ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းနှင့် မြို့အပြင်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီစစ်ဘေးရှောင်နေကြရသည့် ဒေသခံထောင် ၃,၀၀၀ ကျော်အတွက် စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် နေသည်ဟု မဲကနယ်ကျေးရွာစစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက် မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရသည့် တိုက်ပွဲဖြစ်စဥ်မှ ယခုဧပြီလ ၂၀ရက်အထိ မြဝတီမြို့အပြင်ဘက်ရှိ ကျေးရွာတွေဘက်တွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLAပူး ပေါင်းတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ(၃၀၀၀)ကျော်မှာ နေရပ်စွန့် ခွာ စစ်ဘေးရှောင်နေကြရသည်မှာ တစ်လ နီးပါး ကြာမြင့် လာပြီ ဖြစ်သည်။
လက်ရှိ အခြေအနေတွင် မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနှင့် သင်္ဃန်းညီနောင်ကျေးရွာမှ ဒေသခံများမှာ မြဝတီမြို့ပေါ်ဘုန်းကြီးကျောင်း ၄ ကျောင်းအပြင် ဖားချောင်းကျေးရွာ ရှမ်းဘုန်းကြီးကျောင်း၊ မင်္ဂလာရွာဦး ကျောင်းနှင့် မေတ္တာကျောင်း နေရာများတွင် ယာယီခိုလှုံနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု စစ်ရှောင်နေသူအမျိုး သမီးတစ်ဦးက ပြောသည်။
၎င်းက “ တိုက်ပွဲက နေ့ရောညရော ဆက်ဖြစ်နေတော့ လေယာဥ်လာပစ်လိုက်၊ အလုံးကြီးတွေ ပစ်ထုတ်လိုက် ဖြစ်နေတာ၊ မဲကနယ်ရွာထဲလည်း အိမ်တွေကျောင်းတွေ၊ ဘုရားကျောင်တွေ ကြေပျက်ကုန်ပြီလေ၊ ပြန်ဖို့ က မလွယ်တော့ဘူး။ အဒေါ်တို့မှာ ဘုန်းကြီးကျောင်းမှာ ခိုနေရတာဆိုတော့ လိုတာကတော့ အကုန်လိုတယ်။ ဆန်၊ ဆီ၊ ကြက်သွန်ကတော့အဓိကလိုတာပေါ့။ အခုနောက်ပိုင်းဆိုရင် တစ်ပတ်တစ်ခါ သုံးရက်တစ်ခါမှ နိုင်သလောက်နည်းနည်းချင်းလာလှူကြတော့တယ်။ ”ဟု ပြောသည်။
ထို့အပြင် သောက်သုံးရေ၊ ဆေးဝါးနှင့် အဝတ်အထည်၊ နေရာထိုင်ခင်း၊ သောက်သုံးရေများ လိုအပ်နေ သည်ဟုလည်း အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။
“ ဒီမှာက တချို့တွေဆိုရင်အဝတ်အစားတောင် ပါမလာဘူး။ နွေရာသီလည်းရောက်လာပြီ ဓာတ်ဆားတွေလိုတယ်၊ သောက်ရေက ဝယ်သောက် နေရတာမျိုး၊ သုံးရေ ချိုးရေကတော့ မီးစက်နိုးပြီး ရေသုံး ရတာဆိုတော့ အကန့် အသတ် နဲ့ပဲ သုံးရတယ်။ အခုချိန်ထိဆေးလှူတာမျိုး ဆေးအကူအညီပေးတာမျိုး တွေမရှိသေးဘူး”ဟု ထို မဲကနယ် ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးက ပြောသ်ည။
