ရခိုင်ပြည်နယ်တွင်ရှိ မြို့များ အပါအဝင် ကျေးလက်တောရွာ အများအပြားတွင် ရေကန်များ ခမ်းခြောက်သွား၍ သောက်သုံးရေ အခက်အခဲရှိနေချိန်တွင် စစ်ဘေးရှောင်စခန်းများ၏ အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေအလွန်တရာမှ ရှားပါးနေသည့် အတွက် စခန်းနေ စစ်ဘေးရှောင်များ အထူး အခက်အခဲနှင့်ကြုံတွေ့နေရပြီး ထိုအထဲတွင် သက်ကြီးရွယ်အိုများမှာ ပိုမို အခက်အခဲဖြစ်နေရသည် ဟု ညောင်ချောင်းစခန်းတွင် နေထိုင်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။
“ရေက အရမ်းအခက်အခဲ ရှိနေတယ်။ နေကပူရတဲ့ကြားထဲ ညောင်ချောင်းရွာက သွားခပ်တယ်။ တွန်းလှည်း တွေနဲ့ သွားခပ်တယ်။ ကန်မှာလည်း ရေခမ်းနေပြီဆိုတော့ ရွာသားတွေက ရေခပ်တာကို ပြောချင်လာကြတယ်။ ရေကို ချွေတာပြီးသုံးရတယ်။ ရေပုံးလေး တစ်ပုံးနဲ့ လောက်အောင်ချိုးရတယ်။ ဇီးချောင်းဆည်က ကားတွေနဲ့ သယ်ပေးရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။
အဆိုပါစခန်းတွင် အိမ်ထောင်စု ၇ဝ၂ စုနှင့် လူဦးရေ ၃ ထောင်ကျော်ရှိသည်။
မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီမှ စတင်၍ လက်ဆည်ကန်မှ ရေကို ၃ ရက်တစ်ကြိမ်သာ ပေးဝေခဲ့ရာမှ ကန်ရေ ခမ်းခြောက်လာခဲ့သည့်အတွက် မတ်လကုန်ပိုင်းမှ စတင်ကာ ထိုကန်မှရေကို ၆ ရက်မှ တစ်ကြိမ်သာ ပေးဝေနိုင်သည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင် ၎င်းလက်ဆည်ကန်ထဲသို့ အနူမကန်မှ ရေကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ ရေဖြည့်တင်းခဲ့ သည့် အတွက် မြောက်ဦးမြို့တွင် ၂ ရက် တစ်ကြိမ် ရေပေးဝေနေသော်လည်း ရေတင်၍ မရသည့်အတွက် ရေရှား မှုနှင့် ကြုံတွေ့နေကြရသည်ဟု လက်ကောက်ဈေး စစ်ဘေးရှောင် စခန်းမှ မလုံးလုံးအေးက နိရဥ္စရာ ကို ပြောသည်။
“သောက်သုံးရေက လုံးဝအဆင်မပြေဘူး။ သုံးရေကတော့ ပေါင်းဝကန်တွေက သွားခပ်ရတယ်။ လက်ဆည် ကန်က ရေပေးပေမဲ့လည်း ရေတင်လို့မတက်ဘူး။ တစ်လကျော်လောက်ရှိပြီ။ ဒါကြောင့် မြောက်ဦးလူငယ် အစည်းအရုံးက နေ့တိုင်း ကားနဲ့တစ်စီး လာပေးတယ်။ တစ်လတိတိလာပေးမယ်လို့ ပြောတယ်။ ရေကအများ ကြီး မရဘူးလေ။ လူကများတော့ အဆင်မပြေဘူးပေါ့” ဟုပြောသည်။
လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ အုတ်ဖိုကန်၊ ပေါက်တော ပြင်၊ ဝေသာလီ၊ ရွာဟောင်းတော၊ သရက်အုပ်၊ ပန်းမြောင်း ရွာ ၆ ရွာတို့မှ စုစုပေါင်း အိမ်ထောင်စု ၁၅၉ စုရှိပြီး လူဦးရေ ၆၃၉ ဦးခိုလှုံနေသည်။
ထိုစခန်းအတွက် လိုအပ်သည့် သောက်သုံးရေကို မြောက်ဦး လူငယ်များ အစည်းအရုံးက ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ ယခု မေလ ၈ ရက်နေ့အထိ တစ်လတိတိသာ သောက်သုံးရေ အခမဲ့ပေးဝေးနေခြင်း ဖြစ် သည်။
အလားတူ ရသေ့တောင်မြို့ပေါ်ရှိ ဓမ္မာရုံစစ်ဘေးရှောင်စခန်း၊ မေယုရတနာစစ်ဘေးရှောင်စခန်း၊ အလိုတော်ပြည့် ဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်း၊ ဗောဓိပါလ စစ်ဘေးရှောင်စခန်းနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း စစ်ဘေး ရှောင်စခန်းများ အပါအဝင် စခန်းစုစုပေါင်း (၂၄) ခုရှိ စစ်ဘေးရှောင်များအနေဖြင့် ပြီးခဲ့သည့် မတ်လမှစတင်ကာ သောက်သုံးရေအခက် အခဲဖြစ်နေကြသည်ဟု ဓမ္မာရုံ စစ်ဘေးရှောင်စခန်းမှ မဆန်းဆန်းနုက နိရဥ္စရာ ကို ပြော သည်။
“ရေက တော်တော်ရှားနေပါတယ်။ ရေချိုးဖို့တောင်မှ ပိတ်စနဲ့ ခန္ဓာကိုယ်ကို တိုက်ရုံလောက်ပဲ ဆိုရမယ်။ အဲ့လို ချိုးရတယ်။ ပြည်တော်သာကန်မှာက ရေခမ်းနေပြီ။ ၂ လလောက်ရှိနေပါပြီ။ ပြည်တော်သာကန်က ရေကို တစ် မြို့လုံးသုံးနေတာ။ နေ့တိုင်း ညနေ ၅ နာရီကနေ ၆ နာရီအထိဖွင့်ပေးပါတယ်။ ရေကိုအလုအယက် ခပ်ကြရပါ တယ်” ဟု ပြောသည်။
ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း စုစုပေါင်း (၂၄) ခုတွင် လူဦးရေ နှစ်သောင်းကျော်ခန့်ရှိသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မိုးရာသီအတွင်း မိုးအလွန်နည်းပါးခဲ့သည့်အတွက် ယခုနှစ် နွေရာသီတွင် တော ရော၊ မြို့ပါ ရေရှားပါးမှုနှင့် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် အပါအဝင် တခြားမြို့နယ်၊ ကျေးရွာတို့တွင် လည်း ဖေဖော်ဝါရီလ အစောပိုင်း ကတည်းကပင် သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရပြီး အချို့မြို့နယ် များတွင် မသန့်ရှင်းသည့် ရေများကို သုံးစွဲနေရ၍ အရေပြားရောဂါနှင့် ဝမ်းရောဂါများပင် ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။