မုန်တိုင်းအလွန် ရခိုင်ဆန်စျေး ဆက်လက်မြင့်တက်နေဆဲ

မုန်တိုင်းအလွန် ရခိုင်ဆန်စျေး ဆက်လက်မြင့်တက်နေဆဲ

ရခိုင်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း  မြင့်တက်သွားသည့် ဆန်စျေးနှုန်းသည် မုန်တိုင်းအလွန် တစ်လ ကျော်လာသည့် ယနေ့ဇွန်လ ၁၆ ရက်နေ့အထိ ပြန်ကျသွားခြင်း မရှိသေးဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ် သည်။

မုန်တိုင်း ဗဟိုပြုတိုက်ခတ်ခဲ့ရာ စစ်တွေမြို့တွင် ယခင်က ၉ သောင်းကျပ်ကျော်ရှိသည့် ပေါ်ဆန်းမွှေး ဆန်တစ် အိတ်ကို မုန်တိုင်းအလွန်တွင် တစ်သိန်းနှစ်သောင်းဝန်းကျင်ထိ တက်သွားပြီး ၎င်းစျေးနှုန်းမှာ ယနေ့အထိ ပြန်ကျ သွားခြင်း မရှိကြောင်း မြို့ခံများကပြောသည်။

စစ်တွေမြို့မ စျေးကြီးမှ စျေးသည်အမျိုးသမီး တစ်ဦးက “မုန်တိုင်းမတိုက်ခင်တုန်းက ပေါ်ဆန်းမွှေး ဆန်တစ် အိတ်ကို ၉ သောင်း ကျော်နဲ့ဝယ်ရတယ်။ မုန်တိုင်းတိုက်ပြီး ကတည်းက တစ်သိန်းနှစ်သောင်း နီးပါးထိ စျေး တက်သွားတယ်။ အခုလည်း အဲဒီစျေးအတိုင်းပဲရှိနေပါသေး တယ်” ဟု နိရဉ္စရာ သို့ပြောသည်။

ဆန်ဆိုင်များအနေဖြင့် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ဆန်စက်မှ ဝယ်ယူရနေရသည့် စျေးနှုန်းမှာ လက်ရှိတွင် တစ်သိန်းတစ်သောင်း ကျပ်ရှိနေသည့်အတွက် ပြန်ရောင်းချသည့်အခါ တစ်သိန်းတစ်သောင်း ငါးထောင်ကျပ်၊ တစ်သိန်း နှစ်သောင်းကျပ်လောက်ဖြင့် ပြန်ရောင်းနေခြင်း ဖြစ်ကြောင်း စစ်တွေမြို့မှ သဇင်ခိုင် ဆန်ရောင်း ဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးကပြောသည်။

“ဆန်စက်တွေကနေ ဝယ်ယူတဲ့အခါ အခုပုံမှန်စျေးက ပေါ်ဆန်းမွှေး တစ်အိတ်ကို တစ်သိန်း တစ်သောင်းကျပ်ရှိ နေပါတယ်။ ဆန်ဆိုင်တွေအနေနဲ့ ပြန်ရောင်းတဲ့အခါ အမြတ်အတွက် ငါးထောင်လောက် တင်ရောင်းရတာတွေ ရှိပါတယ်။ တစ်သိန်းတစ်သောင်းငါးထောင် ရောင်းသူရှိတယ်။ တစ်သိန်းနှစ်သောင်းနဲ့ ရောင်းနေကြတာ ရှိတယ်။ အဲဒီဝန်းကျင်ထက်တော့မပိုပါဘူး” ဟု သူမကပြောသည်။

အခြား ဆန်ကြမ်းများဖြစ်သည့် ရွှေဝါထွန်း၊ သိရိဒုံ၊ အိန္ဒိယ၊ မှော်ဘီစသည့် ဆန်များမှာလည်း မုန်တိုင်းအလွန် ကနေ ယခုအချိန်ထိ စျေးမြင့်တက်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းဆန်ကြမ်းများတွင် ယခင်က ခုနှစ်သောင်းကျပ်ရှိသည့်သီရိဒုံ ဆန်တစ်အိတ်ကို မုန်တိုင်းအလွန်တွင် ရှစ်သောင်းကျပ် မြင့်တက်သွားသလို အခြားဆန်များမှာလည်း ယခင်စျေးနှုန်းထက် တစ်အိတ်ကို တစ်သောင်း ကျပ် ဝန်းကျင်လောက်မြင့်တက်သွားသည်ဟု သူမကပြောသည်။