မဲကနယ်ကျေးရွာနှင့် ဖားချောင်းကျေးရွာမှ စစ်ဘေးရှောင် ဒေသခံများသည် ရွာသစ်နှင့် အပြင်မဲကနယ် ကျေးရွာက ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် တစ်ကျောင်းကို စစ်ရှောင်ဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားချောင်း ရွာ ၊ ရှမ်းကျောင်းဘုန်းကြီးကျောင်းတွင် လူဦးရေ စုစုပေါင်း ၁၀၆ ဦး အပါအဝင် စစ်ဘေးရှောင်သူ ၁၀၀၀ ထောင် လောက်ခိုလှုံ နေထိုင်နေကြရသည်ဟု သိရသည်။
ထို့အပြင် ရွှေမြစန္နီ၊ မြေနီကုန်း၊ အောင်မြေရွှေဘုံ၊ ကျောက်လုံးကြီး အနောက်ဘက် ရပ်ကွက်များက ဒေသခံ ၂၀၀၀ ခန့်မှာ မြဝတီ မြို့ပေါ်ရပ်ကွက်ထဲရှိ တောရကျောင်း၊ ဟေမန်ဦးကျောင်း၊ မြေနီကုန်း ဘုန်းကြီးကျောင်း၊ ရွှေမြစန္နီ ဘုရားဝင်း နေရာများတွင် ယာယီစစ်ဘေးရှောင် ခိုလှုံနေထိုင် ကြရပြီး အခြား ရပ်ကွက်များအတွင်းနှင့် လေးကေကော် ယာယီစစ်ဘေး ရှောင်စခန်းများ ဘက်အထိပါ စစ်ဘေးရှောင် ခိုလှုံနေရသူများ ရှိနေကြောင်း သိရသည်။
“တိုက်ပွဲက ဒီမနက်လည်း ဆက်ဖြစ်နေတယ်၊ စစ်တပ် သတင်းတွေမှာတော့ ကရင်အဖွဲ့တွေ စခန်းတွေ သိမ်းရပြီ၊ ဆိုပြီး သတင်းတွေ တက်နေတယ်။ အဲ့လိုဆိုတော့ ကိုယ့်နေရာ ပြန်နေမယ်ဆိုတော့လည်း BGF က ပေး ပြန် မနေခိုင်းဘူး၊ အခုက တစ်လပြည့်တော့ မယ်၊ နေနေရတာ၊ မြဝတီ ဖောင်ဒေးရှင်းအဖွဲ့ ၊ သူဌေး
အလှူရှင်တွေကတော့ စားစရာ လာလာ ပေးတာတော့ ရှိတယ်၊ နေတိုင်းတော့ မဟုတ်ပါဘူး၊ ကြံဖန် စားသောက် နေရတယ်၊ နေပူက ပြင်းတာနဲ့ အလုပ်လည်း ထွက်လုပ်မရ၊ ရွာလည်း ပြန်ကြည့်မရနဲ့ တော်တော် ခက်ခဲတယ်။ ” ဟု မဲကနယ် ရွာသား လူမှုရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များ မြဝတီ မြို့ဘက် ခိုလှုံနေကြရခြင်း၊ စားသောက်စရာ နေရာထိုင်ခင်း ကိစ္စ ကူညီပေး နေရခြင်း နှင့်ပတ်သက်၍ မြဝတီစစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့၊ မြဝတီဖောင်ဒေးရှင်းအဖွဲ့ များဘက်သို့ စစ်ဘေးရှောင် အချက်အလက်နှင့် ကူညီထောက်ပံ့ရေး အစီအစဥ်များကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် လက်ခံဖြေကြား ခြင်း မရရှိသေးပါဘူး။
အဆိုပါ တိုက်ပွဲ ဖြစ်စဥ် အတွင်း စစ်ကောင်စီတပ်၊ BGF တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲခြင်းအပြင် အတွဲလိုက်ပစ် ရော့ ကက်ဗုံးများ ပစ်ခတ်မှုကနေ
သေခံနေအိမ်တချို့၊ ဘုးရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများပျက်စီးခဲ့သည့်အပြင်
ယနေ့ နံနက်ပိုင်း အထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် မြဝတီ ကော့ကရိတ် အာရှလမ်းမ ကြီး မှာ ဖြတ်သန်း သွားလာ ကြသည့်ခရီးသည်နှင့်ကုန်စည်တင်ကားများမှ တိုက်ပွဲ ငြိမ်ချိန် စောင့်ပြီးဖြတ်သန်း သွား လာနေကြ ရ ကြောင်း သိရသည်။