မိုချာ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် ULA/AA ထုတ်ပြန်

မိုချာ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် ULA/AA ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး မေလ ၇ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သတိပေးချက်ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေ ပြီး ၎င်းလေဖိအားနည်းရပ်ဝန်းသည် မေလ ၉ ရက်နေ့တွက် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၁၀ ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Cyclone Mocha) ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသပညာ ရှင်များက ခန့်မှန်းထားကြောင်း ဦးစွာဖော်ပြသည်။

သို့အတွက် မိုချာဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိနေ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဥ်များနှင့် ရေကြောင်း ခရီး သည်ပို့ဆောင်ရေးယာဥ်များ အပါအဝင် မြစ်ချောင်းများကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုသူများ အနေဖြင့် မေလ ၁၀ ရက်မှ ၁၃ ရက်အတွင်းမုန်တိုင်းအန္တရာယ်သတိပြုရန်နှင့် အတတ်နိုင်ဆုံး အလုပ်များကို ရပ်နားထားရန် ဖော်ပြထားသည်။

“ကမ်းနား၊ ကမ်းဝေး ငါးဖမ်းရိယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များနဲ့ တခြား ပင်လယ်၊ မြစ်ချောင်းများ၌ အသက်မွေးဝမ်းစာ ရှာဖွေနေကြတဲ့ လုပ်သားပြည်သူများအနေနဲ့ မေလ (၁၀) ရက်နေ့မှ မေလ (၁၃) ရက်နေ့ အထိ မုန်တိုင်း အန္တရာယ်ကို အထူးသတိထားကြရန်၊ ဖြစ်နိုင်ပါက အလုပ်များ ရပ်နားထားကြဖို့ကို ကြိုတင် သတိပေး တိုက်တွန်း အပ်ပါသည်” ဟု ULA/AA ၏ သတိပေးထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းအပြင် ရခိုင်ပြည်သူများအနေဖြင့် မုန်တိုင်းသတင်းထုတ်ပြန်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ကြိုတင် ပြင်ဆင်ထားကြရန်နှင့် ULA/AA အနေဖြင့်လည်း  မုန်တိုင်းနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများကို အချိန်နှင့်တပြေးညီ အများသိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဟုလည်း ရေးထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများ အနေဖြင့်လည်း မုန်တိုင်းပြင်းအား နောက်ဆက်တွဲ အခြေအနေအပေါ်မူတည်၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများနန့် အရေးပေါ်လိုအပ်ချက်များရှိလာလျှင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (Humanitarian and Development Coordination Office - HDCO) နှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်သင့်သည်များကို လုပ် ဆောင်ကြရန်လည်း ULA/AA ကတိုက်တွန်းထားသည်။

မုန်တိုင်း အန္တရာယ်ရှိလာနိုင်သည်ဟု ကြေညာထားသည့်အတွက် ယခုရက်ပိုင်းမှစတင်ကာ ငါးဖမ်းစက်လှေကို ကမ်းကပ်ပြီး မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေရကြောင်း ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ကမ်းနီး ကမ်းဝေးငါးဖမ်းစက်လှေသမား ဦးစနီထွန်းက နိရဉ္စရာသို့ပြောသည်။

“လောလောဆယ်တော့ ကျနော်တို့အနေနဲ့ ငါးဖမ်းစက်လှေတွေကို ကမ်းကပ်ထားပါပြီ။ မုန်တိုင်း သတိပေးထား တာတွေကလည်း စိုးရိမ်စရာကောင်းတော့လေ။ လော လောဆယ်တော့ စက်လှေထွက်တော့မှာမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ရက်ပိုင်း မုန် တိုင်း အခြေအနေစောင့်ကြည့်ပြီးမှပဲ ဆက်လုပ်ဖို့စဥ်းစားထားပါတယ်” ဟု ပြော သည်။

မေလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မေလ ၇ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင် ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေလ ၈ ရက်နေ့တွင် မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ကြောင်း၊ ယင်းမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက် နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည့် အတွက် မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်သည် ဟု ခန့်မှန်းချက်က ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ် တရက် ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသတွင်နေ ထိုင်သူများ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများအန္တရာယ်များကို ကြိုတင်သတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

Most read this week

November 19, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း...
November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...
ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...