Sai Hseng Leng — ကျယ်ဝန်းတဲ့ မြေနီတွေပေါ်မှာ တိုင်တွေစိုက်ထူထားပြီး မြေကွက်တွေကို အကွက်ရိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းစားနေကြပါတယ်။ အရင် တချိန်ဟာ စိုက်ပျိုးတောင်ယာတွေဖြစ်ပြီး ရာသီအလိုက် သီးနှံတွေ ပြောင်းတွေကို စိုက်တဲ့မြေနေရာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြေထိုးကားတွေ ကား တစ်စီးပြီး တစ်စီး သွားလာလှုပ်ရှားပြီး စိုက်ပျိုးမြေမှ ရောင်းမြေဖြစ်အောင် မြေညှိနေကြပါတယ်။ အဲ့ဒီ မြေကွက်တွေရောင်း၊ ဝယ်ဖို့လုပ်တဲ့နေရာက တရုတ် – မြန်မာ ၂ နှစ်ငံကြား ကုန်တင်ပို့မှု နဲ့ စီးပွားဖြစ် ကျော်ကြားတဲ့ သျှမ်းပြည် လားရှိုးမြို့နယ်မှာပဲ ဖြစ်ပါတယ်။
အခုလက်ရှိ လားရှိုးမြို့နယ်တစ်ခုလုံး ပတ်ပတ်လည်မှာဆိုရင် မြေကွက် ရောင်း၊ ဝယ်မှု က ကြီးကြီးကျယ်ကျယ် ပါပဲ။
“လားရှိုးမြို့နယ်မှာက အခု မြေကွက်တွေက စီးပွားဖြစ်နေတယ်။ ရောင်း ၊ ဝယ် နေကြတာတော့ လားရှိုးမြို့နယ် တစ်ခုလုံးပါပဲ။ ကျေးရွာတွေဘက်လည်း အကုန်လုံး ရောင်းနေကြတယ်” ဟု လားရှိုးမြို့နယ် စိုင်းကျော် (အမည်လွှဲ) က ပြောပါတယ်။
မြေကွက်ဝယ်ယူသူက တရုတ်လူမျိုးတွေဖြစ်နေ
လားရှိုးမြို့နယ်မှာ မြေကွက်ရောင်းဝယ်မှု စီးပွားဖြစ်နေတာ အထူးဆန်း မဟုတ်ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဈေးနှုန်းကတော့ အရှိန်အဟုန် မြင့်တက်လာပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ စီးပွားရေးဟာ ကမောက်ကမ ဖြစ်လာပြီး သာမာန် လူတန်းစားတွေဟာ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ရှိတဲ့မြေတွေကိုရောင်းပြီး အသက်ဆက်ရှင်သန်ကြသလို ပိုက်ဆံရှိတဲ့ လူတန်းစားတွေကလည်း မြေကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။
ဒါကြောင့် မြေစျေးတွေဟာ ထင်ထားတာထက် အဆမတန် မိုးပေါ်မြင့်တက်နေတာပါ။
“အာဏာသိမ်းလိုက်တော့ စီးပွားရေးကျ၊ ငွေကလည်း ဖောင်းပွလာ လုံခြုံမှုကလည်း မရှိဘူး။ ရွှေဈေးကလည်း မငြိမ်။ ပြီးတော့ ဓားပြကိုလည်း ကြောက်ရတယ်။ ဒေါ်လာ ဝယ်ထားမယ် ဆိုတော့လည်း ဒေါ်လာကိုင်ရင် ဖမ်းမယ်လို့ ထုတ်ပြန်ထားတယ်။ ဘဏ်ထဲ သွားထည့်ထားရင်လည်း ပြန်ထုတ်ဖို့က ခက်တယ်။ အဲ့ကြောင့် ငွေရှင်တွေကလည်း မြေဝယ်တယ်။ ပြည်သူတွေကလည်း မရှိတာကြောင့် ရောင်းစားကြတယ်။ အဲ့တော့ မြေဈေးတွေက ဈေးပြန်ကြီးလာတယ် ” လို့ လားရှိုးမြို့နယ်အတွင်း မြေပွဲစား စိုင်းလူ (အမည်လွဲ) က မြေဈေးနှုန်းကြီးလာရတဲ့ အကြောင်းရင်း ကိုပြောပြပါတယ်။
