ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေလမ်းကို တိုးချဲ့ရန်ဟုဆိုကာ စစ်တွေကမ်းခြေ ဟိုတယ်အနီးရှိ စားသောက်ဆိုင် ၁၆ ဆိုင်အား မြို့နယ်စည်ပင်က နှစ်ပတ်အတွင်း ဖယ်ရှားခိုင်းထားသည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေ စည်ပင်သာယာရေးအဖွဲ့က သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေပွိုင့်ကမ်းခြေရှိ စစ်တွေ ဟိုတယ် အနီး တွင် တည်ဆောက်ထားကြသော ဆိုင်ခန်းပိုင်ရှင်များအား လုပ်ငန်းကိစ္စ ဆွေးနွေးပွဲရှိသည်ဟုဆိုကာ စစ်တွေခရိုင် စည်ပင်သာယာရေးရုံးသို့ အစည်းအဝေးခေါ်ယူခဲ့သည်။
ထိုအစည်းအဝေးတွင် စစ်တွေကမ်းခြေ၏ ကမ်းနားလမ်းအား တိုးချဲ့ရန်အတွက် လမ်းဧရိယာတွင် ပါဝင်နေသည် ဟုဆိုကာ အဆိုပါဆိုင်ခန်းများကို နှစ်ပတ်အတွင်း ဖြိုချဖယ်ရှားပေးရန် မြို့နယ်စည်ပင်က စေခိုင်းခဲ့သည်ဟု ဆိုင် ပိုင်ရှင်များက ပြောသည်။
ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက “နှစ်ပတ်အတွင်း ကိုယ့်ဘာသာကိုယ်ဖြိုရင် ကိုယ့်ပစ္စည်းတွေကို ကိုယ်ရမယ်။ ကိုယ့်စိတ်ကိုယ့်သဘောထားနဲ့ မဖြိုရင် စက်ကိရိယာတွေနဲ့ သူတို့လာဖြိုမယ်ဆိုပြီး ကျမတို့ကို ခြိမ်းခြောက် ပါတယ်” ဟု ပြောသည်။
ဖြိုဖျက်ပေးရန် ဖိအားပေးခံနေရသည့် ဆိုင်ခန်းများမှာ စစ်တွေဟိုတယ်အနီးရှိ ကြည်နူးရိပ်နှင့် ဟုမ်းလီ စား သောက်နှစ်ဆိုင်မှအပ ကျန်သည့် ဆိုင် ၁၆ ဆိုင်လုံး ပါဝင်သည်။
အဆိုပါဆိုင်များထဲတွင် အများစုမှာ စားသောက်ဆိုင်များ ဖြစ်ပြီး လက်ဘက်ရည်ဆိုင်နှင့် အအေးဆိုင်များလည်း ပါဝင်သည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ဆိုင်ခန်းများကို ဖျက်သိမ်းပြောင်းရွှေ့ပေးရပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ စီးပွားရေးကိုပါ ထိခိုက်မှုရှိနေသည်ဟု အခြားဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဆိုင်မျက်နှာစာတွေကို ဖယ်ပေးမယ်ဆိုလည်း မရဘူးလို့ပြောတယ်။ အားလုံးဖယ်ပေးရမယ်တဲ့။ ကျမတို့က လုံးဝ မဖယ်ရှားပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ကျမတို့ကို ဒီနေရာလိုမျိုး လုပ်ကိုင်စားသောက်လို့ရမယ့် နေ ရာ တစ်ခုလောက် စီစဉ်ပေးမယ်ဆိုရင် ကျွန်မတို့က လက်ခံတယ်။ အခုလောလောဆယ်မှာတော့ ဒီနေရာက ဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါဆိုင်ခန်းများအား နှစ်ပတ်အတွင်း ဖြိုဖျက်ပေးရန် မြို့နယ်စည်ပင်က သြဂုတ်လ ၁၃ ရက်နေ့တွင်လည်း ဆိုင်ခန်းပိုင်ရှင်များထံ ထပ်မံ စာပေးပို့ ခိုင်းထားသည်။
အဆိုပါစာထဲတွင် စစ်တွေမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စစ်တွေဟိုတယ်ကမ်းခြေရှိ ယာယီ ဆိုင်ခန်းများသည် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဆိုင်ခန်းများအား အသစ် ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့၍ အခိုင်အမာ ဆောက်လုပ်ရောင်းချနေခြင်းများအား တွေ့ရ၍ ရခိုင်ပြည် နယ်စည်ပင်သာယာရေးဥပဒေနှင့်အညီ အသိပေးအကြောင်းကြားစာများ ပေးပို့ထားပြီဖြစ်သည်ဟု ဆိုထား သည်။
