၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်းကေနှင့် အပေါင်းပါတို့ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း အာဇာနည်ဆန်စွာ ကျဆုံးသွားရ သည့်နေ့ ဖြစ်သည်။
စောဘဦးကြီးကို ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှ မိုင် ၄ဝခန့်ကွာဝေးသော “ဘဲဂယက်”ရွာ၌ ၁၉၀၅ခုနှစ်က မွေးဖွားခဲ့ ဖြစ်ပြီး ဖခင်မှာ စောသာမြတ်ကြီး ဖြစ်သည်။ သူသည် ကေအဲန်ယူ ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် မကျဆုံးမီ အမျိုး သားညီလာခံကို ၁၉၅ဝခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ဦးဆောင် ကျင်းပခဲ့သည်။
ထိုညီလာခံ၌ ဘဦးကြီးမူ လေးချက်ကို တရားဝင် ရေးသားခဲ့ပြီး ၎င်းအချိန်က မော်ချီးရှိ ကော်သူးလေ အသံလွှင့် ဌာနမှ ကြေညာလေသည်။
၎င်းမူ (၄)ချက်မှာ …….
၁။ လက်နက်ချစကား အလျဉ်းမပြောရ
၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်
၃။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်
၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်
မူ(၄)ချက်ကို ကြေညာပြီးနောက် စောဘဦးကြီးသည် အရေးကြီးကိစ္စဖြင့် ကော့ကရိတ်ဘက် ဆင်းသွားခဲ့သည်။
တာဝန် ကို လေးစားခြင်း၊ မိမိအမျိုးသားများကို ယုံကြည်ခြင်းများကြောင့် တပ်စိပ်တစ်စိပ်နှင့် မိုးသည်းထန်စွာ ရွာသွန်းကာ ချောင်းရေကြီးသည့်အချိန် ခရီးဆက်ခဲ့ရာ နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာသို့ရောက်သော် ထီးစွမ်း ရွာသား မောင်အဲသည် ကောင်းစွာ ကြိုဆိုသယောင်နှင့် သတင်းတိကျစွာယူ၍ နဘူးမြို့ရှိ ရန်သူတပ်ကို သွား ရောက်သတင်းပေးသဖြင့် ဥက္ကဋ္ဌ စောဘဦးကြီးနေသည့် တဲမှာ ညအချိန် မိုးထဲရေထဲ ဝိုင်းထားခံခဲ့ရသည်။
ထို့နောက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်း တိုက်ခိုက်လေရာ ဥက္ကဋ္ဌ စောဘဦးကြီးတို့မှာ အင်အား နည်းသော်လည်း အညံ့မခံဘဲ အပြန်အလှန် ခုခံတိုက် ခိုက်ရင်း အသက်ပေးလှူသွားခဲ့ရသည်။
ရန်သူကို လက်မမြောက် အရှုံးမပေးဘဲ ရဲရင့်ပြတ်သားစွာ အပြန်အလှန် ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ ကျဆုံး ခဲ့သော ဩဂုတ်လ (၁၂) ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ယနေ့ထိတိုင် ဂုဏ်ပြုခဲ့ ကြသည်။
စောဘဦးကြီး၏ ထူးခြားချက် (၇)ချက်
၁။ ပညာစွန့်လွှတ်ခြင်း – (Bar At Law)ဖြင့် ဗြိတိသျှအင်ပါယာ တစ်ခုလုံး ရှေ့နေလိုက်ခွင့်ရသော်လည်း လူမျိုးနှင့် တိုင်းပြည်အတွက် နေရပ်ပြန်လာခဲ့သည်။
၂။ သားမယား စွန့်လွှတ်ခြင်း – စစ်အတွင်း မိသားစုလုံခြုံရေးအတွက် အဂင်္လန်သို့ပြန်သွားသည့် ဇနီး၊ သားသမီး နောက်သို့ မလိုက်ဘဲ ကရင့်နိုင်ငံရေး လိုအပ်ချက်အရ မိမိဘဝကို မြုပ်နှံခဲ့သည်။
၃။ ရာထူးစွန့်လွှတ်ခြင်း – ၁၉၄၇ အောက်တိုဘာလတွင် (KNU) မော်လမြိုင်ညီလာခံ၌ ကရင်ပြည်မရရှိပါက အစိုးရအဖွဲ့ အတွင်းရှိ ကရင်ခေါင်းဆောင်များ မိမိရာထူးမှ နုတ်ထွက်ရန်ဆိုသော ဆုံးဖြတ်ချက်အရ ကရင်အမျိုး သား နိုင်ငံရေးအတွက် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။
၄။ ကရင်ပြည်သူများအား နိုင်ငံရေးလမ်းပြခဲ့ခြင်း – ပင်လုံကတိကဝတ်များမှ လွှဲချော်ခဲ့သည့် ၁၉၄၇ အခြေခံ ဥပဒေကို ဆန့်ကျင်၍ ကရင်ပြည်သူတို့အား ဒီမိုကရေစီနည်းကျကျ နိုင်ငံရေးလမ်းပြခဲ့ပြီး ကရင့်ကြွေးကြော်သံ (မူ) ချပေးခဲ့သည်။
(က) ကရင်ပြည် ချက်ချင်းပေး
(ခ) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ
(ဂ) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ
(ဃ) ပြည်တွင်းစစ် အလိုမရှိ
၁၉၅ဝ ဖာပွန်ကွန်ဂရက်တွင် လမ်းညွှန်ခဲ့သည့်စကားများ
– ကရင့်တော်လှန်ရေးသည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်သည်။
– ကရင်တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသရွေ့ ကရင့်တော်လှန်ရေး ဘယ်တော့မှ မရှုံးဘူး။
ကရင်ပြည်ရရှိရေး နည်းလမ်း (၃)သွယ်
– ရန်သူက ပေးချင်သောဆန္ဒကြောင့်ရခြင်း
– ရန်သူကို အနိုင်တိုက်၍ရခြင်း
– ပြည်ပအခြေအနေ တွန်းပို့မှုကြောင့်ရခြင်း တို့အပြင် မူလေးချက်ကိုပါ ချမှတ်ပေးခဲ့သည်။
၅။ အကြီးမားဆုံး စည်းရုံးနိုင်ခဲ့ခြင်း – ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်လူထုဆန္ဒပြပွဲကို ဦး ဆောင်နိုင်ခဲ့သည်။ ထိုနေ့တွင် တစ်ပြည်လုံး ကရင်လူထုအင်အား ၄ သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
၆။ စီးပွားစွန့်လွှတ်ခြင်း – မအူပင်ဘဏ် ဖောက်ထွင်းမှုတွင် ကရင်လူငယ် (၁၉)ဦး ပါဝင်ခဲ့သည့်ကိစ္စ ကရင့် ဂုဏ်သိက္ခာ ထိန်းသိမ်းရေးအတွက် မိမိပိုင်ဆိုင်သည့် လယ်ဧက (၁၀၀၀)ဖြင့် ပေးလျော်ရန် ကတိပေးခဲ့သည်။
၇။ အသက်စွန့်လွှတ်ခြင်း – ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကူးရွာ၌ ကရင်တစ် မျိုးသားလုံးနှင့် ကရင့်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။