လားရှိုး မြို့လယ်ခေါင်မှာ အိမ်ပါခြံဟာ သိန်း ၅ သောင်းအထိ ဈေးပေါက်နေပြီး ၆၀ ပေ ပတ်လည် မြေတကွက်လျှင် သိန်း (၃,၀၀၀) လောက်အထိ ဈေးပေါက်ပါတယ်။
များသောအားဖြင့် မြေကွက်တွေကို ဝယ်နေတဲ့သူတွေဟာ တရုတ်လူမျိုး သူဌေးတွေ ဖြစ်ပြီး ကိုးကန့်ဘက်ကလာတဲ့ သူတွေများကြောင်း လားရှိုးမြို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“ တရုတ်တွေ လာဝယ်ကြတယ်။ အခု လွယ်လွမ့် မယ်ဟန်ရွာတွေဆိုရင် ကိုးကန့်တွေ လာနေတာများတယ်။ အဲ့နားလည်း မြေကွက်တွေကို အကွက်ချပြီးတော့ ရောင်းနေကြတယ်။ အရင်က လွယ်လွမ့်ရွာဆိုရင် တအာင်းရွာဖြစ်တယ်။ အခုဆို တရုတ် ၊ ကိုးကန့်တွေက လူဦးရေ အများဆုံး ဖြစ်နေတယ်” လို့ လွယ်လွမ့်ရွာ အနီးနေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
အချို့ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံသား စိစစ်ရေးမှတ်ပုံတင်ကဒ် လုပ်ပြီး မြေတွေဝယ်ယူနေသလို အချို့ကလည်း မြေပိုင်ဆိုင်ဖို့အတွက် မြန်မာအမျိုးသမီးတွေကို လက်ထပ်ယူတဲ့ အထိ ကြိုးစားနေတာတွေလည်း ရှိနေပါတယ်။
“ ကျနော်တို့ဘက် ကိုးကန့် ၊ ကွမ်လုံ၊ ဟိုပန်ဘက် တရုတ်တွေ လာဝယ်တာများတယ်။ တရုတ်လူတွေက ဒီဘက် မြေဝယ်လို့ရအောင် နည်းမျိုးစုံ တချို့ တရုတ်တွေကတော့ မြန်မာမှတ်ပုံတွေ ရှိထားတယ်။ တစ်ချို့ တရုတ်တွေတော့ မရှိဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိထားတဲ့ တရုတ်လူမျိုးတွေက မြန်မာ အမျိုးသမီးတွေကို လက်ထပ်ယူပြီး မြေဝယ်ယူတဲ့အထိ ရှိခဲ့တဲ့ ဖြစ်စဥ် ရှိကြောင်းလည်း အထက်ပါ အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင်ကြုံတွေ့ခဲ့တာကို ပြန်ပြောပြပါတယ်။
“ ကျနော် တစ်ခါကြုံဖူးတယ်။ တရုတ်နိုင်ငံသားတစ်ယောက် ဒီဘက်မှာ မြေဝယ်ချင်တာ။ မှတ်ပုံတင်မရှိတော့ ရောင်းပေးလို့ မရဘူးလေ။ အဲ့တော့သူက ဒီဘက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူတယ်။ ပြီးတော့ ပြန်လာဝယ်တယ်။ ဝယ်တဲ့အချိန်မှာလည်း သူ့မိန်းမ နာမည်မထည့်ပဲနဲ့ သူ့နာမည် ထည့်ချင်တယ်တဲ့။ မရဘူးလို့ ပြောလိုက်တော့ သူလည်း မဝယ်ဖြစ်ဘူး” လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပြပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း တရုတ်နိုင်ငံသားအချို့ က လဝက ရုံးတွေမှာ ကျပ်သိန်း ၁၀ ချီပေးပြီးတော့ မှတ်ပုံတင်တွေ ပြုလုပ်နေတာလည်း ရှိပါတယ်။