ယင်းအပြင် အဆိုပါစာထဲတွင် “ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)နှင့်(ခ)၊ ဥပဒေပုဒ်မ ၆၆(က)နှင့် (ခ)တို့အရလည်း အများပြည်သူနှင့်သက်ဆိုင်သည့်လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွား စင်္ကြန်တစ်ခုခုပေါ်တွင် ကျူးကျော်၍ အဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ တစိတ်တစ်ဒေသကိုဖြစ်စေ ဆောက်လုပ်ခြင်းမပြုရ၊ ပိတ်ဆို့၍ အခြားပစ္စည်းတစ်ခုခုကို ဖြန့်ထားခြင်း၊ ဆွဲထားခြင်း၊ နေလှန်းခြင်းမပြုရဟု တားမြစ်ထားပြီးဖြစ်၍ လုပ်ငန်းလိုအပ်ချက်အရ လူကြီးမင်းတို့ဆောက်လုပ်ထားသော ယာယီစျေးဆိုင်များအား ၂၆-၈-၂ဝ၂၃ ရက်နေ့ကို နောက်ဆုံးထား၍ အပြီးအစီး ဖယ်ရှားရှင်းလင်းရွေ့ပြောင်းပေးရန် အကြောင်းကြားပါ သည်” ဟု ဖော်ပြထားသည်။
အဆိုပါဆိုင်ခန်းများသည် ထိုနေရာတွင် ကျူးကျော် ပြောင်းရွေ့နေထိုင်လာခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် သမ္မတ ဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံက မြို့နယ်စည်ပင် သာယာလှပရန်ဟု ဆိုကာ ၂ဝ၁၃ ခုနှစ်တွင် စနစ်တကျ နေရာချထားပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက “သူတို့ ပါးစပ်ကတော့ အဲဒီတုန်းက ပြောလို့ တစ်ခုရှိပါတယ်။ မိဘဆီက အမွေပေးသလို မှတ်ပါဆိုပြီးတော့ စကားတစ်ခွန်းတော့ ပြောလို့ရှိခဲ့ပါတယ်။ စာရွက်စာတမ်း တစ်စုံတစ်ရာတော့ ပေးလို့ မရှိခဲ့ဘူး” ဟု ပြောသည်။
ထိုသို့ ချထားပေးခဲ့ရာတွင် တစ်ဦးချင်းစီကို အကွက်ရိုက်ကာ ချထားပေးခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကပင် ယခုထိ အာဏာပိုင်များထံ ဆိုင်ခန်းငှားရမ်းခများလည်း ပေးဆောင်ခဲ့ရခြင်းမျိုး မရှိခဲ့သလို အာဏာပိုင်များဘက်ကလည်း တောင်းခံခဲ့ခြင်းများလည်း မရှိခဲ့ဘူးဟု ဆိုကြသည်။
ဆိုင်ခန်းပိုင်ရှင်အမျိုးသားတစ်ဦးက “ဒီနေရာမှာ ကျနော်တို့ ကိုယ့်ဟာနဲ့ကိုယ်လာပြီးတော့ ကျူးကျော်နေတာ မဟုတ်ဘူး။ ကမ်းခြေမှာ သူတို့တွေက ရေးဆွဲပြီးတော့ ၁၆ ဆိုင်ကို နေရာ သူတို့ကိုယ်တိုင်ချထားပေးခဲ့တာ။ ဒါကို မနေ့ကမှ ကျနော်တို့ကို ကျူးဆိုပြီးတော့ သူတို့က သတ်မှတ်လာတယ်။ အမှန်တော့ ကျနော်တို့က ကျူးမဟုတ် ဘူး” ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့်လည်း ပျက်စီးသွား ခဲ့သည့် အဆိုပါ ဆိုင်ခန်းများကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ပြန်လည်နာလန်ထူခါစ၌ ယခုကဲ့သို့ ပြန်လည် ဖျက် သိမ်းပေးရမည်ဆိုပါက အခက်အခဲများစွာရှိသည်ဟု ပြောကြသည်။
လက်ရှိတွင် အဆိုပါဆိုင်ခန်းများအား ဖယ်ရှားခိုင်းပါက ဆိုင်ခန်းပိုင်ရှင်များ၏ မိသားစုများနှင့် ဝန်ထမ်းများ၏ မိသားစုဘဝများကို ငဲ့ညှာသနားသောအားဖြင့် ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန် အသနားခံစာ တစ်စောင်ကို မြို့နယ်စည်ပင် အဖွဲ့သို့ တင်ပြရန် စီစဉ်နေကြသည်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။