မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီအစကိုတော့ မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းနဲ့ စတင်ဖွင့်လှစ်လိုက်ပြီလို့ ဆိုလို့ ရပါတယ်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို ဗဟိုပြု တိုက်ခိုက်ခဲ့တာ ကြောင့် ရခိုင်ပြည်အတွင်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရပါတယ်။
အဆောက်အဦ ၇၅ ရာခိုင်နှုန်းလောက်ဟာ အနည်းဆုံး အိမ်ခေါင်မိုးပျက်စီးမှုဒဏ်ကို ခံခဲ့ရပြီး ရေနစ်မြုပ်မှုဒဏ်နဲ့ အလုံးစုံ ပျက်စီးသွားတဲ့ နေအိမ်တချို့လည်း ရှိပါတယ်။ တစ်နာရီကို ၁၃၇ မိုင်နှုန်းထိ တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေအားလုံး ကျိုးပဲ့ပျက်စီးခဲ့ရပြီး လူအသေအပျောက်တွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။
ငွေကြေးတတ်နိုင်သူအချို့အတွက် မိမိတို့ရဲ့ ခိုလှုံစရာနေအိမ်တွေကို အလွယ်တကူ ပြန်ဆောက်နိုင်ကြတယ် ဆိုပေမဲ့ လက်လုပ်လက်စား ဆင်ခြေဖုံးရပ်ကွက်က လူသားများအတွက်ကတော့ ထင်သလောက် မလွယ်ကူလှပါဘူး။ တစ်နေ့စာ စားဝတ်နေရေးဖူလုံဖို့အတွက် ရုန်းကန်နေရသူတွေအတွက် လုံခြုံစိတ်ချရတဲ့ အမိုးအကာအောက်ကို ရောက်ဖို့အတွက် အချိန်ကာလတစ်ခုအထိ စောင့်မျှော်ကြရဦးမှာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတွေနဲ့ ဒုက္ခသည်စခန်းက မွတ်ဆလင်တွေအတွက် အလွန်ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဒေသတွေကတော့ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေဖြစ်ပြီး ကျန်တဲ့မြို့နယ် အများစုမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
ရခိုင်ပြည်က လူတိုင်းနီးပါး ဒုက္ခရောက်နေချိန်မှာ မတော်လောဘနဲ့ ကုန်ဈေးနှုန်းတွေကို အဆမတန်တင်ပြီး ရောင်းချနေသူတွေအနေနဲ့လည်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသင့်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ကတော့ မိုခါမုန်တိုင်း မတိုက်မီကတည်းက မုန်တိုင်းအန္တရာယ် ကြုံတွေ့ရနိုင်တဲ့ လူဦးရေ ၄ သိန်းအတွက် တစ်လစာ စားနပ်ရိက္ခာကို စီစဉ်ထားတယ်လို့ ပြောကြားခဲ့တာ ရှိပါတယ်။
လက်ရှိမှာလည်း ရပ်ကွက်/ကျေးရွာတွေအတွင်း စားနပ်ရိက္ခာတချို့ကို ဝေငှပေးနေတာလည်း တွေ့မြင်နေရပါ တယ်။ သို့ပေမဲ့လည်း ရပ်/ကျေး တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် မျှတတဲ့ ထောက်ပံ့မှုကို မရကြဘူးဆိုတဲ့ အသံတွေဟာ ထွက်ပေါ်လာနေပါတယ်။
မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့ အိန္ဒိယကုန်တင်ရေယာဉ် သုံးစီးဟာ ရန်ကုန်ဆိပ်ကမ်းမှာ သွားဆိုက်ရတယ်ဆိုကတည်းက စစ်ကောင်စီ(ဗဟို)ကိုယ်တိုင် စီမံခန့်ခွဲမှု အားနည်းနေတယ်ဆိုတာကို ပြသရာ ရောက်နေပါတယ်။
မြို့နယ်အလိုက်၊ ရပ်/ကျေးအလိုက် လုပ်ပိုင်ခွင့်ရှိသူတွေ အနေနဲ့လည်း ပြည်သူတွေဒုက္ခရောက်နေချိန်မှာ လာဘ် စား၊ ဖြတ်စားတာမျိုးတွေကို မလုပ်ကြဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း လူမှုကူညီရေးအဖွဲ့တွေ၊ အရပ် ဖက် လူမှုအဖွဲ့အစည်းတွေက ကူညီစောင့်ကြပ်ပေးနိုင်ရင် ပိုပြီးအဆင်ပြေသွားနိုင်ပါတယ်။
