သံဖြူဇရပ်မြို့နယ်ထဲက ရွာတစ်ရွာမှာ လက်နက်ကိုင်တစ်စုက ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

သံဖြူဇရပ်မြို့နယ်ထဲက ရွာတစ်ရွာမှာ လက်နက်ကိုင်တစ်စုက ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်တစ်စုက ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၈ ရက်နေ့ (ယနေ့) နံနက် ၈ နာရီအချိန်ခန့်က အင်အား ၂၀ ဦးကျော်ရှိ လက်နက်ကိုင်တစ်စုက အနင်း ကျေးရွာထဲ ဝင်လာပြီး လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် မိုးဇော်ဦးနှင့် နိုင်အဒစ်ဆိုသူ ၂ ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

အနင်းကျေးရွာခံတစ်ဦးက “ကရင်တပ်တွေ ကရင် PDF တွေပေါ့။ သူတို့ ရွာထဲ ဝင်လာတဲ့အချိန်မှာ ဒီလူ ၂ ယောက်က ဆိုင်ကယ်နဲ့ သူ့အလုပ် သူသွားတာပေါ့လေ။ သူတို့က ဆိုင်ကယ်ကို ရပ်ခိုင်းပြီးတော့ ပစ်တယ်။ နဖူး တည့်တည့်ပစ်ခံထိပြီး ၁ ဦး သေသွား တယ်။ နောက် ၁ ဦးက ထွက်ပြေးပြီး ဟိုက ပစ်လို့ ခြေထောက်ထိသွား တယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခံရမှုကြောင့် အသက် ၂၇ နှစ်အရွယ် မိုးဇော်ဦးသည် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့်  အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ နိုင်အဒစ်ကတော့ ထွက်ပြေးစဥ် ပစ်ခတ်ခံရမှု ကြောင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် အနင်းကျေးရွာရဲစခန်းဘက်မှ လက်နက်ကြီးဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ကြောင့် လက်နက်ကိုင်အဖွဲ့တို့က အနင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသူ မိုးဇော်ဦးနှင့် နိုင်အဒစ်တို့ ၂ ဦးသည် အနင်းကျေးရွာနေသူများဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူကို လူမူကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် အနင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အနင်းကျေးရွာ ရဲစခန်းမှ ကရင်လူမျိုးများ နေထိုင်ရာကျေးရွာဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကရင်လက်နက်ကိုင်တို့က ယခုကဲ့သို့ အနင်းကျေရွာထဲ ဝင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 13, 2024
မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့်...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...