ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏တပည့် ရန်ကုန်လေဆိပ်လုံခြုံရေး အရာရှိချုပ်ပစ်ခတ်ခံရပြီး သေဆုံး

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏တပည့် ရန်ကုန်လေဆိပ်လုံခြုံရေး အရာရှိချုပ်ပစ်ခတ်ခံရပြီး သေဆုံး
ဗိုလ်မှူးဟောင်းရဲခိုင်
ဗိုလ်မှူးဟောင်းရဲခိုင်

စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ လုံခြုံရေးအရာရှိချုပ်၊ ဗိုလ်မှူးဟောင်း ရဲခိုင်ကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Urban Owls ရန်ကုန်မြို့ ပြ ပြောက်ကျား တပ်ဖွဲ့က  သတင်းထုတ်ပြန်သည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်၊(Chief of Security Division) ဖြစ်သူ ဗိုလ်မှူး ဟောင်းရဲခိုင်ကို ကျွန်ုပ်တို့ Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၉ ရက်နေ့ ၂၀၂၃ ခုနှစ်၊ ညနေ (၇း၀၀) အချိန်တွင် ပစ်ခတ်ရှင်းလင်းသုတ်သင်ခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

ဗိုလ်မှူးဟောင်းရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်း လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး စစ်တပ်၏ စီးပွားရေးထောက်တိုင် Asia World ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင်၏ လူယုံတစ်ဦး ဖြစ်သလို စစ်ကောင်စီ ဒုခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့်လည်း ဖြစ်သည်ဟု Urban Owls ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ဆိုသည်။

"ရန်ကုန် လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေ အပြင် သာ မန် ခရီးသွားပြည်သူတွေကိုပါ နိုင်ထက် စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက် အလက်တွေ ကျွန်တော်တို့လက်ထဲ ရထားပြီ” ဟု Urban Owls စစ်ဆင်ရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

ဗိုလ်မှူးဟောင်းရဲခိုင်သည် ၂ဝ၂၁ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား ပြည်ပထွက်ခွါခွင့်ပိတ်ပင်ခြင်းနှင့် ဖမ်းဆီးခြင်း၊ ပြည်ပ သို့ ပညာသင်ရန် (သို့) အလုပ်လုပ်ရန် ထွက်ခွါမည့်သူများအား ငွေညှစ်အနိုင်ကျင့်ခြင်း၊ ပြည်သူဘက် ရပ်တည် သော အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့် ပိတ်ပင် ခြင်း၊ သာမန် ခရီးသွားပြည်သူများအား ငွေညှစ် ဓားပြတိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ် ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် ပါဝင်သူ ဖြစ်သည်ဟု Urban Owls က ရှင်းပြထားသည်။

၎င်းတို့ အပါအဝင် ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့များသည် လေတပ်အရာရှိများ၊ လေဆိပ်တွင် ပြည်သူများ အား ခြိမ်းခြောက်အနိုင်ကျင့်သူများ၊ အကြမ်းဖက်စစ်တပ်အား ကူညီပေးနေသော လေကြောင်းလိုင်းမှ တာဝန်ရှိ သူများ၏ စာရင်းကို စနစ်တကျပြုစုနေပြီး သတင်းအချက်လက်များစွာလည်း  ရရှိထားပြီးဖြစ်သည်ဟု  Urban Owls အသိပေးထားသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ ရင်ဆိုင်နေရသည့် မလုံခြုံမှုများ၊ စီးပွားရေးနှင့် ကျပ် ငွေတန်ဖိုး တရှိန်ထိုး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများ၊ လျှပ်စစ်မီး ပြတ်တောက်ခြင်း အပါ အဝင် ယိုယွင်းလာသည့် အခြေနေများအားလုံးသည် စစ်ကောင်စီပြုတ်ကျမှာသာ ပြေလည်မည့် ကိစ္စများ ဖြစ်သည်ဟု Urban Owlsက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့နေ ပြည်သူလူထုအနေဖြင့် အရှိန်မြင့်လာမည့် တော်လှန်ရေးလှုပ်ရှားမှုများအတွက် ပြင်ဆင်ထား ကြရန်၊ တော်လှန်ရေးနှင့် လုံခြုံရေး အသိသတိရှိကြရန်၊ တော်လှန်ရေးနှင့် ရဲဘော်များအား ရရာနည်းလမ်းဖြင့် ကူညီ ပံ့ပိုးသွားကြရန်လည်း တိုက်တွန်းထားသည်။

“တော်လှန်ရေး၏ အရေးပါဆုံးကာလသို့ မကြာခင်မှာ ရောက်ရှိလာတော့မည်ဖြစ်သည်" ဟု Urban Owls၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့သည်  စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ ပြောင်း ရွှေ့ပေးနေသော ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင် ဦးမင်းတေဇညွန့်တင်အား မတ်လ ၂၄ ရက်နေ့က သန်လျှင်မြို့တွင် ရှင်းလင်းမှုပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ဦးမင်းတေဇညွန့်တင်အား ပစ်ခတ်ရှင်းလင်းပြီး သုံးလခန့်အကြာတွင် စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိတစ်ဦးကို ထပ်မံရှင်းလင်းခြင်းဖြစ်သည်။

Urban Owls စစ်ဆင်ရေးတာဝန်ခံက " ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့တယ်။ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်" ဟုလူထုအားတောင်းဆိုသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...