လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အလယ်တန်းကျောင်းမှ ကလေးများ တက်စရာ ကျောင်းမရှိ

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အလယ်တန်းကျောင်းမှ ကလေးများ တက်စရာ ကျောင်းမရှိ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုထဲ အလယ်တန်း ကျောင်းဆောင် တစ်ခုလုံး ပျက်စီးသွားခဲ့ရာ လက်ရှိတွင် ကျောင်းသား/သူ ၁၀၀ မှာ တက်စရာ ကျောင်းမရှိတော့ဘူးဟု ဒေသခံများက ပြောသည်။

လေယာဉ်မှ ဗုံးကြဲမှုကြောင့် ကျောင်းသား ၁၀၀ ကျော်တက်နေသော အဆိုပါ အလယ်တန်းကျောင်း ပြုပြင်ရန်နှင့် ပြန်လည်ထူ ထောင်ရန်ရေးအတွက် အရေးပေါ်အကူအညီလိုအပ်နေသည်။

မင်းတပ်မြို့နယ် စစ်ရှောင်စခန်းစီမံခန့်ခွဲ ရေးကော်မတီ တာဝန်ခံကိုလောရန်က “အဲဒီကျောင်းမှာ ကျောင်းတက် နေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ တက်စရာကျောင်း မရှိတော့ဘူး။ အဲဒီ ကျောင်းဆောင်အကုန်လုံး ပျက်စီးသွားတယ်။ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်တာဆိုတော့ အဲဒီရွာနဲ့ ကျနော်နေ တဲ့ နေရာနဲ့ မဝေးဘူး နီး တယ်။ အဲ့ရွာ ဗုံးကြဲချိန် ကျနော်လည်း ထွက်ပြေးပြီး ပုန်းနေရတာပေါ့။ ကျောင်းဖွင့်တဲ့ ရက်ဆိုရင်တော့ အကုန် လုံးနီးပါး သေမှာ။ ကျောင်းပိတ်ရက်မို့ ကျနော်တို့ ကံကောင်းတယ်” လို့ ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက် ခိုက်ရာ ကလေးငယ် တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦး အပါအဝင် အရပ်သား (၃) ဦး သေဆုံးပြီး တစ်ဦး ပြင်းဒဏ်စွာ ဒဏ်ရာ ရရှိခဲ့ကြသည်။

အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားပေးနေသော ကျေးရွာစာသင်ကျောင်းမှာ အများအပြား ထိခိုက် ပျက်စီး သွားပြီး နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ဝုမ်းခုန်ကျေးရွာတွင် တခြားကျေးရွာတွေက စစ်ဘေးရှောင်သူ (၄၀) ခန့် အပါအဝင် အရပ်သားပြည်သူ (၂၀၀) ခန့်ရှိပြီး စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ ကျေးရွာထဲကို ပြန်မလာရဲဘဲ ထိတ်လန့် ကြောက်ရွံ့နေကြသည်။

သေဆုံးသွားသော ပြည်သူ ၃ ဦး၏ အသုဘကိုလည်း ရွာပြင်မှာပဲ ကြောက်ရွံ့စိုးထိတ်မှုများတွေကြားက လုပ်ခဲ့ ကြရပြီး တောင်ယာတဲများထဲ နေထိုင်ကြရသည်။

ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးသီး (၂)လုံး၊ အတွဲလိုက် ဗုံးသီး (၄) လုံး၊ ရော့ ကတ်၊ ပွိုင့်ဖိုက်ကျည်များဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ရှိ မလရ (၂၇၄) တပ်မှလည်း လက်နက် ကြီးဖြင့် (၄) ချက် ပစ်ခတ်ခဲ့သည်။

စစ်ရှောင်ပြည်သူများသည် ခက်ခဲစွာ ရပ်တည်နေရပြီး လူသာချင်း စာနာမှု အကူအညီများ လိုအပ်နေကြောင်း၊ သယ်ယူပို့ဆောင်ရေး မလွယ်ကူမှုအတွက် ငွေကြေးထောက်ပံ့ရန် ကြိုးစားနေပြီး ကူညီထည့်ဝင်ပေးကြရန် လိုအပ်သည်ဟု မင်းတပ်ရှိ စစ်ဘေးရှောင်များကို ကူညီနေပေးသူများက ပြောသည်။

ဇွန်လ ၂၈ ရက်နေ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသော လုပ်ခေးကျေးရွာကိုလည်း လူသားချင်စာနာမှု အကူအညီများ ပေးနိုင်ရေး ကြိုးစားနေကြောင်း၊ ၂၀၂၃ ခုနှစ် ၆ လတာအတွင်း စစ်ကောင်စီတပ်၏ ခြေလျင် စစ်ကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုများကြောင့် ထိခိုက်နစ်နာခဲ့သော မင်းတပ်မြို့နယ်ထဲက ကျေးရွာများမှ စစ်ဘေးရှောင်များကို သိန်းငါးရာကျော်ခန့် ကူညီပေးထားသည်ဟု မင်းတပ် စစ်ရှောင်ကော်မတီထံမှ သိရသည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...