မုန်တိုင်းကြောင့် မြို့နယ်လုံးကျွတ်ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့တွင်လည်း ၉၉၀၀၀ ကျပ်သာရှိသည့် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို မုန်တိုင်းအလွန်ကပင် ၁၃၀၀၀၀ ကျပ်ဖြင့် ယနေ့အချိန်ထိ ဝယ်ယူနေရသည်ဟု မြို့ခံများက ပြောသည်။

ရသေ့တောင်မြို့ခံ လူငယ်တစ်ဦးက “ရသေ့တောင်မှာတော့ ပေါ်ဆန်းမွှေး တစ်အိတ်ကို ၁၃၀၀၀၀ ကျပ် အထိ ပေးဝယ်နေရပါတယ်။ မုန်တိုင်း မတိုက်ခင်က ၉၉၀၀၀ ကျပ်ပဲရှိပါတယ်။ မုန်တိုင်းတိုက်ပြီးကတည်းက စျေး မြင့်တက်သွားတာ အခုလည်းအဲဒီစျေးပါပဲ” ဟု ပြောသည်။

ကျောက်တော်မြို့တွင်လည်း မုန်တိုင်းမတိုက်ခင်က တစ်သိန်းတစ်သောင်းကျပ် ကျော်ရှိသည့် ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို လက်ရှိတွင် တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်၊ တစ်သိန်းသုံးသောင်း ကျပ်စသဖြင့် စျေး အမျိုး မျိုးပေးဝယ်နေရကြောင်း မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေအပါအဝင် ရခိုင်မြို့နယ် အချို့ပျက်စီးသွားခဲ့ပြီး သန်းနှင့်ချီသည့် လေဘေးသင့်ပြည်သူလူထုမှာ မုန်တိုင်းအလွန် ၁ လကျော်ကာလ ယနေ့ အထိ အမိုးအကာမဲ့၊ စားနပ်ရိက္ခာမဲ့ဘဝဖြင့် အတိဒုက္ခရောက်နေကြဆဲဟု ကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် မုန်တိုင်းသင့်ပြည်သူများ က ပြောသည်။

အဆိုပါ လေဘေးသင့် ပြည်သူလူထုမှာ မုန်တိုင်းအလွန် ရုတ်တရက် စျေးမြင့်တက်သွားသည့် ဆန်နှင့်အခြေခံ စားသောက်ကုန် စျေးနှုန်းများကြောင့် ဘဝရပ်တည်ရန်ပို၍ အကျပ်ရိုက် အခက်တွေ့နေကြောင်းလည်း နိရဉ္စရာ သို့ ပြောဆိုကြသည်။

အင်အားပြင်းသည့်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း နေအိမ် (၂၁၆၆၈၁)ဆောင် ပျက်စီး ခဲ့ပြီး ပြည်သူတစ်သန်းကျော် ထိခိုက်နစ်နာခဲ့ရကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ထုတ်ပြန်ထားသည်။

လက်ရှိမုန်တိုင်းအလွန် ၁ လကျော် ကာလအထိ လေဘေးသင့်ပြည်သူ ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ် ကူညီကယ် ဆယ်ရေးများ လိုအပ်နေဆဲဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)က ဇွန်လ ၁၄ ရက်နေ့ က ထုတ်ပြန်ထားသည်။

Most read this week

November 8, 2024
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀)လအတွင်း အမျိုးသမီး (၁၂၆)ဦးနှင့်အမျိုးသား (...
အမ်းပြည်သူများ/ပုံဟောင်းသာ
November 8, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ငွေကျပ် သုံးသိန်းအထိ...
ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...