ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အယောက် ၃၀ နီးပါး သေဆုံးပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့ဖက်ကလည်း ၁၀ ယောက်ကျော် ကျဆုံးမှု ရှိခဲ့သည်။
အင်အား ၁၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာခဲ့ရာမှာ ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင် အောက်ဖက်နှင့် အပေါ်ဖက်တွင် ချင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် မေလ ၂၆ ရက်နေ့ မှစပြီး ဇွန်လ ၂ ရက်နေ့ အချိန်ထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျှက်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ၂၇ ဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖက်က လည်း ၁၂ ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြော သည်။
ဆလိုင်းထက်နီက “အခုက သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက် အလိုကနေ သူတို့ မြေပြင် တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီး တော့ လက်နက်ကြီးနဲ့ လည်းပစ်တယ်။ ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်၊ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဖက်က ၁၂ ယောက် ကျ ပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်။ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထား တာကတော့ ၂၇ ဦးပေါ့ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စာရင်းကော က်ထားအရ ၁၅ ဦးပေါ့ ဒါကတော့ မြေပြင် သတင်းအရ ကျွန်တော်တို့သိရတာပေါ့” ဟု ပြောသည်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့မှ ရဲဘော် ၃ ဦးနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မှ ရဲဘော် ၉ ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော ရဲဘော်အား သွားရောက်ကယ်ထုတ်နေစဉ်မှာ စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်မှု ကြောင့် ကျဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ဆလိုင်း ထက်နီကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် သီမြစ်လွင်ပြင် တိုက်ပွဲတွင် လေကြောင်းစစ်ကူ အသုံးပြုခဲ့သည် သာမက လက်နက် ကြီးများ အလွန်အကျွံ အသုံးပြုပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကို အကြီးအကျယ် ထိုးစစ်ဆင် တိုက် ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီ အနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်ပြီး ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိတိုရိယ စခန်းအထိ တိုက်ခိုက်ခြေမှုန်းရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။
“ဒီနှစ်ထဲမှာ ချင်းရယ်၊ ကရင်နီရယ် ပြီးတော့ စစ်ကိုင်းတိုင်းရယ် အဲ့ဒီမှာလေကြောင်းရော ကုန်းကြောင်းရော ဖိပြီး တော့ ခြေမှုန်းရေး စစ်ဆင်ရေးလုပ်မယ်ဆိုတာ ကျွန်တော်တို့ အတွင်းသတင်းရထားတာရှိတယ်။ အဲ့ဒီက နေမှ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေခြေမှုန်းမယ် ပြီးခါမှ ကျွန်တော်တို့ Victoria Base ချင်းအမျိုးသား တပ်ဦး/ တပ်မတော်နေရာထိ ခြေမှုန်းဖို့ ကြိုးစား လာတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။
ယခု သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် - CNA ၏ စစ်ရေးဦးဆောင်မှုဖြင့် CDF-Zophei၊ CDF-Lautu၊ CDF-Hakha နှင့် CDF-Thantlang စသည့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်ကို ခုခံတော်လှန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့သို့ ရောက်ရှိရန် မဖြစ်မနေ ကြိုးစားမည့် အနေအထားတွင် ရှိနေသော ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည် ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA တာဝန်ရှိသူက ပြောသည်။