တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ

တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ
တနိုင်းမြို့ ဆိုင်းဘုတ်
တနိုင်းမြို့ ဆိုင်းဘုတ်

ကချင်ပြည်နယ်၊ တနိုင်းမြို့အထက်တွင် ရှိသည့် ပယင်းမှော်နှင့် ရွှေမှော် နေရာ ၃ နေရာက ပြည်သူများကို အဆိုပါ မှော်များထဲက ထွက်ခွာကြဖို့ စစ်တပ်ကပြောဆိုလိုက်သည့် နောက် လက်ရှိ တနိုင်းမြို့ပေါ်တွင် လူဦးရေ တစ် ထောင်ကျော်ခန့် သောင်တင်နေကြသည်ဟု မြို့ခံများ က ပြောသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က စပြီး ဇူလိုင်လ ၃၀ ရက်နေ့အတွင်းမှာ မှော်အသီးသီးမှ ထွက်ခွာရန် ပြောဆိုထားခြင်းကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး ထွက်ခွာလာကြရာ ယခု တနိုင်းမြို့ပေါ်တွင် သောင်တင်နေကြသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိလာပြီဟု တနိုင်းဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ရွှေမှော် ပယင်း အဲ့နေရာတွေမှာ ရှိတဲ့သူတွေကို ထွက်ဖို့ပြောလို့ အများကြီးထွက်လာကြတယ်။ အခုဒီမှာ သောင် တင်နေတာ တစ်ထောင်ကျော်လောက် ရှိတယ်။ ဒီတနိုင်းမြို့ပေါ်မှာ တင်မဟုတ်ဘူး။ မိုင်းခွန်နေရာတွေမှာလည်း အများကြီးရှိတယ်လို့ ကြားတယ်။ တည်းမယ့်နေရာတောင် မရှိသလောက် ဖြစ်သွားတယ်။ အားလုံးက လုံခြုံရေး ကြောင့် ကြောက်လို့ထွက်လာကြ တာဖြစ်တယ်” ဟု ပြောသည်။

စစ်တပ်က နှစ်ပတ်အတတွင်း ထွက်သွားကြဖို့ သတိပေးပြောဆိုလိုက်သည့် ပယင်းမှော်နှင့် ရွှေမှော် နေရာ ၃ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၄၃ နယ်မြေမှာထဲတွင် ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။

လက်ရှိ တနိုင်းမြို့ပေါ်တွင် သောင်တင်နေကြတဲ့ ပြည်သူများမှာ နမ့်ကဝပ့်၊ လပူခ၊ ပယင်းမှော် စသည့် ရွှေနှင့် ပယင်းမှော်များက ဖြစ်ကြပြီး တည်းခိုခန်း၊ ဘုရားကျောင်းဝင်းနေရာနှင့် ဆွေမျိုးနီးစပ်များ၏ အိမ်များတွင် နေနေကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီဘက်မှ ရွှေနှင့် ပယင်းမှော်များထဲက ထွက်ခွာကြဖို့ ပြောဆိုလိုက်ခြင်းသည် ၎င်းတို့၏ ဝင်ငွေအတွက် လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံနေသည်များလည်း ရှိနေသည်ဟုလည်း တနိုင်းဒေသခံ အချို့က ပြောသည်။

တနိုင်းဒေသခံတစ်ဦးက “အခုသူတို့ မှော်ထဲကို ဝင်ရမလား ဝင်ရမလားဆိုပြီးစောင့်နေကြတယ်။ စစ်တပ်ဘက်နေ လုပ်ငန်းရှင်တွေကို ငွေကြေးတောင်းနေတယ်လို့ကြားတယ်။ မှော်ထဲကို ပြန်ဝင်နိုင်ဖို့အတွက် သိန်းခုနှစ်ရာနဲ့ ရှစ် ရာ တောင်းနေတယ်လို့ပြောတယ်။ အဲ့ကြောင့် အခု လုပ်ငန်းရှင်တွေနဲ့ ပြန်ညှိနေကြဆဲဖြစ်တယ်လို့ မှော်ထဲကို ပြန်ဝင်ကြမယ့် သူတွေကပြောပြတယ်” ဟု ပြောသည်။

လက်ရှိ ရွှေမှော်ထဲပြန်ဝင်၍ လုပ်ငန်းများ ပြန်လည်ပတ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က ငွေကြေး တောင်းခံ လျှက်ရှိရာ ညှိနှိုင်းနေကြသည့်အတွက် အချိန်ကြန့်ကြာနေပြီး ပြည်သူများက တနိုင်းမြို့ပေါ်တွင် သောင်တင်နေဆဲ ဖြစ်သည်ဟု ဆိုကြသည်။

ထို့အပြင် စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်ဘက်သို့ စက်သုံးဆီ သယ်ယူတင်သွင်းခွင့်များကိုလည်း ပြီးခဲ့သည့် ဇွန်လမှစတင်၍ ပိတ်ပင်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်က သိုလှောင်ထားသည့် စက်သုံးဆီများကို ကိုယ်စားလှယ်များထံမှ တဆင့် ဖြန်ဖြူးရောင်းချပေးနေသည်ဟု တနိုင်းဒေသခံများက ပြောသည်။

သို့သော် စစ်တပ်က ရောင်းချပေးနေသည့် စက်သုံးဆီမှာ တစ်ပေပါကို ကျပ် ၁၀ သိန်း အထက်၊ တစ်ဂါလံကို ကျပ် ၄ သောင်းဝန်းကျင်အထိရှိသောကြောင့် လုပ်ငန်းရှင်များက စက်သုံးဆီများ ပြတ်လပ်ကာ ရွှေနှင့် ပယင်း မှော်များမှ ထွက်ခွာလာကြသူများလည်း ရှိနေသည်။

စစ်ကောင်စီတပ်က ထွက်ခွာကြဖို့ ပြောဆိုထားသည့် ပယင်းမှော်နှင့် ရွှေမှော် နေရာ ၃ နေရာမှာ စစ်တပ်ကို ငွေ ကြေးပေးဆောင်ပြီး စစ်တပ်၏ အကာအကွယ်ကို ယူ၍ ဆက်လက် လုပ်ငန်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ လည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က တနိုင်းဒေသအတွင်း စက်သုံးဆီသယ်ယူခွင့်ပိတ်ပင်ခြင်း၊ ရွှေနှင့် ပယင်းမှော်များထဲ လုပ်ကိုင်နေသူ များကို ထွက်ခိုင်းခြင်းတို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပိတ်ဆို့ရန်အတွက် ဖြစ်သည်ဟု ပြောဆို မှုအချို့ ရှိနေသော်လည်း အဓိကမှာ စစ်တပ်က ၎င်းတို့ဝင်ငွေအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု သုံးသပ်ပြောဆိုသူများလည်း ရှိနေသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...