မုန်တိုင်းသတိပေးချက်များကြောင့် ကရင်နှင့်တနင်္သာရီရှိ စစ်ဘေးရှောင်များ စိုးရိမ်ပူပန်

မုန်တိုင်းသတိပေးချက်များကြောင့် ကရင်နှင့်တနင်္သာရီရှိ စစ်ဘေးရှောင်များ စိုးရိမ်ပူပန်

ယခုမေလ ဒုတိယအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်၍ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း မိုးကြီးရေလျှံမှုများ ဖြစ်ပေါ် လာနိုင်မှုကြောင့် အမိုး အကာလိုအပ်ချက်များရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ပူပန် နေကြသည်။

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ဒေသအလိုက် မိုးလေဝသ သတင်း ဌာနများကလည်း ကြေညာချက်များထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များ ကူညီပေးနေသူ အမျိုးသားတစ်ဦးက “ကျနော်တို့ဒေသက ကမ်းရိုးတန်းဆိုတော့ မုတ်သုံလေ အားကောင်းတယ်လေ။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံရတာမျိုး မရှိပေမယ့် မိုးကတော့ကြီးတယ်။ စစ်ရှောင် တွေ နေရတဲ့နေရာတွေက ပင်လယ်နဲ့ နီးတဲ့နေရာတွေဆိုတော့ စိုးရိမ်ရတာပေါ့။ မုန်တိုင်းမကျရင်တောင်မှ မိုး ကြီးနိုင်တယ်ဆိုရင် နွေရာသီမှာလို‌တော့ ပေါ့ပေါ့ပါးပါးနေလို့ရမှာ မဟုတ်တော့ဘူးလေ။ ကြိုတင်ပြင်ဆင်မှု တွေက အများကြီးလုပ်ဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် တဆက်တည်း မိုးရာသီရောက်ရှိတော့မည် ဖြစ်သောကြောင့် နွေရာသီအတွင်း အဖြစ်သဘောသာ ဆောက်လုပ်ထားကြသော ယာယီ နေထိုင်စရာများမှာလည်း အမိုးအကာများ လိုအပ်ချက်ရှိလာသဖြင့် စိုးရိမ် ပူပန်နေကြရသည်ဟု တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်များ ကူညီပေးနေသူများက ပြောသည်။

အလားတူ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများထဲက အဓိကဖြစ်သည့် ဆန်စပါး ထောက် ပံ့နိုင်ရန် ယခုကတည်းက ကြိုတင်သိုလှောင်ထားရှိနိုင်ရေး စဥ်းစားထားသော်လည်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ အများစုသည် စစ်ကောင်စီ၏ စောင့်ကြည့်မှုအောက်မှ လုပ်ဆောင်နေရသော အခက်အခဲများ ရှိသည်ဟု ဆိုသည်။

ကားတစ်စီးလျှင် ဆန်တင်ဆောင်နိုင်မှု အကန့်အသတ်ဖြင့် ရှိနေ၍ ထိရောက်သော ကူညီထောက်ပံ့မှု ပေးနိုင်ရန် ခဲယဥ်းသည်ဟုလည်း စစ်ရှောင်များအား ကူညီပေးနေသု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ဒေသအလိုက် မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ ကြေညာချက်များအတိုင်း ကရင်ပြည်နယ်ထဲတွင်လည်း မုန်တိုင်းအဖျားခတ်၍ မိုးကြီးရေလျှံမှုများ ဖြစ်လာပါက စစ်ဘေးရှောင်တို့၏ နေရာများတွင် နွေရာသီအတွက်သာ နေစရာ ဆောက်လုပ်ပြင်ဆင်ထားခြင်းမျိုး ဖြစ်သောကြောင့် အခက်အခဲရှိနိုင်သည်ဟု ကော့ကရိတ်မြို့အတွင်း က စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ကော့ကရိတ်မြို့တွင်းက စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးများလုပ်ဆောင်ပေးနေသော အမျိုး သားတစ်ဦးက “ကျနော်တို့ဘက်မှာ မိုးရာသီအတွက်လည်း လိုအပ်ချက်တွေအများကြီး ရှိနေတယ်။ လောလော ဆယ်က ကိုယ်တတ်နိုင်သလောက်တော့ ပြင်ဆင်မှုအနည်း အကျဥ်းလုပ်ထားတာပဲရှိတယ်။ မိုးကြီးရေလျှံမှု အတွက်တော့ ပြင်ဆင်ထားချက်မရှိလို့ အခက် အခဲရှိနိုင်တယ်။ စစ်ဘေးရှောင်ပြည်သူတချို့ကလည်း ဒီကိစ္စ အတွက် စိုးရိမ်နေရတဲ့အကြောင်း လာပြောပြထားတာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လအတွင်းက ကေအဲန်ယူ၊ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာ ခရိုင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ပစ်ခတ်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းသူများ၊ ကလေးသူငယ်နှင့်သက်ကြီး ရွယ်အိုများပါဝင်နေသော စစ်ဘေးရှောင် ပြည်သူ ၂သောင်းကျော် ရှိနေသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိအချိန်ထိ နေရပ် ပြန်နေထိုင်နိုင်ခြင်း မရှိသေးဘဲ မိုးရာသီကျ ရောက်တော့မည် ဖြစ်သဖြင့် နေရာထိုင်ခင်း လိုအပ်ချက်များ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေ ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...