နယ်စပ်သေ့ဘောဘိုး စစ်ကောင်စီ တပ်စခန်းမှ စစ်သား ၂ ဦး CDM ပြုလုပ်ပြီး KNU ထံခိုလှုံ

နယ်စပ်သေ့ဘောဘိုး စစ်ကောင်စီ တပ်စခန်းမှ စစ်သား ၂ ဦး CDM ပြုလုပ်ပြီး KNU ထံခိုလှုံ

မြဝတီမြို့ တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းရှိ ခြေမြန်တပ်ရင်း - ခမရ ၁၀၂ တပ်ရင်းမှ စစ်သား လူငယ် ၂ ဦးသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု - CDM ပြုလုပ်ပြီး KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ နယ်မြေ၊ တာအူးထစခန်းသို့ ဝင်ရောက်ခိုလှုံခဲ့သည်။

CDM ပြုလုပ်လာသည့် အသက် ၂၀ အရွယ် တပ်သား သော်ဇင်ဦးနှင့် သားချစ်တို့ ၂ ဦးအား မေလ ၅ ရက်နေ့ က ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေသို့ ခိုလှုံရောက်ရှိရန် KNU တာဝန်ရှိသူများက လွှဲပြောင်း ပို့ဆောင် ပေး ခဲ့ ကြောင်း CDM ရဲဘော် ၂ဦး၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရပ်ကွက်တစ်ခုအတွင်း သူငယ်ချင်းတစ်ဦး၏ ညီမဖြစ်သူ မွေးနေ့ပွဲသွားရာမှ အပြန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စစ်သားစုဆောင်းရေးမှ တစ်ဆင့်ရမည်းသင်း စစ်သင်တန်းကျောင်း သို့ ပို့ဆောင်သင်တန်းတက်ခဲ့ရသူများဖြစ်သည်။

၎င်းနှစ်ဦးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကရင်ပြည်နယ်၊ သေ့ဘောဘိုးစစ်စခန်းဘက်သို့ ပို့ဆောင်ခံထားရစဥ် CDM လုပ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု CDM စစ်သားက ကေအိုင်စီကို ပြောသည်။

၎င်းက “တပ်ထဲမှာ သင်တန်းတုန်းက ထွက်ပြေးတာ ပြန်မိတယ်။ သင်တန်းတစ်ကွင်းလုံး ဝိုင်းထိုးပြီး အပြစ်ပေး တာ ခံရတယ်။ ထွက်ပြေးတာ လွတ်သွားရင် သူတို့သင်တန်းဆရာတွေ အရစ်ပြုတ်၊ အပွင့်ပြုတ်မှာ စိုးလို့ချော့ ပြီး ထားတယ်။  အခုရှေ့တန်းရောက်တော့လည်း ထွက်ပြေးလို့ ပြန်မိရင် PDF ဆိုပြီး ဖမ်းပြီး ပစ်သတ်တာခံရ မယ်လို့ ပြောပြီး ထိန်းထားတယ်။ ကျနော်တို့ လူကိုလူချင်း ပစ်ခတ်သတ်ဖြတ်တာတွေ မလုပ်ချင်လို့ CDM လုပ် ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု CDM စစ်သား သားချစ်က ပြောသည်။

လက်ရှိ KNLA တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးစစ်ကြောင်းအဖြစ် သေ့ဘောဘိုး စစ်စခန်းတွင် အထိုင်ချ တပ်စွဲထားသည့် မွန်ပြည်နယ်၊ မုတ္တမမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း - ခမရ ၁၀၂ တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့များသည် ဖလူး - ဝေါလေလမ်းပိုင်း တစ်လျှောက်တွင် အပစ်ရပ်ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် - DKBA တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလုပ်ဆောင်နေကြရသည်ဟု ၎င်း CDM စစ်သား များက ပြောသည်။

အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ DKBA အဖွဲ့ခေါင်းဆောင်များ၏ သဘောထားကို သိရှိရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်  ကြိုးစားဆက်သွယ်နေဆဲ ဖြစ်သည်။

CDM ပြုလုပ်ပြီး KNLA တပ်ဖွဲ့ထံ ခိုလှုံလာသူ ထိုရဲဘော်နှစ်ဦး၏ ပြောဆိုချက်အရ စစ်ကောင်စီတပ် စစ်ကြောင်း များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုအမျိုးမျိုးတပ်၍ ဖမ်းဆီးခံရကာ စစ်သင်တန်းပေးပြီး ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံထားရသည့် လူငယ်အများအပြား ရှိနေသည်ဟုလည်း ပြောဆိုထားသည်။

CDM လုပ်ကာ ခိုလှုံလာသူ ရဲဘော်သော်ဇင်ဦးက “ကျနော်တို့  သင်တန်းတက်ခဲ့တဲ့ ရဲဘော်သူငယ်ချင်းတွေ အများ ကြီးပါတယ်။ ဆေးမိတာ၊ ရန်ဖြစ်တာ၊ လုပ်အကိုင်မရှိ၊ မှတ်ပုံတင်မရှိတာတွေကို ဖမ်းမိရင် စစ်တပ်ထဲ ဝင်ခိုင်းပြီး စစ်သင်တန်းကို ခေါ်လာသူတွေ အခုရှေ့တန်းမှာ အများကြီးရောက်နေကြတယ်။ ဘယ်သူမှ စစ်မ တိုက်ချင်ကြဘူး။ အုပ်ချူပ်တဲ့ အရာရှိတွေကလည်း သူတို့ ရာထူးတိုးဖို့ ရှေ့တန်းဟန်ပြ ထွက်လာကြတာ။ တစ် လနေပြီး နောက်တန်းပြန်ဝင်ရင် ရာထူးတိုး တစ်ဆင့်တက်ပြီး နေရာပြောင်းသွားကြတာမျိုးပဲ ရှိတယ်” ဟု ပြော သည်။

၂ နှစ်ကျော်အကြာ စစ်ရေးတင်းမာကာ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖလူး-ဝေါလေ လမ်းပိုင်း တစ် လျှောက်တွင် စစ်ကောင်စီတပ်ဘက်မှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA ဘက်သို့ CDM ပြု လုပ်ကာ ခိုလှုံဝင်ရောက်ခဲ့ကြသည့် အရာရှိ ဗိုလ်မှူးအဆင့်မှ ဗိုလ်ကြီးအဆင့်၊ ရဲဘော်အဆင့်အထိ စုစုပေါင်း ၅၀ ကျော်ခန့်ရှိသည်ဟု CDM ပြုလုပ်လာသူများအား ကူညီပေးနေသူများက ပြောသည်။

CDM ပြုလုပ်ဘက်ပြောင်း ခိုလှုံလာသူများအား လွတ်မြောက်နယ်မြေထဲရှိ နေရာများတွင် KNU တာဝန်ရှိသူများ နှင့် အတူ ပြည်သူ့ရင်ခွင်အဖွဲ့၊ ပြည်သူ့ပန်းတိုင်အဖွဲ့၊ စစ်သည်စစ်သား ဇနီးများအဖွဲ့တို့ မှ စားဝတ်နေရေး၊ အလုပ် အကိုင်ရရှိရေး၊ နေရာထိုင်ခင်းရရှိရေးတို့အား စီစဥ်ဆောင်ရွက် အကူအညီပေးနေသည်။

Most read this week

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...