နိုင်ငံတကာက ပေးလာတဲ့ အထောက်အပံ့တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာန ဆိုင်ရာအသီးသီးမှာ တာဝန်ရှိသလို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေအနေနဲ့လည်း ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုရှိဖို့ လိုအပ်ပါတယ်။
ကျောင်းဖွင့်ရာသီ ရောက်လာတဲ့အတွက် စာသင်ကျောင်းတွေကို အထူးပြု ဆောင်ရွက်သင့်သလို စစ်ဘေးရှောင် နေရာကနေ သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့်ရှောင်နေရသူတွေကိုလည်း ဦးစားပေး ကူညီသင့်ပါတယ်။
တစ်ဖက်မှာလည်း မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူတွေကို ကူညီဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါ အဝင် ညီနောင်မဟာမိတ် အဖွဲ့ဝင်တွေက ရက္ခိုင့်တပ်တော် (AA) က တစ်ဆင့် အလှူငွေတွေ ပေးအပ်ထား ပြီး တော့ မေလ ၂၀ ရက်နေ့အထိ ကျပ်သိန်းငါးထောင်ငါးရာအထိ ရှိပါတယ်။
ရက္ခိုင့်တပ်တော်(AA)က ဒီအလှူငွေတွေကို ဘယ်လိုအစီအစဉ်တွေနဲ့ ထောက်ပံ့သွားမလဲဆိုတာ စောင့်ကြည့် ရအုံးမှာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ ကျေးရွာတွေမှာ နေအိမ်အပျက်အစီးစာရင်းတွေကို AA က ကောက်ယူ နေတာတွေ ရှိသလို အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီကိုလည်း မြို့နယ်အလိုက် တာဝန်ပေးထားတာ တွေ့ရပါတယ်။
သဘာဝဘေးအန္တရာယ်ကိုတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင် ရှောင်လွှဲလို့မရနိုင်တဲ့အတွက် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်လေ့ရှိကြပြီး ဘေးအန္တရာယ် ကြုံတွေ့ရပြီးနောက်မှာလည်း ပြန်လည်ထူထောင်ရေးတွေကို စနစ်တကျ လုပ်ဆောင်တာတွေကို တွေ့ရပါတယ်။
အဓိကအချက်က စီမံခန့်ခွဲမှု ကောင်းမွန်တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်တာဖြစ်တဲ့အတွက် စစ်ကောင်စီအနေဖြင့်လည်း အတုယူသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
အထူးသဖြင့် မုန်တိုင်းသင့်ဒေသတွေကို လမ်းပန်းဆက်သွယ်ရေး မြန်ဆန်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။
ပြည်မဘက်က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ပြီးလာတဲ့ ယာဉ်တန်းတွေကို အချိန်အကြာကြီး ရပ်ခိုင်း ပြီးတော့ စစ်ဆေးတာမျိုးတွေကိုလည်း အခုလိုအချိန်ကာလမှာ ဖြေလျှော့ပေးသင့်ပါတယ်။
ကူညီကယ်ဆယ်ရေးသမားတွေရဲ့ သွားလာရေးကို ကန့်သတ်တာ၊ တားဆီးတာမျိုးတွေလည်း မလုပ်မိဖို့ လိုအပ်ပါ တယ်။ ဒါမှသာ အကူအညီအထောက်အပံ့တွေဟာ အမှန်တကယ် ဒုက္ခရောက်နေသူတွေဆီကို အချိန်မီ ရောက် ရှိနိုင်မှာလည်း ဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တကယ့်အရေးပါဆုံးလူတွေဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ လည်း တရားမျှတစွာ ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
မုန်တိုင်းသင့်ပြည်သူတွေကို ကူညီသူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကပေးတဲ့ အကူ အညီတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်သာ ဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားပြီး မိမိတို့ ကိုယ် ကျိုးအတွက် အသုံးမချကြစေဖို့ DMG ကနေ တိုက်တွန်းရေးသားလိုက်ရပါတယ်။