စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရွာသစ်မြို့ထဲ ဒေသခံငါးရာဝန်းကျင် ပိတ်မိနေပြီး ဆက်သွယ်ရေးခက်ခဲနေ

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရွာသစ်မြို့ထဲ ဒေသခံငါးရာဝန်းကျင် ပိတ်မိနေပြီး ဆက်သွယ်ရေးခက်ခဲနေ

ဇွန်လ ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်တပ်စွဲထားတဲ့ ကရင်နီပြည်၊ ဘောလခဲခရိုင် ရွာသစ်မြို့ အတွင်းမှာ မြို့ခံ ၅၀၀ ဝန်းကျင် ပိတ်မိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက မြို့ခံတွေကို မြို့ပြင် ထွက်ခွင့်တွေ ပိတ်ပင်ထားတယ်လို့ ရွာသစ်မြို့ခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြို့ပတ်ပတ်လည်ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့အတွက် မြို့ပြင်ထွက်သည် ဖြစ်စေ၊ မြို့ထဲကို ဝင်လာသည်ဖြစ်စေ တွေ့ရှိရင် ပစ်ခတ်တာကြောင့် ပိတ်မိနေသူတွေ မထွက်သွားရဲတဲ့ အပြင် မြို့အပြင်က ပြန် ဝင်လာချင်တဲ့သူတွေလည်း ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

“အပြင်ထွက်ရင်လည်း ပစ်တယ်၊ မြို့ထဲဝင်ရင်လည်း ပစ်တယ်။ ဝင်လာတဲ့သူတွေ တွေ့ရင်လည်း ပစ်သတ်တယ်။ မြို့ထဲကနေ ထွက်သွားတာတွေ့ရင်လည်း ပစ်သတ်တယ်လို့ ကျနော်တို့ ကြားတယ်” လို့ ရွာသစ်မြို့ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မြို့ပြင်ကို ထွက်သွားဖို့ ပြင်ဆင်နေတဲ့ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ် လိုက်တာကြောင့် သေဆုံးသွားသလို မြို့ထဲကို လမ်းလျှောက်သွားသူ နှစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုကြ ပါတယ်။

လက်ရှိမှာလည်း ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ သတင်းကြားရပြီး အတိအကျကိုတော့ မသိရှိရသေးဘူးလို့ အဆိုပါ ဒေသခံက ပြောပါတယ်။ မြို့ခံတွေကို ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတာ ဖြစ်နိုင်ပြီး လတ်တလောမှာ တော့ မြို့တွင်းမှာ ကျန်ရှိခဲ့တဲ့သူတွေနဲ့ ဆက်သွယ်လို့ မရသေးဘူးလို့ အဆိုပါ နီးစပ်တဲ့ ဒေသခံက ဆက် ပြောပါ တယ်။

“သူတို့ကို ဆက်သွယ်ဖို့ ဖုန်းလည်း တစ်ယောက်မှ မရဘူး။ ဘယ်လိုဆက်သွယ်ရမလဲဆိုတာလဲ မသိတော့ဘူး။ တော်တော်ခက်တယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာ ကျန်ရှိခဲ့တဲ့သူတွေဟာ ဘုန်းကြီးကျောင်းမှာ စုစည်းနေထိုင်ကြပြီး ရှိတဲ့ စားနပ်ရိက္ခာ တွေကို မျှဝေစားသုံးကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ရွာသစ်မြို့ ပတ်ပတ်လည်ကို ထိန်းချုပ်ထားတာဖြစ်ပြီး ရေရှည်ပိတ်မိနိုင်တဲ့အတွက် အဘက် ဘက်မှာ စိုးရိမ်နေရကြောင်း ပြီးခဲ့တဲ့ လပိုင်းတွင် ကြိုတင်တိမ်းရှောင်လာနိုင်ခဲ့တဲ့ ရွာသစ်မြို့ခံ တစ်ဦးက ပြောပါ တယ်။

“စစ်တပ်က ပေးမထွက်ဘူး။ သူတို့ ခွင့်ပြုချက်မပါပဲ ထွက်ရင်ပစ်တယ်။ ၁၁ ရက်နေ့ အမျိုးသမီး ၆ ယောက်ကို ဖမ်းသွားတယ် ပြောတယ်။ စားသောက်တာတော့ အိမ်ကို ပြန်ခိုင်းတော့ ပြန်ယူပြီး ဘုန်းကျောင်းမှာ စားသောက် ကြတယ်။ ဆိုင်တွေမှာ ပြန်ယူပြီး ဘုန်းကြီးကျောင်းမှာ ပြန်ရောင်းကြတယ်။ ဆေးတွေ၊ စားစရာတွေ အခုလော လောဆယ်တော့ ရှိသေးတယ်။ နောက်ပိုင်း အဲ့ဒါတွေကုန်ရင် ဘာလုပ်ရမလဲ စိတ်ပူတာ” လို့ အဆိုပါ ရွာသစ်မြို့ခံ က ပြောပါတယ်။

ဇူလိုင်လ (၁၂) ရက်နေ့မှာလည်း ရွာသစ်မြို့အနီးဘက်မှာ တိုက်ပွဲဖြစ်ပွားသံတွေ ကြားရပြီး လေယာဉ်ကနေ ဗုံးကြဲ တဲ့ အသံကိုလည်း အဝေးကနေကြားရတယ်လို့ ရွာသစ်မြို့နယ်အနီးက ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကရင်နီပြည်ကို တပ်အင်အားတွေ ဆက်လက် ဖြည့်တင်းနေဆဲဖြစ်ပြီး တပ်မ ၄၄၊ တပ်မ ၅၅၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၉၉ စတဲ့ တပ်မလေးခုအပြင် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲ မှုဌာနချုပ် (စကခ-၂)၊ (စကခ-၁၈) လက်အောက်ခံ တပ်ရင်းတွေကိုပါ ကရင်နီပြည်ကို ပို့ဆောင်ထားပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြပါတယ်။

ဒါ့အပြင် တပ်မ ၆၆ တပ်ရင်းရဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၁ (မင်းလှစစ်ကွင်း)၊ ခလရ-၁၁ (ဝါးယားချောင်း)၊ ခလရ -၁၄ (ပြည်)၊ ခလရ-၃၅ (သာယာ၀တီ)၊ ခလရ-၈၀ (အင်းမ)၊ ခလမ-၄ (အင်းမ)၊ ခမရ-၅ (အင်းမ)၊ ခမရ-၆ (အုတ်ဖို)၊ ခမရ-၁၀ (စမ္ပယ်)၊ ခမရ- ၁၀၈ (ဓနုဖြူ) တပ်ရင်းတွေက စစ်ကောင်စီတပ်ရဲ့ အား ထားရတဲ့ တပ်ရင်းတွေဖြစ်ပြီး ကရင်နီပြည်ကို ထိုးစစ်ဆင်၀င်ရောက် တိုက်ခိုက်နေတဲ့ တပ်ရင်းတွေဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက ဇူလိုင်လ ၁၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်မှာ အထိနာတာကြောင့် ကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကိုယ်တိုင် ဦးစီးစီမံနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...