“ တရုတ်တွေကတော့ မှတ်ပုံတင် လုပ်ရတာလည်း လွယ်တယ်။ လားရှိုးမှာ မြန်မာ စကားမတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ကျနော်တို့ တိုင်းရင်းသားတွေပဲ ခက်တာ။ သူတို့က ပိုက်ဆံကို သိန်း ၁၀ ချီပေးပြီးလုပ်တယ်။ သူတို့ကတော့ လိုချင်လွန်းလို့ လုပ်ကြတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကတော့ သွားလုပ်ခိုင်းတာတောင် မအားဘူးလို့ ပြောနေကြသေးတယ်” လို့ အုပ်ချုပ်ရေးမှူးက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
လက်ရှိ နိုင်ငံအာဏာကို လုယူထားတဲ့ အစိုးရက တရုတ်တွေကို မှတ်ပုံတင် လုပ်ပေးနေတာက လာမဲ့ ရွေးကောက်ပွဲမှာ အကျိုးသက်ရောက်မှုရှိဖို့အတွက်ကြောင့် လုပ်ပေးနေကြောင်း ၎င်း အုပ်ချုပ်ရေးမှူးက သုံးသပ်ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုကလည်း ယိမ်းယိုင်ထိုးကျလာပြီး တရားမဝင် လုပ်ငန်းတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ လောင်းကစားဝိုင်းတွေကလည်း ပေါ်တင်ရောင်းချ ဖွင့်လှစ်လာကြပါတယ်။
“အခုဆိုရင် လားရှိုး ဟိုတယ် ၊ တည်းခိုခန်းတွေက အိပ်စရာ နေရာတောင် မရှိဘူးတဲ့။ နေ့တိုင်းလူပြည့်နေတာတဲ့။ အခု ဆင်နှစ်ကောင် ဟိုတယ်ဆိုရင် အပေါ်ထပ်မှာ ကာစီနို ဖွင့်ထားပြီးတော့ အောက်မှာ လူတွေကို ပေးအိပ်တာတဲ့။ မြေဝယ်ဖို့ လာကြည့်တဲ့ သူတွေကလည်း အဲ့မှာ လာအိပ်ပြီး နေကြတယ် ” လို့ လားရှိုးဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လားရှိုးမြို့နယ်အတွင်းမှာ မြေကို အသည်းအသန် ဝယ်ယူချင်နေကြတာဟာ လောင်းကစားဝိုင်းတွေ ကာစီနို အဆောက်အအုံတွေ တည်ဆောက်သွားဖို့ အတွက် ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး အချို့ နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဟိုတယ်တွေမှာက ကာစီနို ဖွင့်သလို မြေပြင်မှာကတော့ လောင်းကစားဝိုင်းတွေ ဖွင့်နေကြတယ်။ တချို့တွေက လောင်းကစားဖွင့်ဖို့ မြေနေရာတွေ လိုက်ငှားနေတယ်။ ကျနော်တို့ အိမ်မှာလည်း လာငှားတယ်။ ကျနော်တို့က မပေးငှားဘူးလေ။ တချို့ကလည်း ငှားပေးနေတာရှိပါတယ်” လို့ အသက် ၅၀ အရွယ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
လားရှိုးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရှိရာနေရာဖြစ်သလို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ကျင်လည်ရာ ဒေသဖြစ်ပါတယ်။
ဒါပေမယ့် တရားမဝင် မြေရောင်းဝယ်မှုကိုတော့ လူမျိုးရေးလုပ်ဆောင်နေတဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ကန့်ကွက်မှု မရှိတဲ့အပြင် မြေရောင်းလိုက်တဲ့ သူတွေဆီကို ဆက်ကြေး (အခွန်) အဖြစ် ကောက်ယူမှု ရှိနေကြပါတယ်။
မြေကွက်ကို ဘယ်လိုရောင်းဝယ်ကြလဲ
စစ်တပ် အာဏာသိမ်း ၂ နှစ်သာ ကာလအတွင်းမှာ နိုင်ငံအတွင်း စီးပွားရေးတွေ ကျဆင်းလာပြီး လောင်းကစားဝိုင်း ၊ သူခိုး ၊ ဓားပြတွေလည်း ပေါများလာသလို ပြည်သူတွေ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့အတွက်လည်း ခက်ခဲလာခဲ့ပါတယ်။
ဒါကြောင့် ပြည်သူတွေကလည်း ရရာနည်းလမ်း နဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ စိုက်ပျိုးမြေ တစ်ဧက ကို သိန်း ၅၀၀ ကနေ ၈၀၀ ဝန်းကျင်ကြား နဲ့ ပွဲစားတွေကို ရောင်းချပေးနေပါတယ်။
တစ်ဖက်မှာလည်း ဒီမြေတွေဟာ အစိုးရ နယ်မြေ၊ တပ်ပိုင်မြေ ဆိုပြီး ခြိမ်းခြောက်ခံရမှုတွေရှိတဲ့အတွက် ပြည်သူတွေကလည်း ဆုံးရှုံးမှာကို စိုးရိမ်စိတ်ဖြင့် ရောင်းချနေတာတွေ ရှိပါတယ်။
ပိုက်ဆံရှိတဲ့ ပွဲစားတွေဟာ တောင်သူပိုင်ဆိုင်တဲ့ တောင်ယာမြေ ဧက ပေါင်းတွေကို ဝယ်ယူ ရင်းနှီးမြှုပ်နှံပြီးနောက် အကွက်ရိုက်ကာ တဖန်ပြန်ရောင်းချနေတာတွေလည်း ရှိပါတယ်။
“ပွဲစားတွေကတော့ ပြည်သူတွေနား ဝယ်ယူကြတယ်။ ပြီးတော့ သူတို့က အကွက်ချပြီး ပြန်ရောင်းတယ်။ ပြည်သူနား ဝယ်တုန်းကတော့ မြေပုံစံ ၇ တွေ ရကြတယ်။ သူတို့ အကွက်ချပြီး ပြန်ရောင်းတဲ့အခါမှာလည်း မြေ ပုံစံ ၇ လုပ်ပေးတာရှိတယ်”လို့ မြေပွဲစား စိုင်းလူက ပြောပါတယ်။
ဒါ့အပြင် မြေပွဲစားလုပ်နေသူများသည် များသောအားဖြင့် အစိုးရ မြေစာရင်း ဝန်ထမ်းရုံးက သူတွေ နဲ့ ရင်းနှီးသူများ ၊ မိသားစုဝင်များ ဖြစ်ပြီး လက်ရှိမှာတော့ မြေပွဲစားလုပ်ကိုင်နေသူတွေဟာ ငွေကြေး ချမ်းသာ လာကြောင်း စိုင်းလူက ဆက်ပြောပါတယ်။
