မဲကနယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

မဲကနယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသတွင် ယမန်နေ့ ဧပြီလ(၁၉)ရက် နေ့က ကော်ဘရာစစ်ကြောင်း (Cobra Column ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

မဲကနယ်ကျေးရွာအနီးရှိ ကျောက်မိုင်းဒေသအတွင်းသို့  လက်နက်ကြီးပစ်ပြီးစစ်ကြောင်းနှစ် ကြောင်းဖြင့် ထိုးစစ်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက် စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီစသည့်ပူးပေါင်းတပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးစောကော်က “သေနတ်က ၉ လက်ရတယ်။ မနေ့ ညနေကတော့ တစ်ညနေလုံးပဲ လက်နက်ကြီးတောက်လျှောက်ပစ်နေတယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ စကစဘက်က စစ်ကြောင်း ၂ ကြောင်းတက်လာတယ်။ ကျနော်တို့အဖွဲ့နဲ့ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပြီး သူတို့ဘက်က နောက်ပြန် ဆုတ်သွားတယ်။ စကစဘက်ကအင်္ကျီတို့ သေနတ်တို့က ကျန်ခဲ့တယ်။ လက်နက်ကြီးပစ်နေတာက မဲကနယ် ဘက်နဲ့ကျောက်မဲဘက်ကို ပစ်နေတယ်”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင် စီ တပ်ဘက်မှ (၂၄)ဦးသေဆုံးပြီး (၂၃)ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးကျဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့်  စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များက မြဝတီမြို့အပြင်ဘက်ခြမ်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် လုံခြုံရေး ပိုမိုတိုးချဲ့ ထားလျက်ရှိကြောင်း မြို့ခံများကပြောသည်။

ထို့အပြင် မြဝတီမြို့တောင်ပိုင်းရှိ မဲကနယ်၊ ကျောက်တောင်၊ ကျောက်မဲ စသည့်ကျေးရွာများတွင် စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသော်လည်း မြဝတီမြို့ထဲတွင် အာဝါဒေး လောင်းကစားဝိုင်းများ စည်ကားလျက်ရှိနေကြောင်း မြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“ညဘက် ၁၀ နာရီလောက်ဆို လက်နက်ကြီးသံရော ပွဲသံရော ကြားနေရပြီး။ အာဝါဒေးဝိုင်းကတော့ များလာ တယ်။ အင်ကြင်းမြိုင်ရေကစားနေရာမှာလည်း စည်နေရောပဲ။  ဇာတ်ပွဲတွေရော အကုန်စုံနေပြီး။ ညမထွက်ရ အမိန့်ထုတ်ထားလည်း သွားနေကြတာပဲ”ဟုဆိုသည်။

၎င်းတိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်အကျအဆုံးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က တရားဝင်  ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မူ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

Most read this week

November 20, 2024
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို...
November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...