အဋ္ဌမအကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံ ထုတ်ပြန်ကြေညာချက်

အဋ္ဌမအကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံ ထုတ်ပြန်ကြေညာချက်

“ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေ့ရှုသော မီဒီယာ” ခေါင်းစဉ်ဖြင့် ကျင်းပသော အဋ္ဌမ အကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံကို နယ်စပ်အနီးတစ်နေရာတွင် ဧပြီလ နောက်ဆုံးပတ်အတွင်း ၃ ရက်တာ ကျင်းပခဲ့ပါသည်။

အဋ္ဌမ အကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံသို့ ပြည်တွင်းပြည်ပ အခြေစိုက် သတင်း မီဒီယာ ၄၀ မှ သတင်းသမား ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက် သံတမန် အချို့နှင့် အလှူရှင်များ စုစုပေါင်း ၁၃၀ တက်ရောက်ခဲ့ကြပါသည်။

ညီလာခံတက်ရောက်လာသူများက စစ်ကောင်စီ လက်အောက်ခံ “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ” သည် လွတ်လပ်သော မြန်မာမီဒီယာများကို ကိုယ်စားပြုခြင်း မရှိကြောင်း တစ်ခဲနက် သဘောတူ ရှုတ်ချခဲ့ကြသည်။ ထို့အပြင် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ထိန်းကျောင်းပေးမည့် အမှီအခိုကင်းသော ကိုယ်တိုင်ထိန်းညှိမှု ယန္တရား (Independent Self-Regulatory Body) တစ်ခုကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပြီး အဆိုပါ ယန္တရား ပေါ်ပေါက်ရေးအတွက် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။

ညီလာခံ အတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို အခြေခံ ရေးဆွဲသည့် လူထု ဝန်ဆောင်မှု မီဒီယာများ ပေါ်ပေါက်လာရေး အတွက်လည်း ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် အသုံးပြုရန် တိုင်းရင်းသား မီဒီယာ မူဝါဒ အဆိုပြုချက်များကို ရေးဆွဲအတည်ပြုခဲ့ကြသည်။

ညီလာခံ အတွင်း “လွတ်လပ်ပြီးအမှီအခိုကင်းသော မီဒီယာ များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွင် မီဒီယာ အဖွဲ့အစည်းများ အင်တာနက် အွန်လိုင်း နည်းလမ်းများဖြင့် ဝင်ငွေရှာဖွေသည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ Facebook နှင့် Youtube ကဲ့သို့ အွန်လိုင်း မီဒီယာ များတွင် ဝင်ငွေရှာဖွေနိုင်သည့် အခွင့်အလမ်းများနှင့် အနာဂတ် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံမှ အသံများကို အာဆီယံဒေသသို့ ချဲ့ထွင်ခြင်း”ဟူသော ခေါင်းစဉ်ဖြင့် လက်ရှိ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်း အနေအထားများနှင့် ဒေသတွင်း အခြေအနေများကိုလည်း သုံးသပ် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဒေသအတွင်း နိုင်ငံအစိုးရများနှင့် ပြည်သူများ သိရှိရန် နည်းလမ်းများ ရှာဖွေခဲ့ကြသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တွေ့ကြုံလာရသော လုံခြုံရေး၊ ရပ်တည်ရေး အခက်အခဲများကြားက သတင်းမီဒီယာသမားများ၊  မီဒီယာအဖွဲ့အစည်းများ၏ သတင်းထုတ်လုပ်နေမှုများကို ညီလာခံက အသိအမှတ်ပြုသည်။

လွတ်လပ်ပြီးအမှီအခိုကင်းသော မြန်မာမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင် မီဒီယာများ၏ အခန်းကဏ္ဍအတွက် အဋ္ဌမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံကို Burma News International (နိုင်ငံတကာ မြန်မာသတင်း) အဖွဲ့က ကမကထပြု ကျင်းပခဲ့သည်။ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ကို တိုင်းရင်းသားနှင့် ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်း ၁၅ ဖွဲ့  ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဆက်သွယ်ရန်

၁။ နန်းဖောဂေ +၆၆ ၀၉ ၂၆၀၆ ၇၆၃၁

၂။ ဦးခိုင်မြတ်ကျော် +၆၆ ၉၂၀ ၁၃၃ ၆၇၉

၃။ ဦးစိုးရ +၆၆ ၀၉ ၈၅၅ ၂၃၁၇၁

ထုတ်ပြန်ကြေငြာချက်

Most read this week