အရပ်သားတစ်ဦးကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဝန်ခံပြောဆိုလိုက်သည်။
ဗီဒီယိုဖိုင်ထဲတွင် SSPP/SSA စစ်ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် စစ်သား ၃ ဦးသည် အရပ်သား တစ်ဦးကို သစ်ပင် ပေါ် ကြိုးချည်ပြီး မီးမြှိုက်ထားသည်။
အဆိုပါ ဗီဒီယိုသည် ယမန်နေ့ (မေ ၉) ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သျှမ်းလူထုအသိုင်းအဝိုင်းတွင် ပြန့်နှံ့ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး SSPP/SSA ဘက်မှ ထုတ်ပြန်ချက်တစောင်ထွက်ပေါ်လာခဲ့ပြီး၊ SSPP/SSA မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်ကလည်း သျှမ်းသံတော်ဆင့်ကို ဝန်ခံပြောဆိုထားသည်။
“ဟုတ်ပါတယ်။ အဲ့နေရာနဲ့ အချိန်ကို ကျနော်တို ပြောလို့မရသေးဘူး။ လက်ရှိမြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ် နေတုန်းပါ။ အမှုစစ်နေတုန်းမို့လို့ အမှုဖြစ်စဥ်ကတော့ ပြောလို့မရသေးဘူး” SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိမှာ အမှုကို စစ်ဆေးနေချိန် မပြီးသည့်အတွက် အမှုဖြစ်စဥ်ကို မပြောဆိုနိုင်သေးကြောင်းနှင့် သျှမ်းတပ် (၂) တပ် မြေပြင် စစ်မျက်နှာဖြစ်နေချိန်ဖြစ်သဖြင့် နေရာနှင့်အချိန်ကိုလည်း မပြောဆိုနိုင်သေးကြောင်း ဗိုလ်မှူးဖုန်း ဟန် က ဆိုသည်။
“မြေပြင်မှာ ဖြစ်နေတဲ့ဟာကို စိတ်ဆန္ဒအနေနဲ့ စစ်ကြောရေးမှာ ကျော်လွန်ပြီးတော့ လုပ်သွားတဲ့ အနေအထား ဖြစ်သွားတယ်။ အဲ့ကြောင့် ကျနော်တို့လည်း စိတ်မကောင်းပါဘူး” ဟု ဗိုလ်မှူးဖုန်းဟန်က ဆက်ပြောသည်။
အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ဆေးသည့် ကိစ္စသည် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်ဟုလည်း သျှမ်းလူထု အသိုင်းအဝိုင်းကြား ဝေဖန်ပြောဆိုထားကြသည်။
အရပ်သားကို ကြိုးတုတ် မီးမြှိုက်ပြီး အမှုစစ်ဆေးနေသည့် လုပ်ရက်သည် လူ့အခွင့်အရေး ချိုးဖောက်ပြီး တရား မျှတမှု မရှိသည့်လုပ်ရက်ကို ဆန့်ကျင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ရောက် သျှမ်းလူငယ်အဖွဲ့ က ပြောသည်။
ပြည်သူများအနေဖြင့် ပြောဆိုပိုင်ခွင့်၊ စိုးရိမ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး၍ ဝမ်းနည်းရသည်ဟုလည်း ဗိုလ်မှူးဖုန်းဟန်က ထပ်လောင်းပြောဆိုသည်။
ဗိုလ်မှူးဖုန်းဟန်က “ဖြစ်စဥ်တွေအ ကုန်လုံး စိစစ်ပြီးတော့မှ ဘာတွေ ဆောင်ရွက်သင့်မလဲ ဆိုတဲ့ဟာ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်။ စစ်သုံ့ပန်းမှာ လုပ်တဲ့ အနေအထားမှာလည်း ပြန်လွှတ်ပေးတယ်။ ကျနော်တို့ ကောင်း ကောင်းမွန်မွန် ဆက်ဆံတယ်။ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးတယ်။ သူတို့ သွားချင်တဲ့နေရာကို ပို့ပေးတယ်” ဟု ပြောသည်။
လက်ရှိဖြစ်စဥ်မှာ SSPP/SSA တပ်ဖွဲ့ဝင်များသည် စစ်ကြောရေး ပေါ်လစီထက် ကျော်လွန်ပြီး လုပ်ဆောင်စစ်ဆေး သွားခြင်းဖြစ်သည့်အပြင် ၎င်းတို့ဘက်မှ အားနည်းချက်ဖြစ်သွားပြီး လက်ရှိတွင် မီးမြှိုက်ကာ အမှုစစ်ခံ လိုက်ရ သည့် အမျိုးသားကို ဆေးကုသမှု ပေးထားသည်ဟု SSPP/SSA ထုတ်ပြန်ထားသည်။
SSPP/SSA ဘက်မှ စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးထားခြင်းရှိသည့်အပြင် ပြန်လွှတ်ပေးခဲ့ခြင်းများလည်း ရှိခဲ့ဖူးသည်။