နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့သတ်ဖြတ်မှု စစ်အုပ်စုခပ်စိပ်စိပ်ကျူးလွန်လာ

နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့သတ်ဖြတ်မှု စစ်အုပ်စုခပ်စိပ်စိပ်ကျူးလွန်လာ
Network For Human Rights Documentation Burma
Network For Human Rights Documentation Burma

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ တပ်က ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ခပ်စိပ်စိပ် လုပ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက် နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့တယ်ဆိုပြီး စစ်တပ်က ခေါ် ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေတယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်လာ ပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဒိုက်ဦးမြို့ရှိ ကျိုက်ဇကော အကျဉ်းထောင်မှာ သွား ရောက်စုံစမ်းရာ အကျဉ်းထောင် တာဝန်ရှိသူတွေက အကြိမ်ကြိမ် ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ AAPP ရဲ့ ထုတ် ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ဇူလိုင် ၇ နဲ့ ၈ ရက်နေ့မှာလည်း အကျဉ်းသားကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ရဲ့ မိသားစုထံ ပေးပို့ လာတဲ့ ကျိုက်ဇကောအကျဉ်းထောင် ဦးစီးအရာရှိရဲ့ အကြောင်းကြားစာမှာတော့ ကျိုက်ဇကောထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ရာလမ်းခရီးမှာ အချုပ်ကား တိမ်းမှောက်တာကို အခွင့်ကောင်းယူပြီး ထွက်ပြေး ခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သူတို့နှစ်ဦးသေဆုံးသွားတယ်လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကျိုက်ဇ ကော အကျဉ်းထောင်ကနေ ၂၀၂၁ နှောင်းပိုင်းကနေ ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်း သား ၇ ဦး သေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

သေဆုံးခဲ့ရသူ ၇ ဦးမှာ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးအောင်တို့ ဖြစ်ကြပါတယ်။

သူတို့ ၇ ဦးကို စစ်ကောင်စီကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၁၊ ၅၂၊ ၅၃တို့နဲ့ တရားစွဲဆို ထောင်ဒဏ်အမိန့် ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီလက် အောက်ခံ အကျဉ်းဦးစီးဌာနအပေါ် ထိရောက်တဲ့ဖိအားပေးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကိုသိုက်ထွန်းဦးက တောင်းဆိုတာပါ။

“အကျဉ်းထောင်ရဲ့ ဒီလိုလုပ်ရပ်တွေက ဘာလို့ဒီလောက်ထိ ဆိုးဝါးလာလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ သူတို့ကို ထိရောက်တဲ့ ဖိအားပေးမှုတွေမရှိလို့ သူတို့က ငါတို့လုပ်လို့ရတယ်။ ငါတို့ကို နိုင်ငံတကာရော၊ ပြည်တွင်းမှာ ရှိတဲ့ ကျန်တဲ့ အဖွဲ့အစည်းကရော ဘာမှမလုပ်နိုင်ပါဘူးဆိုတဲ့ အတွေး သူတို့မှာရှိနေတာလည်း ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာကိုရော၊ NUG လူ့အခွင့်အရေးဝန် ကြီးဌာန၊ UNHCR၊ ICRC တို့ကို တောင်းဆိုချင် တာက စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ အကျဉ်းဦးစီးဌာနတွေကို ထိရောက်တဲ့ ဖိအားပေးမှုတွေ အမြန်းဆုံး ပေးပါ။ အမြန်ဆုံးထိထိရောက်ရောက်နဲ့ အကျဉ်းထောင်တွေမှာ မတရားညှဉ်းပန်းနှိပ်စက်မှုတွေမရှိအောင် အမြန်ဆုံးတောင်းဆိုပေးပါလို့ ကျွန် တော်က မေတ္တာရပ်ခံချင်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေဆီ ပြန်ပေးတာမျိုး မရှိသလို ဇူလိုင် ၇ ရက်နေ့မှသာ သေဆုံးကြောင်း မိသားစုဝင်တွေကို စတင်အကြောင်းကြားခဲ့တာ ဖြစ်တဲ့အတွက် ရုပ်အလောင်းကို မိသားစုဝင်တွေ မမြင်ခဲ့ရဘူးလို့ သူကပြောပြပါတယ်။