“ ကိုဗစ် နဲ့ နိုင်ငံရေးကြောင့် အလုပ်မရှိလို့ မြေပွဲစား လာလုပ်တာ သူဌေးတွေတောင် ဖြစ်ကုန်ပြီ။ လားရှိုးမှာ ပွဲစားတွေ သူဌေးဖြစ်တာဆိုရင် ဥပမာ ယောကျာ်းက ပွဲစားလုပ်ရင် မိန်းမက မြေစာရင်းရုံးထဲက လူဖြစ်တယ်။ မိန်းမက ပွဲစားဆိုရင် ယောကျာ်းက မြေစာရင်းရုံးထဲက လူဖြစ်တယ်။ အဲ့တော့ ရောင်းဝယ်ရေး လုပ်ရင်လည်း သူတို့က တစ်ခါထဲ မြေပုံစံတွေ လုပ်ပေးလို့ရတော့ ဝယ်ကြတယ်လေ” လို့ စိုင်းလူက ရှင်းပြပါတယ်။
လားရှိုးမြို့နယ်အတွင်း ပွဲစားများသည် ဗမာ လူမျိုးတွေ အများစု ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ အနည်းစုသာ ရှိကြောင်းသိရပါတယ်။
နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စိုက်ပျိုးမြေ ပုံစံ (၇) တွေကို ရောင်းချပိုင်ခွင့်မရှိသည့် အပြင် အိမ်ဆောက်ပိုင်ခွင့်လည်း မရှိပါဘူး။
ဒါ့အပြင် နိုင်ငံခြားသားတွေကိုလည်း မြေလွတ်မြေရိုင်းတွေကို ရောင်းပိုင်ခွင့်မရှိကြောင်း နိုင်ငံရေး မြေယာဥပဒေမှာ ရေးသားထားပါတယ်။
ဒါပေမယ့် လားရှိုးမြို့နယ်အတွင်းမှာ စိုက်ပျိုးမြေရောင်းဝယ်ရေး ပြုလုပ်ရာတွင် ဥပဒေ နှင့် အညီ ရောင်းဝယ်မှု မရှိကြောင်း လားရှိုးမြို့နယ် ရပ်ကွက် ၅ အတွင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။
လက်ရှိ မြေရောင်းဝယ်မှုတွေဟာ ပွဲစားမှ မြို့နယ်မှူး ၊ မြို့နယ်မှူး မှ ခရိုင် အဆင့်ဆင့် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ လုပ်ဆောင်နေကြတယ် လို့လည်း အုပ်ချုပ်ရေးမှူးက ပြောဆိုလာပါတယ်။
“ စိုက်ပျိုးမြေတွေကို ရောင်းဖို့ဆိုရင် အရင်ဆုံး လျှောက်လွှာတင်ရတယ်။ နာမည်အရတော့ လျှောက်ကြပါတယ်။ လျှောက်လွှာ မကျသေးဘူး။ သူတို့က မြေပြင်မှာ စိုက်ပျိုးမြေတွေ ရောင်းနေကြပြီ။ မြို့နယ် နဲ့ ခရိုင်တွေ ဦးဆောင်ပြီး လုပ်ကြတယ်။ ပွဲစားကတော့ စိုက်ပျိုးမြေတွေရောင်းဖို့ မြေကွက်တွေလုပ်ဖို့တော့ မြို့နယ်တွေကို လာဘ်ပေး လာဘ်ယူပြီးတော့ လုပ်သွားတာတော့ ရှိပါတယ်” လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ဒီလို မြေကွက်ရိုက် ရောင်းစားနေတဲ့သူတွေဟာ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတွေမှာ ဆွေမျိုးရှိတဲ့သူဖြစ်တဲ့အတွက် အလွယ်တကူ ရောင်းဝယ်နိုင်တဲ့ အခြေအနေဖြစ်ကြောင်း၊ အဲ့ဒီရုံးတွေမှာ နေတဲ့သူအများစုကလည်း ဌာနေ တိုင်းရင်းသားလူမျိုးတွေမဟုတ်ဘဲ တခြားဒေသက ပြောင်းလာတဲ့သူတွေဖြစ်ပါတယ်။
