လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်အုပ်ချုပ်ရေး ယန္တရားတွေ ဆက်လက်လည်ပတ်နေတဲ့ ဘော်လခဲမြို့ပေါ် အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်မြို့ဖြစ်တဲ့ ဘော်လခဲကို အခုလိုစစ်မီး စတင်ကူးစက်လာပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ ယန္တရားတွေ အားလုံးရပ်တန့်သွားကာ Non CDM ဝန်ထမ်းတွေလည်း တိမ်းရှောင်သွားပြီလို့ ကရင်နီပြည်နယ် အတိုင် ပင်ခံ ကောင်စီ လူ့အခွင့်အရေးကောင်စီဥက္ကဌ ဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီကိုယ်တိုင်က အားလုံးပိတ်ထားလိုက်တယ်ပေါ့နော်။ မြို့ကနေထွက်လို့မရအောင်ဆိုပြီးတော့မှ ဖား ဆောင်းဘက်ပေါ့နော်။ နောက်ပြီးတော့မှ လွိုင်ကော်ဘက်၊ နောက်ပြီးတော့မှ ဒီမော့ဆိုဘက်ကိုလည်း သူတို့ က ထွက်လို့မရအောင် ပိတ်ထားတာတွေရှိပါတယ်။ အဲဒီကြားကနေ လူတစ်စုကတော့ ရတဲ့ကြားကတိုးပြီး ထွက် လာတဲ့ သဘောရှိပါတယ်။ အဲဒီအတွက်ကြောင့်မြို့ပေါ် တချို့ရပ် ကွက်တွေမှာ ကျန်တဲ့လူတော့ရှိပါတယ်။ ကျွန် တော်တို့ သိရသလောက်ကတော့ ကျန်းမာရေးရော၊ ပညာရေးရော၊ တချို့အုပ်ချုပ်ရေးယန္တယားအားလုံးဟာ ပျက်သုဉ်းသွားပြီပေါ့နော်။ Non CDM ကလည်း လွိုင်ကော်မြို့ပေါ်ကို အားလုံးပြောင်းရွှေ့သွားကြပြီဆိုတဲ့ အသံတွေကြားတာရှိပါတယ်” လို့ သူကပြောပါတယ်။
မြို့နယ်ပေါင်း ၇ မြို့နယ်ရှိတဲ့ ကယားပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း ဒီမော့ဆို၊ မယ်စဲ့၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေပြင်းထန် နေသလို မြေပြင်အများစုကို စစ်ကောင်စီဘက်က လက်လွှတ်ထားရတာ ဖြစ်ပါပါ။
လွိုင်ကော်နဲ့ဘော်လခဲ မြို့ပေါ်တွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား အားကောင်းတဲ့ဒေသတွေ ဖြစ်ပေမယ့် မေလဆန်းပိုင်းကစပြီး ဘော်လခဲမြို့ပေါ် အထိ တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။
ဘော်လခဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ ရဲစခန်းနဲ့ ရုပ် သံလွှင့်ဌာနတွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးပြီး (၂၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အားကောင်းတဲ့ ဘော်လခဲမြို့ပေါ်ကို PDF တွေဝင် ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ စတင်ပစ် ခတ်လာသလို ဒရုန်းနဲ့ဗုံးသီး ချတာတွေ အထိ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
အခုလို စစ်မီးကူးလာတဲ့ ဘော်လခဲမြို့ကနေ စစ်ကောင်စီ Non CDM ဝန်ထမ်းတချို့က လွိုင်ကော်မြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ပြောင်းရွှေ့ဖို့ ကြိုးပမ်းတာတွေရှိနေပြီး ပြောင်းရွှေ့စရိတ်အဖြစ် တစ်ဦးကို ငွေကျပ် (၂) သိန်းခွဲ အထိ ပေါက်ဈေးရှိနေတယ်လို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ်အနေနဲ့တော့ သီးခြားအတည် မပြုနိုင် သေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီဘက်က ဘော်လခဲမြို့ကို ပိတ်ဆို့ထားပြီး ဒေသခံတွေကို မြို့ထဲကပေးမထွက်တော့သလို မြို့တွင်းမှာလည်း တပ်အင်အားတွေတိုးချဲ့နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြည်ထဲရေး ဝန်ကြီး ညေးရယ်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
“အဲဒီမှာ သူတို့ကစစ်တပ် ၃တပ် နောက်ဘော်လခဲဗျူဟာလည်းရှိတယ်။ လေကြောင်းကလည်း သွားလာရ လွယ်ကူတယ်။ ကုန်းကြောင်းကဆိုရင်လည်း တောင်အတက်အဆင်းတွေ သိပ်မရှိဘူးဆိုတော့ အဲဒီမှာသူတို့ စစ်လက် နက်ခဲယမ်းတွေ ခုနပြောတဲ့စစ်ဗျူဟာတွေ စစ်တပ် ၃ရင်းရှိတာတွေ နောက်ပို့ဆောင်ရလွယ်ကူတဲ့ အတွက် သူတို့ အဲဒီနေရာကို ဗဟိုပြုပြီးတော့မှ အဲဒီမှာတပ်အင်အားတွေလာချတာ” လို့ ပြောပါတယ်။
ဘော်လခဲမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ-၃၇၇၊ မခရ-၄၃၀၊ခမရ-၄၂၉၊ လွိုင်ကော် ဒ.က.စ ရဲ့ စစ်ဗျူဟာအခြေချတပ်ဖွဲ့၊တပ်မ-၆၆ အပါအဝင် တခြားတပ်တွေ အထိုင်ချထားတာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ၂၀၂၃ ခုနှစ် မတိုင်ခင်အထိ လွိုင်ကော်၊ ဘော်လခဲနဲ့ ရှားတောမြို့နယ်တွေမှာ စစ်ကောင်စီ ယန္တရားတွေ လည်ပတ်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လွိုင်ကော်မြို့ပေါ်ကိုသာ စစ်ကောင်စီဘက်က အပြည့် အဝ ထိန်းချုပ်နိုင်တော့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးမယ်လို့ ဖေဖော်ဝါရီ ၂ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
လူဦးရေ ၃ သိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ -Bawlakhe PDF