ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ အင်အားရာနှင့်ချီသော စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်စဥ် လက်နက် ကြီး၊ ငယ်များဖြင့်ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။
ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်လာသော အဆိုပါ စစ်ကောင်စီ တပ်များသည် ကျေးရွာတွင် ကျန်ရှိနေသော ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ် ခဲ့မှုကြောင့် အသက် (၄၀) နှစ်နှင့် အသက် (၃၁) နှစ်အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။
ထို့အတူ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ နတ်သံကွင်းရှိတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်စထိမှန်၍ အုန်းပင်စုကျေးရွာနေအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုန်းမြို့နယ် ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“နတ်သံကွင်းကနေ မုန်းဘက်ကရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့လှမ်းထုနေတာ ဒီနေ့ မနက်အထိ တစ်မနက် လုံးပဲ။ ရေတွင်းကုန်းရွာမှာ တပ်စွဲနေတဲ့တပ်ကလည်း လက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပစ်တယ်။ ရေတွင်းကုန်းက လူတွေလည်း ထပ်ပြေးရတယ်။ အနီးအနားရွာကလူတွေလည်း အကုန်ပြေးရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးအလုံး (၃၀) ထက်မနည်း ပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကြီးနှင့် ဥသျှစ် ကုန်းကျေးရွာမှ အရပ်သားနေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ရသလို အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ (၁၄၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြော ဆိုမှုအရ သိရသည်။
အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက “လက်ရှိ ကျောက်တံခါးဘက်နဲ့ကျွန်းကြီးဘက်မှာလည်း စစ်တပ် ဘက်က အင်အားဖြည့်နေတယ် ကြားတယ်။ တင့်ကားတွေပါ ပို့လာတယ်ပြောတယ်။ စစ်ကြောင်းတော့ မထိုးကြ သေးဘူး။ လက်နက်ကြီးနဲ့ ထုတာကတော့ တစ်ညလုံးပဲ” ဟု ပြောသည်။
အလားတူ KNLA ပူးပေါင်းတပ်များက နတ်သံကွင်းနှင့် အနီးအနားရှိ စစ်ကောင်စီ၏ စခန်း (၅) ခုအား တစ်ပြိုင် တည်း တိုက်ခိုက်မှု မဖြစ်ပွားခင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရေတွင်းကုန်းကြီးကျေးရွာသို့ စစ်ကောင်စီ တပ် များ ကနဦးဝင်ရောက်နေ ထိုင်မှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ဇွန်လ (၂၄) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ (၄) ဦး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင် အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG ၏ မှတ်တမ်းပြုစုထားချက်များအရ သိရသည်။