တစ်နှစ်ခန့်အကြာ ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံခဲ့ရသည့် ရခိုင်စစ်ရှောင်စခန်းနှစ်ခု ထောက်ပံ့မှုအချို့ပြန်ရ

တစ်နှစ်ခန့်အကြာ ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံခဲ့ရသည့် ရခိုင်စစ်ရှောင်စခန်းနှစ်ခု ထောက်ပံ့မှုအချို့ပြန်ရ
မေလ ၈ ရက်နေ့က စစ်ဘေးရှောင်များအား စစ်ကောင်စီ၏ ရိက္ခာအချို့ထောက်ပံ့ပေးမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင် (Facebook)
မေလ ၈ ရက်နေ့က စစ်ဘေးရှောင်များအား စစ်ကောင်စီ၏ ရိက္ခာအချို့ထောက်ပံ့ပေးမှုအား တွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင် (Facebook)

ရိက္ခာထောက်ခံမှု ရပ်ဆိုင်းပြီး တစ်နှစ်ခန့်အကြာမှ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်ကောင်စီက ဆန်နှင့်ပစ္စည်းအချို့ ထောက်ပံ့ပေးခဲ့သည်။

စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုမှ စစ်ဘေးရှောင်များအား ဆန်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

“ဆန်တွေ၊ တခြားအသုံးအဆောင်တချို့ရကြတယ်။ မလောက်ငှပေမယ့် မျှဝေပြီး ယူကြရတယ်။ သူတို့ (စစ်ကောင်စီ)ဆီက ထောက်ပံ့မှုတွေ မရတာလည်း ကြာပြီလေ။ လူကယ်ပြန်က အရင်ကပေးတယ်၊ မရတာ ကြာပြီ” ဟု ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းနေ ဒေါ်သိန်းနုက ပြောသည်။

အလိုတော်ပြည့် နှင့် ဗုဒ္ဓေါမော် ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်အပါအဝင် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ခြင်ထောင်၊ စောင်၊ ထဘီ စသည့် အသုံးအဆောင် ပစ္စည်း များကို မေလ ၈ ရက်နေ့က ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စု ၁၀၉ စုနှင့် လူဦးရေ ၃၉၅ ဦးရှိသည့် ဗုဒ္ဓေါမော် စစ်ဘေးရှောင်စခန်းအတွက် ဆန် ၇၆ အိတ်နှင့် ကျောင်းသုံးစာအုပ်များအပြင် အခြား အသုံးအဆောင်ပစ္စည်း ၁၅ မျိုးထည့်ထားသည့် ပလတ်စတစ်ဗူး ၅၉ ဗူးကို စစ်ကောင်စီက ပေးအပ်ခဲ့သည်။

ဗုဒ္ဓေါမော် စစ်ဘေးရှောင်စခန်းနေ ဦးမောင်အေးကျော်က “သူတို့ထောက်ပံ့ပေးတာနဲ့ ရှိတဲ့အိမ်ထောင်စုနဲ့ မမျှ ဘူး။ ဒါပေမယ့်လည်း မျှပြီးယူကြရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ မိုးတွင်းကာလ မရောက် ခင်လည်း စားဝတ်နေရေးနဲ့ပတ်သက်ပြီး နည်းနည်းဖြေရှင်းပေးသွားမယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအား စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

“လူကယ်ပြန်က မထောက်ပံ့တာ ပြီးခဲ့နှစ် ငါးလပိုင်းလောက်ကဖြစ်မယ်။ အခုမှ ပထမဆုံး ထောက်ပံ့ပေးတာ ပေါ့။ စစ်တွေက ဒီစခန်းနှစ်ခုကိုပဲပေးတာလို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး တော့ ဘာမှပြောခဲ့တာ မရှိဘူး” ဟု အလိုတော်ပြည့်ဘုန်းကြီးကျောင်းနေ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အလိုတော်ပြည့်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၈ စုနှင့် လူဦးရေ ၂၃၀ ဦးခန့်ရှိသည်။

စစ်တွေမြို့ရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီက ထောက်ပံ့မှုများ ပြုလုပ်လာခြင်းမှာ နိုင်ငံတကာတွင် မျက်နှာ ရချင်၍ ဟန်ပြလုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူ မြောက်ဦးမြို့က မြတန် ဆောင်း ဆရာတော် ဦးနန္ဒသာရက ဝေဖန်သည်။

“အခု အိန္ဒိယနဲ့ စစ်တွေကို ဆက်သွယ်ဖို့အတွက် ဆိပ်ကမ်းဖွင့်ခါနီးမှ စစ်ဘေးရှောင်တွေကို ကူညီပေးတာဆိုတော့ နိုင်ငံတကာကို မျက်နှာလိုမျက်နှာရလုပ်တာ၊ ဟန်ပြပေးတဲ့သဘောပဲ။ ပြီးတော့ စစ်ဘေးရှောင်တွေ အများကြီး ထဲကမှ ဒီစခန်းနှစ်ခုတည်းကို ပေးတယ်ဆိုတာ မဖြစ်သင့်ဘူး” ဟု ဆရာတော်က မိန့်သည်။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇၈,၀၉၀ ဦး ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘေးရှောင်များမှာ စစ်ကောင်စီထံက ထောက်ပံ့မှုမရရှိခြင်း၊ အလှူရှင်များ၏ထောက်ပံ့မှုများ လျော့နည်းလာ ခြင်းတို့ကြောင့် စားဝတ်နေရေးခက်ခဲနေကြပြီး လုံခြုံရေးအာမခံချက်မရှိခြင်း၊ မိုင်းအန္တရာယ်တို့ကြောင့် ယခု အချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

Most read this week

လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့
November 18, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့်ပတ်သက်...
November 18, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးပဋိက္ခပြင်းထန်နေသော ရခိုင်ဒေသအတွင်း ကလေးလုပ်သား...
အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...