အပူချိန်လွန်ကဲလာတာကြောင့် အထူးသတိထားသွားလာနေထိုင်ကြဖို့ ဆရာဝန်တွေတိုက်တွန်း

အပူချိန်လွန်ကဲလာတာကြောင့် အထူးသတိထားသွားလာနေထိုင်ကြဖို့ ဆရာဝန်တွေတိုက်တွန်း
ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

မြန်မာနိုင်ငံ အထက်အညာဒေသနဲ့ နိုင်ငံတဝန်းမှာ အပူချိန်သိသိသာမြင့်တက်လာတဲ့အတွက် အပူရှပ်သေဆုံးနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေအနေ နဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အခုလို အပူချိန်တွေ သိသိသာသာ မြင့်တက်လာတာကြောင့် ကလေးသူငယ်တွေ၊ အသက် (၆၀)နှစ်အထက် လူကြီးတွေနဲ့ ရောဂါအခံရှိသူတွေဟာ အပူရှပ်မှုအဖြစ်များနိုင်တာကြောင့် ဒီကာလမှာ အထူးသတိထားဖို့ နေထိုင်သွားလာကြဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

ဆရာဝန်တစ်ဦးကတော့ အပူချိန်လွန်ကဲမှုကြောင့် အပူရှပ်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အသက်အန္တရာယ်ရှိသလို အပူရှပ်ခြင်းကြောင့် လူ ၁၀၀ လျှင် ၁၀ ရာခိုင်နှုန်း သေဆုံးနိုင်တဲ့အတွက် အထူးသ တိထား သွားလာနေထိုင်ကြဖို့ တိုက်တွန်းတာပါ။

“အဓိက ကတော့ အပူချိန်လွန်ကဲတာရယ်၊ အပူထဲမှာ အလုပ်လုပ်ရတဲ့လူတွေ၊ ချွေးထွက်များတဲ့ လူတွေ နောက်အပူအအေး မမျှတတာတွေပေါ့။ နောက်သွေးထဲမှာရှိတဲ့ ဓာတ်ဆားဓာတ်တွေ မမျှတမှုပေါ့။ အခုက အပူရှပ်တယ်လို့ ခေါ်တာပေါ့။ အဲဒီအဆင့်အထိ ရောက်သွားနိုင်တယ်။ နှစ်တိုင်းဒီလို အပူချိန်မြင့်တဲ့အခါမှာ (Heat Stroke) ဖြစ်စဉ်တွေ တွေ့ရတာ ပိုများလာမယ့် လက္ခဏာတွေ ရှိတာပေါ့။ (Heat Stroke) ဖြစ်ရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်။ လူ(၁၀၀)မှာ (၁၀)၊(၂၀)လောက် သေတဲ့အနေအထားပေါ့။ တကယ်ဖြစ်ခဲ့ပြီဆိုရင် အဲဒီအဆင့်ထိ မရောက်ရင် သေဆုံးနှုန်းကနည်းနည်းလျော့မယ်။ (Heat Stroke) ရပြီး သေချာပေါက် အပူရှပ်တဲ့အဆင့်ဆိုရင်တော့ အနည်းဆုံး (၁၀) ရာခိုင်နှုန်းလောက် သေဆုံးနိုင်တယ်”လို့ ဆိုပါတယ်။

အပူချိန်မြင့်မားမှုကြောင့် အပူရှပ်ခြင်းမဖြစ်စေဖို့အတွက် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အ ချိန် အကြာကြီးမနေဖို့၊ မနက်(၁၀)နာရီ နောက်ပိုင်းတွေမှာ ရေမချိုးဖို့၊ အပူစုပ်တဲ့ အဝတ်အစားတွေ မဝတ်ဆင်ဖို့နဲ့ ချွေးထွက်သန်တဲ့သူတွေအနေနဲ့ ချက်ချင်းအေးခဲတဲ့ အချိုရည်တွေ မသောက်သုံးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပူရှပ်ခြင်းကြောင့် ကြွက်သားတွေ နာကျင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်အပူချိန်တက်တာတွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ ပြသဖို့လိုအပ်ပြီး အချိန်မီမပြသပါက သေဆုံးနိုင်တဲ့ အခြေအနေထိ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက သတိပေးတာပါ။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အပူချိန်လွန်ကဲမှုဟာ ရာသီဥတု အ ပြောင်းအလဲကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး အပူချိန်မြင့်မားမှုဟာ လာမယ့်မေနဲ့ ဇွန်လလောက်မှ ကျဆင်းလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပူချိန်တွေ မြင့်တက်လာရတာတော့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကျွန်မတို့ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံး ခံစားနေရတာပေါ့နော်။ အဓိက အပူချိန်မြင့်တက်တာကတော့ ရာသီဥတုပြောင်း လဲမှုဒဏ်ကြောင့်ပေါ့နော်။ နောက်တစ်ခုက ဒီလိုကာလဆိုတာက မြန်မာပြည်အလယ်ပိုင်းကတော့ အခါတိုင်းအမြင့်ဆုံးပေါ့နော်။ ဒါပေမယ့် ကျန်တဲ့ဒေသတွေက အခုအပူချိန်ကဲပြီး ခံစားနေရပေမယ့် ဒီလိုသိသာတဲ့ စံချိန်ကျိုးတဲ့အထိတော့ မဖြစ်သေးဘူးပေါ့နော်။ ဒါရာသီဥတုပြောင်းလဲတာကြောင့်မို့လို့ ကျွန်မတို့တွေ ခံစားနေရတယ်။ အဲဒီတော့ ဒီလိုရာသီဥတု ပြောင်းလဲလာတော့ သစ်တော၊သစ်ပင် ပြုန်းတယ်။ ရာသီဥတု ပြောင်းလဲလာမယ်၊ ဒါတွေကြောင့် အပူဒဏ်ကိုခံရတာပေါ့။ မုတ်သုံဝင်ရင်တော့ အပူလျော့သွားမှာပေါ့။ (၅)လပိုင်း၊ (၆)လပိုင်းဆို မုတ်သုံ ဝင်လာမယ်။ နောက်မိုးကြိုကာလလာမယ်။ ဒီလောက် အပူပြင်းတက်လာရင် ကျွန်မတို့သတိထားရမှာက မိုးကြိုကာလမှာဖြစ်တဲ့ မုန်တိုင်းတွေကပိုပြီးတော့ အဖျက်စွမ်းအားကြီးမားတယ်ပေါ့နော်”လို့ ဆိုပါတယ်။

အပူချိန်လွန်ကဲမှုဟာ သစ်ပင်သစ်တောတွေ ပြုန်းတီးလာတာ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်တာ၊ လေထုစိုထိုင်းဆ အနည်းအများတို့အပေါ်မူတည်ပြီး အပူချိန်မြင့်တက်လာမှုကို ခံစားနေရတာဖြစ်တယ်လို့ မိုးဇလပညာရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အပူချိန်လွန်ကဲမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အပူရှပ်မှုကြောင့်(heat stroke) ဖြစ်ပွားသူ အယောက် ၂၀၀ နီးပါးမှာ အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

November 20, 2024
မြန်မာနိုင်ငံက စီးပွားရေးကုန်သည်တွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေအပါအဝင် သားသမီးတွေကိုခြောက်လအထိ...
November 19, 2024
တပ်အင်အားပြုန်းတီးမှုနဲ့အတူ စစ်သည်လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန် ပြည်နယ်မှာ...
November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...