသံအဖွဲ့၊ ကရင် ငြိမ်းချမ်းရေးနှင့် အထောက်အကူပြု ကွန်ရက် (KPSN)၊ ကရင်အမျိုးသမီး အစည်းအရုံး (KWO)၊ ကရင် လူ့ အခွင့်အရေးအဖွဲ့ (KHRG) အစရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၅၁၄ ဖွဲ့မှ ပူးတွဲ လတ်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အလားတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှု အကူအညီများအတွက် ပြီးခဲ့ သည့် ဩဂုတ်လ (၂၁) ရက်နေ့က UNOCHA ၏ အကြီးအကဲနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံမှု လုပ်ဆောင်ခဲ့သလို ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု လမ်းကြောင်း အတိုင်း ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အပြောင်းအလဲ လုပ်ဆောင်ရန်လိုကြောင်း ပြောဆိုထားသည်။