မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ ဦးသည် အလုပ်ပွဲစား အမျိုးသမီးတစ်ဦး၏ ပို့ဆောင်မှုဖြင့် အိုမန်နိုင်ငံတွင် ရောင်းစားခံထားရသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ မလဲ့လဲ့ဝင်းဆိုသည့် အလုပ်သမားပွဲစား၏ ပို့ဆောင်မှုဖြင့် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က အဆိုပါအမျိုးသမီးငယ် ၃ ဦးမှာ အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး စကားပြန်လုပ် ပေးသူ မြန်မာ အမျိုးသမီးတစ်ဦး၏ ပြောဆိုမှုအရ အရောင်းစားခံထားရခြင်းဖြစ်သည်ဟု အဆိုပါ နေအိမ်တွင် ရောင်းစား ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
အမည်မဖော်လိုသည့် အမျိုးသမီးငယ်တစ်ဦးက “၄ လပိုင်း ၆ရက်နေ့က အိုမန်နိုင်ငံကိုရောက်တယ်။ သူတို့ ရောက်ရောက်ချင်း ရောင်းစားခံရတာကို။ အဲ့ဒီအေးဂျင့်ရုံးက စကားပြန်မက ပြောပေးပါတယ် သူတို့ကို။ လဲ့လဲ့ဝင်းဆိုတဲ့ ပွဲစားမက ဒီကအေးဂျင့် ကုလားဆီကနေ ငွေတွေ ကြိုထုတ်သွားခဲ့တယ်။ လူဆယ်ယောက်စာ ငွေကြိုထုတ်ပြီး ခုကလေးမ ၃ ယောက်ပဲ ပို့ပေးတော့ ဒီကကုလားကြီးက ဒီကလေးမတွေကိုအလုပ်မရှာပေးဘဲ လဲ့လဲ့ဝင်းဆိုတဲ့ သူ သူ့ငွေပြန်လာမပေးရင်သူတို့ကို ပါကစ္စတန်ကိုရောင်းစားမယ်လို့ ပြောပါတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
အရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ် ၃ ဦးအနက် တစ်ဦးမှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ စစ်ကိုင်း အုပ်စု၊ ထွန်းဘ-ပျဉ်ဘိုးကျေးရွာတွင် နေထိုင်သည့် နန့်နှင်းအိချိုဆိုသည့် ကရင်အမျိုးသမီးငယ်တစ်ဦးသာ နာမည်နှင့် ဇာတိနေရာကို သိရှိရပြီး ကျန် ၂ဦးမှာ မည်သည့် ဇာတိ၊ မည်သည့် လူမျိုး ဖြစ်သည်ကို မသိရှိရသေး ဘူးဟုလည်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
အရောင်းစားခံထားရသူ ၃ ဦးထဲမှ နန့်နှင်းအိချိုမှာ ဂါ့ထီထီဆန်းဆိုသူ အမျိုးသမီးကြီး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ အိုမန်နိုင်ငံသို့ သွားရန် ပွဲစားဖြင့် ချိတ်စားပေးသူမှာ ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူ ဦးသာထူး ဆိုသူမှ မြန်မာငွေ ၅သိန်းဖြင့် လွဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောသည်။
သမီးဖြစ်သူ အိုမန်သို့ ရောက်ရှိခါစအချိန်တွင် အဆက်အသွယ်ရရှိသေးကြောင်း နောက်ပိုင်းတွင် ဖုန်းသိမ်းခံ လိုက်ရသောကြောင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရာမှ သမီးအရောင်းစားခံရသည့် သတင်းကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် ကြားသိခဲ့ရခြင်းဖြစ်သည်။
သမီးဖြစ်သူ ကိစ္စနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ သမီးနှင့် အဆက်အသွယ် မရသေးသောကြောင့် စိုးရိမ်ပူပန်နေရသည်ဟု မိခင်ဖြစ်သူက ပြောသည်။
စကားပြန်ဆိုပေးသူ မြန်မာအမျိုးသမီး၏ ပြောဆိုမှုအရ ၎င်းအမျိုးသမီးငယ် ၃ ဦးကို မလဲ့လဲ့ဝင်းဆိုသူမှ တစ်ဦး လျှင် အမေရိကန် ဒေါ်လာတစ်သောင်းစီဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါငွေများကို မလဲ့လဲ့ဝင်းဆီမှ ၅ ရက်အတွင်း ပြန်မရလျှင် ပါကစ္စတန်သို့ ဒေါ်လာတစ်သောင်းစီဖြင့် ပြန်လည် ရောင်းစားမည်ဟု ခြိမ်းခြောက် ပြောဆိုထားသည့်အတွက် ၎င်းအမျိုးသမီးငယ်များ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း ၎င်းတို့နှင့် နီးစပ်သည့် အဆိုပါ အမျိုးသမီးငယ်က ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် လများတွင်လည်း အိုမန်နိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိ အိုမန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးငယ်များစွာ ရှိနေပြီး လူကုန်ကူးခံရမှု နှင့် အနိုင်ကျင့်စော်ကားခံရမှုများ ရှိနေသည်ဟု အိုမန်နိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းပြည်အတွင်း စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေး စနစ်များ ပြိုလဲနေသလို အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်စျေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် နိုင်ငံရပ်ခြား ဒေသများကို ထွက်ခွာ အလုပ်လုပ်ကိုင်ကြသူများမှာ ပိုများပြားလာသလို အကျိုးဆက်အနေဖြင့် လူကုန်ကူးခံရ သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။