အခုလုပ်ရပ်တွေဟာ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လုပ်ဆောင်တာဖြစ်ပြီး မတရား နှိပ်စက် မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်တဲ့အပြင် ကြီးမားတဲ့ ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်တဲ့ လုပ်ရပ်ဖြစ်သလို အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ AAPP က ဆိုပါ တယ်။

ဇူလိုင် ၂ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းဟာ မြင်းခြံထောင်အတွင်း အစာအိမ် သွေးကြောပေါက်လို့ သေဆုံးသွားတယ်လို့ မိသားစုထံ အကျဉ်းထောင်တာဝန်ရှိသူတွေက အကြောင်းကြားခဲ့ပါ တယ်။

ဒါပေမဲ့ ဦးစိန်ဝင်းဟာ ထောင်ပြင်ခေါ်ထုတ်ခံရပြီး စစ်ကြောရေးလုပ်ခံရမှုမှာ ပါဝင်ခဲ့တယ်လို့ ထောင်တွင်းရှိ အကျဉ်းသားတွေရဲ့ ပြောပြချက်အရ သိရှိရပြီး သေဆုံးချိန်မှာတော့ အညိုအမည်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ မိသားစုအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AAPP က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာလည်း အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ်သူလို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုကောင်းဇာ နည်ဟိန်းနဲ့ ကိုကျော်သူရတို့ကို သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးဖို့ ကြိုးစားလို့ဆိုပြီး စစ်တပ် က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ နိုင်ငံရေးအကျဉ်းသား တွေကို ဥပဒေမဲ့ သတ်ဖြတ်မှုအပေါ် လက်ခံနိုင်စရာမရှိသလို စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ယူ တာဝန်ခံ ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့ အကျဉ်းထောင်အသီးသီး စစ်ကြောရေး စခန်းတွေ အပါအဝင် သူတို့က တပ်စခန်းတွေထဲထိ စစ်ကြောရေးဆိုပြီး ခေါ်သွားပြီးတော့ တကယ့်တကယ်ကျ လူအစုလိုက် အပြုံလိုက်ကို သတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတာကြောင့် သူတို့က နိုင်ငံရေးအကျဉ်း သား အပေါ် ငါတို့ ပြန်ပေးဆွဲထားတယ်၊ ငါတို့ရဲ့ ဓားစာခံတွေဖြစ်တယ်၊ ငါတို့ ခြင်းထဲက ကြက်တွေဖြစ်တယ်၊ ငါတို့ လက်ခုပ်ထဲက ရေဖြစ်တယ်။ အဲဒီအတွက် ကြောင့် ငါတို့သူတို့ကို ချေမှုန်းရမယ်ဆိုတဲ့ ဥပဒေမဲ့ မတရား သဖြင့် အခုလိုမျိုး ဖိနှိပ်ညှင်းပန်းနှိပ်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ကိစ္စတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီအတွက်ကြောင့် တာဝန်အရှိဆုံးက စစ်ကောင်စီဖြစ်တယ်။ အပြည့်အဝတာဝန်ယူ၊ တာ ဝန်ခံရမှာလည်း စစ်ကောင်စီဖြစ်တယ်” လို့ သူက ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ အခုဖြစ်စဉ် အပါအဝင် စစ်ကောင်စီက ကျူးလွန်နေတဲ့ ပြည်တွင်းတရားစီရင်ရေး ကဏ္ဍ အတွင်း ကိုင်တွယ်အရေးယူနိုင်တာ မရှိတဲ့အတွက် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေမှာ အရေးယူနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ AAPP က တိုက်တွန်းထားပါတယ်။

စစ်တပ်က အာဏာသိမ်းကာလအတွင်း တရားမဲ့ သတ်ဖြတ်ခံရသူ ၃၇၅၀ ကျော်ရှိနေပြီ ဖြစ်ပြီး အကျဉ်းထောင် တွေထဲ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေ၊ စစ်ကြောရေးစခန်းတွေမှာ မတရား နှိပ်စက်သတ်ဖြတ်ခံခဲ့ရသူ ၁၅၀ ဦး ရှိပြီလို့ AAPP ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...