ဖာပွန်တွင် ဆန်ရှားပါးလာပြီး ဝယ်ယူ၍မရသဖြင့် ဒေသခံတချို့ဆန်ပြုတ်စားနေရ

ဖာပွန်တွင် ဆန်ရှားပါးလာပြီး ဝယ်ယူ၍မရသဖြင့် ဒေသခံတချို့ဆန်ပြုတ်စားနေရ

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်စျေးနှုန်းအဆမတန်မြင့်တက် သည့်အပြင် လမ်း ပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ဆန်ရှားပါးပြီး ဝယ်ယူ၍မရသောကြောင့် မြို့နေ ဒေသခံပြည်သူ အချို့ ဆန်ပြုတ် စားနေရသည့် အခြေအနေအထိ ရောက်ရှိလာကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

သြဂုတ်လမှစ၍ ဖာပွန်မြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ၂ သိန်းကျပ်အထိရှိလာနေသည်။

သယ်ယူပို့ ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ကုန်းလမ်း၊ ရေလမ်းများကို ပြီးခဲ့သည့် မေလမှစ၍ နယ်ခြား စောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်တို့က ပိတ်ဆို့ထားသောကြောင့် အခြေခံစား သောက်ကုန်များကို ဝယ်ယူ၍ မရသည့်အပြင် တောင်ယာစပါးခင်းများကလည်း တိုက်ပွဲများကြောင့် လုပ်ကိုင်၍မရကြသောကြောင့် ဆန်ရှားပါးလာခြင်း ဖြစ်သည်ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။

ဖာပွန်မြို့ခံတစ်ဦးက “အခုဆန်က တအားဒုက္ခရောက်နေပြီး။ ပေါ်ဆန်းမွှေးနည်းနည်း ကောင်းတဲ့ဆန်တွေဆိုရင် တစ်ပြည်ကို သုံးသောင်းဖြစ်သွားပြီး။ ရှေ့ဆက်ဆိုရင် လယ်လည်းမလုပ်ရတော့ ပိုပြီးဒုက္ခ ရောက်ကြမယ်။ ဒီမှာ ဆန်ပြုတ်စားရတဲ့လူတွေ အများကြီးရှိနေတယ်။ အခုက ကုန်းလမ်းလည်းမရဘူး။ ရေလမ်း ဆိုလည်း စက်လှေ တစ်စီး တက်ဖို့မရှိဘူး။ ဆီဆိုလည်း တစ်အားစျေးကြီးတယ်။ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့် အကုန်လုံးတစ်ခုမှ အဝင် မရှိတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်လပိုင်းက အခြေခံစားနပ်ရိက္ခာ သယ်ယူနိုင်သည့် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် တပိုင်တနိုင် သယ်ယူရရှိ နိုင်သော်လည်း လက်ရှိတွင် အခြေခံစားသောက်ကုန်လမ်းကြောင်းကို ဖြတ်တောက်မှု ကာလကြာမြင့်လာသည် နှင့် အမျှ ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။

ထို့အပြင် ဖာပွန်မြို့ရှိ ကျေးရွာများအတွင်းမှ အချို့သောအခြေခံလူတန်စားများနှင့် နေ့စား အလုပ်သမားများက ကျေးရွာအတွင်း ဆန်ရှိသည့်လူများထံမှ ခွဲဝေစားသောက်နေရကြောင်း အဆိုပါ ဖာပွန်မြို့ခံက ယခုကဲ့သို့ ဖြည့် စွက်ပြောသည်။

“တချို့လူတွေဆန်ဝယ်မရလို့ ကျမအိမ်ကို နေ့တိုင်းလာကြတယ်။ တစ်ယောက်လာရင် တစ်ပြည်လေးခွဲ ပေးပါ အုံး။ ၁၂ နာရီထိုးနေပြီး ထမင်းမချက်ရသေးဘူး။ အမျိုးမျိုးပဲ ဒုက္ခရောက်နေကြတယ်။ ကျမလည်း ဆန်ရှိတုန်းက တစ်ယောက်လာရင် တစ်ပြည်တစ်ပြည်ခွဲပေးတယ်။ ဘယ်မှာမှ ရှာဝယ်မရတော့ ကျမလည်း ခွဲပေးလို့မရတော့ ဘူး” ဟု ၎င်းက ပြောသည်။

ဖာပွန်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်နေသကဲ့သို့ အခြားသော ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ မြဝတီနှင့် ကော့ကရိတ်စသည့် မြို့များတွင်လည်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...