တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် မြစ်ကြီးနား - ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာတွင် ခရီးသည်နှင့် ကားများ အား ဖြတ်သန်းခွင့်မပြုဘူးဟု ဒေသခံခရီးသွားပြည်သူများက ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဖားကန့်လမ်းပေါ်မှာရှိတဲ့ တံတားညီနောင်နှင့် ခွန်ဆိုင်ဇွပ် ကျေးရွာအနီးမှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် နန့်ယားကျေးရွာမှာ ခရီးသည်တွေနဲ့ ကားတွေကို စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦး က “မနေ့ည လေးနာရီလောက်ကနေ ပထမပိုင်း လွှတ်လိုက်တယ်။ လွှတ်လိုက်ပြီးမှ အထက်ဘက်မှာ စစ်ဖြစ်တာနေ မှာပေါ့။ အဲဒါနဲ့ အကုန်ပြန်ဆင်းလာတာ။ ထမင်းဆိုင်တွေမှာ ကားတွအပြည့်၊ အခုရော ကားလမ်းမဖွင့်သေးဘူး” လို့ ပြောပါတယ်။
မေလ ၁၄ ရက်နေ့ ကတည်းက နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ စစ်ကြောင်းတွေ တောထဲက ထွက် လာတာ မရှိသေးတဲ့အတွက် ကားလမ်းကို ပိတ်ထားတာ ဖြစ်တယ်လို့ နန့်ယားကျေးရွာ ဒေသခံ အမျိုးသမီး က ပြောပါတယ်။
ခရီးသည်နဲ့ ကားသမားတွေဟာ နန့်ယားကျေးရွာမှာပဲ တည်းခိုကာ လမ်းဖွင့်မယ့်အချိန်ကို စောင့်နေကြတာ ကြောင့် ထမင်းဆိုင်တစ်ဆိုင်မှာ ကားအစီးဆယ်စီးလောက်စီ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဖားကန့်မြို့ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့မနက်ပိုင်းက ခွန်ဆိုင်ဇွပ်ကျေးရွာ အနောက်မှာ KIA ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ရဲ့ မကြာခဏ ကြားဖြတ်တိုက်ခိုက်တာကို ခံနေရတာလည်း ဖြစ်ပါတယ်။
အလားတူ ဧပြီလ ၁၈ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတစ်ခုကို KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာလည်း စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပါတယ်။
ဒီစစ်ကောင်စီယာဉ်တန်းမှာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ခေါ်လာခဲ့တာကြောင့် မိုင်းဆွဲတိုက်ခိုက်ခံရ မှုထဲ အရပ်သားပြည်သူအချို့ ထိခိုက် သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒီလို အထိနာတဲ့ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ် ကံဆီးဒေသထဲကို ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။