နန်းနောင့်နောင့် — သျှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်သို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က စစ်သားသစ်အတွက် ပြည်သူများကို ဝင်ရောက်ဖမ်းဆီးရာတွင် သျှမ်းလူမျိုးများပါဝင်နေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့ (မေလ ၁၁ ရက်နေ့) တွင် လားရှိုးမြို့ အမှတ် (၁၀) နှင့် (၁၁) ရပ်ကွက်အတွင်းသို့ TNLA တပ်ဖွဲ့မှဝင်ရောက်လာပြီး ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားရာ သျှမ်းလူမျိုး ၃ ဦးထက်မနည်း ပါသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက “ရွာကနေ မြို့ပေါ်ကို ပြောင်းလာတဲ့ တအာင်းလူမျိုးတွေကို တပ်သားသစ် အတွက် လာဖမ်းခေါ်တာလို့ သိရ တယ်၊ သူတို့ကလည်း ရွာမှာ စစ်မှုထမ်းဖို့ စာရင်းပါလာလို့ မြို့ပေါ်ကို ရှောင်ပြေးလာကြတဲ့သူတွေပေါ့၊ ဒါပေမဲ့ အဲ့နေ့က လာဖမ်းတာ တအာင်းလူမျိုးပဲ မဟုတ်ဘူး၊ သျှမ်း လူမျိုးလည်း ၃/၄ ယောက်ပါသွားတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါ TNLA တပ်ဖွဲ့သည် အီနိုင်း - နမ္မတူ လမ်းကြောင်းမှ ကားလမ်းမကြီးကို ရှောင်ကာ တောလမ်းများကို အသုံးပြုပြီး လားရှိုးမြို့ ပေါ်သို့ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုတွင် သျှမ်းလူမျိုးများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခြင်းနှင့် ပတ်သက်ပြီးတော့ ဒေသခံ သျှမ်းလူမျိုးများက ထပ်မံကောက်ခံရမည်ကို စိုးရိမ်ကြောက်လန့်နေ ကြ သည်။
အထက် ဒေသခံက “အခုလိုမျိုး နိုင်ငံရေး ရှုပ်ထွေးနေတဲ့ အချိန်မှာ နီးရာဓားကို ကြောက်နေရတဲ့ ပြည်သူတွေ ကတော့ ဘယ်အဖွဲ့ လာလာ ကြောက်နေရတာပါပဲ။ TNLA က သူတို့လူပဲ ကောက်တာ မဟုတ်ဘူး၊ စာရင်းထဲ မပါတဲ့ သျှမ်းလူမျိုး တွေကိုလည်းခေါ်သွားတော့ နောက်ထပ်လာမှာပဲ ကြောက်တယ်” ဟု ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံသွားရသည့် သျှမ်းလူမျိုး ဒေသခံများကို ပြန်လည်လွှတ်ပေးရန်အတွက် မိသားစု ဝင်များက တောင်းဆိုထားကြသည်။
ယခုကဲ့သို့ လားရှိုးမြို့ပေါ်အထိ စစ်သားသစ်အတွက် လူသစ်ကောက်ယူ ဖမ်းဆီးခြင်းကိစ္စ ဖြစ်စဥ်နှင့် ပတ်သက်၍ TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့် ကို ပြောသည်။
TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က “ဒီသတင်းကို ကျနော်ကြားမိပါတယ်၊ လားရှိုး မြို့အထိ ရောက်နေတာကိုရောပါ့၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ကျနော် မသိရသေးဘူး၊ တပ်သား စုဆောင်း တာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲမှာ လုပ်ဆောင်တာတော့ ရှိပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြော သည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ပြောဆိုထားခြင်း ဖြစ်သည်။
အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက် ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့ သည်။
ထို့အပြင် TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန်တောင်းယူနေကြောင်းလည်း သိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထုနှင့်အတူ ရော နှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက် ကြောင်း သိရသည်။