စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးလာ၍ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်အချို့ ထပ်မံပြောင်းရွှေ့ရ

စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုးလာ၍ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်အချို့ ထပ်မံပြောင်းရွှေ့ရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များသည် ထပ်မံပြောင်းရွှေ့နေရပြန်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ညောင်လေးပင်ခရိုင် မုန်း၊ ဆောထိနှင့် ကျောက်ကြီးမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်လက်ထိုးလာနေဆဲဖြစ်၍ နယ်မြေအတွင်းရှိ တိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင် များသည် အခြားနေရာသို့ ထပ်မံပြောင်းရွှေ့ရသောကြောင့် အခက်အခဲပိုမိုကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီပေးသည့် ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “အခြေအနေက ဆိုးသထက်ဆိုးလာတယ်။ အခုဆိုရင် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က လူ နေအိမ်တွေကို မီးရှို့တာမကဘဲ လူတွေကိုပါသတ်ပစ်မီးရှို့တဲ့အထိပါ လုပ်လာတယ်ဆိုတော့ အနီးအနား ဝန်းကျင် မှာ ထိုးစစ်ဆင်ဦးတည်လာပြီးဆိုရင် စစ်ရှောင်ပြည်သူတွေက ထပ်ရွှေ့ရတဲ့အခါကျတော့ နေရာအခက်အခဲတွေ ထပ်ရှိလာတယ်။ အခုဆိုရင်လည်း လေဒဏ်မိုးဒဏ်ဆိုတော့ ပိုအခက်တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ရှောင်များအတွက် အမိုးအကာ လုံလောက်မှု မရှိသည့်အပြင် စားနပ်ရိက္ခာ အကူအညီများလည်း လို အပ်လျက်ရှိပြီး ပျမ်းမျှလူဦးရေအယောက် ၁,၀၀၀ လျှင် အယောက်၂၀၀ ဝန်းကျင်ခန့်သာ အကူအညီရရှိကြသည် ဟု နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထို့အပြင် လက်ရှိအချိန်အတွင် ရာသီဥတုအပြောင်းအလဲကာလကြားတွင်ရှိသည့်အတွက် ထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ရှောင်များသည် နာမကျန်းဖြစ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု အဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီလိုအပ်နေသည်ဟု အဆိုပါ ကရင်လူမှုရေးရာအဖွဲ့ဝင်ထံမှ သိရသည်။

ကရင်လူမှုရေးရာအဖွဲ့ဝင်က “စစ်ရှောင်တွေက ကြုံရာနေရာပဲနေရတော့ အမိုးအကာလုံလုံခြုံခြုံမရှိဘူး။ ပြီး တော့ အခုရက်ပိုင်းက ရာသီဥတုက မိုးရွာလိုက်ပူလိုက်ဆိုတော့ အဖျားဖြစ်တဲ့လူတွေများလာတယ်။ ပြီးတော့ ကလေးငယ်တွေကလည်း သောက်သုံး ရေမရတော့ ဝမ်းပျက်ဝမ်းလျှောတွေ ရှိနေတယ်။ ပြီးတော့ စစ်ရှောင် တွေက တစ်နေရာထဲမဟုတ်ဘဲ ဟိုတစ်စုဒီတစ်စုလိုက်နေတယ်ဆိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေက အကုန် မရောက်ဘူး” ဟု ဆက်ပြောသည်။

စစ်ရှောင်များ ဆေးဝါးကုသနိုင်ရေးအတွက် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ဘက်မှ ပြောင်း ရွှေ့ဆေးဝါးကုသပေးသည့် Mobile အဖွဲ့  ဖွဲ့စည်းထားခြင်းရှိသလို စစ်ရှောင်ရှိသည့် နေရာများတွင် သွားရောက် ဆေးကုသပေးခြင်းရှိပြီး အချို့သောနေရာများတွင် လုံခြုံရေး အခြေအနေကို ကြည့်ကာ သွားလာနေရသည်ဟု KDHW သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူက ပြောသည်။

၎င်းက “တပ်မဟာ(၃) ဘက်မှာဆိုရင်လည်း ကျနော်တို့ Mobile အဖွဲ့ ဖွဲ့ထားတာရှိတယ်။ စစ်ရှောင်ရှိတဲ့ နေရာ တော်တော်များများတော့ ရောက်တယ်။ ဒါပေမယ့် တချို့နေရာတွေဆိုရင် စစ်ကြောင်းထိုးတဲ့အချိန် လမ်း အခြေအနေ မကောင်းရင်တော့ အချိန်စောင့်ပြီး သွားရတဲ့အခါလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် မိုးဦးစအချိန်ဖြစ်၍ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ အတွက် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ သတိထားရမည်ဖြစ်ကြောင်းလည်း စောဒိုးဒိုအယ်ကလူက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ရက်နေ့တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင် (တပ်မဟာ ၃)၊ မုန်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာ ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာထဲရှိ ကလေးငယ်များ အပါအဝင် အရပ်သား ၂၀ ဦးအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သလို မေလ ၉ ရက်နေ့တွင်လည်း ကျောက်ကြီး မြို့ နယ်၊ လယ်ဝိုင်းကြီးကျေးရွာရှိ လူနေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးမှုများ လုပ်ခဲ့သည်ဟု ဒေသခံရွာသားများ က ပြောသည်။

ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်အာဏာသိမ်းယူချိန်မှစ၍ ယခု ၂၀၂၃ ခုနှစ်၊ မေလအထိ စစ်ဘေး ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိသည်ဟု အရပ်ဖက်ကရင်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းများအရ သိရ သည်။

Most read this week

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...