မွန်ပြည်နယ် မော်လမြိုင်မြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အထိ အမှတ် (၈) လမ်းမကြီးတစ်လျှောက် သွားလာနေကြသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က အမိန့် ထုတ်ပြန်ထားချက်နှင့် ပတ်သက်ပြီး ခရီးသွားများနှင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်းမှုများ ဖြစ်ပေါ်နေကြသည်။
ဇွန်လ ၁၅ ရက်နေ့မှ စပြီး အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေကြသော ပြည်သူများနှင့် မော်တော်ယာဉ် များ အနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့်လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွား ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်စီးနင်းလိုက်ပါခြင်းလုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေး ခံရန်ဆိုသည့် အချက်များပါ အသိပေးထုတ်ပြန်ချက်ကို KNU အမှတ် ၆ တပ်မဟာမှ ဇွန်လ ၁၀ ရက်နေ့က ထုတ် ပြန်ထားသည်။
ထိုထုတ်ပြန်ချက်ကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေပြီး ခရီးသွားလာရန်အတွက်လည်း ထိန့်လန့်ကြောက်ရွံ့နေကြကြောင်း ခရီးသွားနှင့် ဒေသခံများက ပြောသည်။
“ဒီလိုစာမထုတ်ပြန်ခင်ကတည်းကလည်း စိုးရိမ်မှုက ရှိနေတာပါ။ ဘာလို့လဲဆိုတော့ ဒီ သံဖြူဇရပ်ကနေ ဆင်း လာတဲ့ (ရေး-သံဖြူဇရပ်) လမ်းတလျှောက်မှာ ဆိုရင် ဘယ်နေရာမှ မအေးချမ်းဘူး။ အခု စာပါ ထုတ်လိုက်တော့ ပြည်သူတွေ ခရီးသွားလာဖို့ ပိုပြီးတော့ ထိတ်လန့်ကြောက်ရွံလာတာပေါ့လေ” ဟု ခရီးသွားအမျိုးသားတစ်ဉီးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေး-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ ပိုများ လာသလို၊ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်း စစ်ဆေးရေးဂိတ်တွေလည်းရှိလာခဲ့သည်။
အထူးသဖြင့် ရေး-သံဖြူဇရပ်လမ်းပိုင်း အေးကမ္ဘာကျေးရွာ၊ ကနင်ကမော့ကျေးရွာ၊ အောင်သာယာကျေးရွာ၊ လိမ္မော်ခြံကျေးရွာတလျှောက်တွင် လုံခြုံရေး ပိုမိုတင်းကျပ်လာပြီး စစ်ဆေးမှုများလည်း ပိုများလာကြောင်း ခရီးသွားနှင့် ဒေသခံများက ပြောသည်။
“ခရီးသွားတွေက ပြောရရင် ကျွန်တော်တို့ကြီးပဲ မဟုတ်ပါဘူး အကုန်လုံးပါပဲ ရေးကနေ မော်လမြိုင်သွားရင် သံဖြူဇရပ်မရောက်ခင်တလျှောက်မှာဆိုရင် သက်ပြင်းမချရဲဘူး။ ဘာလို့လဲဆိုတော့ ဘယ်ဘက်မှန်းမသိဘူး လက်နက်ရှိရင် အကုန်ပစ်နိုင်တယ်။ လက်တည့်စမ်းပစ်တာလဲ ပစ်မယ်ဆိုတော့ ပြည်သူကတော့ ဘယ်ဘက် မှ မပါပေမယ့်လည်း နှစ်ဖက်စလုံးကို ကြောက်နေရတယ်။ အဲလိုဖြစ်နေတော့ လမ်းခရီးအခြေအနေက အဆင်ပြေ မနေဘူး။ နေလို့ရရင် ဘယ်သူမှ မသွားကြဘူး။ မဖြစ်မနေ မသွားလို့မရတဲ့အဆုံးမှ သွားလာကြတယ်။ အဲလိုဖြစ် နေတယ်” ဟု မော်လမြိုင်-ရေး လိုင်းကားပြေးဆွဲနေသူတစ်ဦးက ပြောသည်။
ထိုကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် သတိနှင့် သွားလာကြရန်နှင့် လမ်းတလျှောက် တွင် မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မဆို တွေ့ကြုံရပါ ရပ်တန့်ပြီး အစစ်ဆေးခံရန် ၎င်းက တိုက်တွန်းနှိုးဆော် ထားသည်။
KNU အနေဖြင့် ၎င်းတို့ထုတ်ပြန်ထားသည့် အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ တစုံတရာ ဖောက် ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန် ပြော ဆိုထားသည်။
ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေ သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။
၎င်းပြင် အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်လည်း ရှိပြီး လူထိခိုက်တာ၊ သေဆုံးတာတွေလည်း ရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။