ကရင်နီတွင် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာပိုမိုခက်ခဲလာ

ကရင်နီတွင် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာပိုမိုခက်ခဲလာ

ကရင်နီ (ကယား) ပြည်နယ်တွင် ၂၀၂၃ ခုနှစ်မှ စတင်၍ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု ပိုမိုလုပ်ဆောင် လာသည့် တချိန်တည်းတွင် စစ်ဘေးရှောင်ဦးရေ တိုးများလာသဖြင့် စားနပ်ရိက္ခာရရှိမှုလည်း ပိုမိုခက်ခဲလာသည် ဟု စစ်ဘေးရှောင်များက ပြောသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယခုလပိုင်းအတွင်း ထပ်မံတိမ်းရှောင်လာသူ တိုးများလာနေပြီး ကူညီ ထောက်ပံ့ပေးမှု နည်းလာသဖြင့် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက တိုးလာပြီး အခုနောက်ပိုင်းလည်း ထောက်ပံ့မှုကနည်းလာတယ်။ နေရာထိုင်ခင်းကော၊ ဆန်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတော့ အခက်ခဲတွေအများကြီးရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေခံ တော်လှန်ရေး ပူးပေါင်း တပ် ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာလာမှုကြောင့် တစ်ပြည်နယ်လုံးရှိ လူဦးရေ ထက်ဝက်နီးပါးမှာ စစ်ရှောင်နေကြရသည်။

၂၀၂၂ခုနှစ်တွင် စစ်ဘေးရှောင် ၂ သိန်းရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရှောင်ဦးရေ ၅ သောင်းကျော် ထပ်မံတိုး လာပြီး အကူအညီအရရှိမှု အလွန်နည်းပါးလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ဒါရိုက်တာ ကိုဗညားက ကေအိုင်စီသို့ ပြောသည်။

၎င်းက “၅ သောင်းဝန်းကျင်ထပ်တိုးလာတယ်။ ထောက်ပံ့မှုက ၂၀၂၃ ခုနှစ်မှာတော်တော်လေးကျသွားတယ်။ ပထမ ၃လမှာ စစ်ဘေးရှောင်‌တွေ စားနပ်ရိက္ခာထောက်ပံ့မှုဟာ လုံးဝရပ်သွားသလောက်ဖြစ်တယ်။‌ စစ်ဘေး ရှောင်တွေအတွက် အတော်လေးစိုးရိမ်စရာဖြစ်တယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါးက လိုအပ်မှုအမြင့်ဆုံး အခြေ အနေမှာ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်ထဲရှိ စစ်ရှောင်များအတွက် အကူညီထောက်ပံ့မှု သယ်ဆောင်လာသည့် ရိက္ခာလမ်းကြောင်း သည်လည်း စစ်ကောင်စီတပ်မှ ဂိတ်ချတားဆီးပိတ်ဆို့ စစ်ဆေးမှုများရှိသည့်အပြင် ဆေးဝါးသယ်ဆောင်မှုတို့ ကိုလည်း ပိတ်ဆို့ထားသည့်အတွက် စစ်ရှောင်စခန်းများတွင် ဆေးဝါးလိုအပ်မှု အမြင့်ဆုံး အခြေအနေတွင် ရှိနေသည်ဟု KnHRG ထံမှ သိရသည်။

ကိုဗညားက “ထိုင်းအစိုးရကလည်း ဂိတ်‌တွေအသေချာထိုင်တယ်။ စစ်ကောင်စီကလည်း နယ်စပ်တောက် လျှောက်မှာ ရှိနေသေးတယ်။ ထိုင်းနိုင်ငံကနေပဲ စားနပ်ရိက္ခာနည်းနည်းတင်ပို့လို့ရတယ်။ အတွင်းပိုင်းကို လုံးဝ ပို့လို့မရဘူး။ တောင်ငူ၊ တောင်ကြီး၊ ပျဉ်းမနားလမ်းဘက်မှာ အဓိကတက်လာတဲ့လမ်းကြောင်းတွေ စစ်ကောင်စီ က ပိတ်ဆို့ထားတာ တစ်နှစ်ကျော်ပြီး။ စားနပ်ရိက္ခာအရပိတ်ဆို့တယ်။ ဆေးဝါးအရပိတ်ဆို့တယ်။ စားဆီသုံး ဆီပါ ကန့်သတ်မှုတွေရှိတယ်။ နောက်ဆုံး မိုးကာကအစ ဖမ်းဆီးတာတွေ ပစ်တာခတ်တာ မကြာခဏ ကြုံရ တယ်” ဟု ဆက်ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းတွင် ရိက္ခာအခက်အခဲရှိလာသည့်အတွက် စစ်ရှောင်အချို့သည် ရွာထဲရှိ ရိက္ခာများ ပြန် လည် သယ်ယူသည့်အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် စစ်ရှောင် နေရာအချို့ တွင် လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေသည့် အတွက် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု ဆိုသည်။

ကယား (ကရင်နီ) ပြည်နယ်ထဲတွင် တိုက်ပွဲများ နေ့စဥ်လိုလိုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်တွင် စစ်ဘေး တိမ်း ရှောင်နေရသည့် ဒေသခံ စစ်ရှောင်ဦးရေ  ၂ သိန်းခွဲအထိရှိလာနေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စာရင်းများအရ သိရသည်။

Most read this week

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...