“ မြေပွဲစား လာလုပ်တဲ့သူတွေဆိုရင် ကားအကောင်းစားတွေ RC တိုက်တွေဆောက်နိုင်ပြီ။ ဘာလို့လဲဆို သူတို့ရဲ့ အမျိုးတွေက ထွေအုပ်ရုံး၊ မြေစာရင်းရုံးတွေမှာ လူရှိတယ်လေ။ ကျနော်တို့ တိုင်းရင်းသားတွေပဲ ထွေအုပ်တွေမှာ အလုပ်လုပ်ခိုင်းရင် မလုပ်ချင်ဘူး။ ကျနော်တို့ လူငယ်တွေကို အစိုးရရုံးတွေမှာ အလုပ်လုပ်ခိုင်းစေချင်တယ်။ အခုတော့ ကိုယ်တွေ နေတဲ့မြို့ က နောင်တစ်ချိန်မှာ သူများလူမျိုးတွေ ကြီးစိုးလာတော့မယ်” လို့ စိုင်းလူက ဝမ်းနည်းစွာ ပြောပါတယ်။
အဲ့ဒီမြေ ပွဲစားတွေက ပိုက်ဆံမျက်နှာကိုသာကြည့်ပြီး “ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့စကားပုံအတိုင်း ဥပဒေကို မသိရှိသလို နောင်အနာဂတ် ဖြစ်လာမယ့် ပြဿနာကို မတွေးတော့ပဲ တရုတ်လူမျိုးတွေကို ပြန်လည်ရောင်းချနေပါတယ်။
ပြည်သူတွေက ဘာကြောင့် မြေတွေကို ရောင်းကြတာလဲ
“မြေကွက် မရောင်းချင်တဲ့သူတွေဆိုရင်လည်း သူတို့က သိမ်းတဲ့ နယ်မြေထဲ ပါတယ်ဆိုပြီးတော့ အတင်းရောင်းခိုင်းတာလည်းရှိတယ်။ တိုင်းမှူးကတော့ ပြောတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ပဲ ရွာသားတွေကို ပြောတာပေါ့” လို့ စိုင်းလူက ပြည်သူတွေ မြေရောင်းရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။
လက်ရှိ လားရှိုးမြို့နယ် မြေယာတွေကို အကွက်ရိုက်ပြီး ရောင်းစားနေတဲ့ထဲမှာ လားရှိုးမြို့နယ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးရဲ့ သားကလည်း ပါဝင်နေကြောင်း မြေပွဲစားတွေဆီကနေ စုံစမ်းသိရပါတယ်။
တိုင်းမှုး ဗိုလ်မှူးချုပ် ရဲ့ သား ခြိမ်းခြောက်မှု ကြောင့် ပြည်သူတွေက မရောင်းချင်ဘဲ ရောင်းနေရကြပါတယ်။
“ တိုင်းမှူးရဲ့ သားကတော့ အခုဆိုရင် ထင်းရှူးမြိုင်ဘက် နဲ့ ရပ်ကွက် ၁၀ တွေဘက်မှာ အကွက်တွေချပြီးတော့ ရောင်းနေတယ်။ တိုင်းမှူးသားကလည်း ပွဲစားလုပ်တယ်။ သူ့မြေကွက်တွေကိုဆိုရင် တရုတ်လူမျိုးတွေကို ပိုပြီးရောင်းပေးတယ်” လို့ စိုင်းလူက ပြောပါတယ်။
ဒေသခံတွေရဲ့ မြေကွက်တွေကို သိမ်းယူမယ့်အထဲမှာ ပါဝင်တဲ့အတွက်ကြောင့် အသိမ်းမခံချင်ပါက ရောင်းစားရန်အတွက် တိုင်းမှူးရဲ့ သားက ပြည်သူတွေကို ခြိမ်းခြောက် ကမ်းလှမ်းခဲ့ပါတယ်။ တစ်ဖက်တွင်လည်း သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ အချင်းချင်း တိုက်ပွဲကြောင့် လားရှိုးမြို့သို့ ပြောင်းရွှေ့နေထိုင်လာမှုလည်း ရှိကြောင်း သိရပါတယ်။
“တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာပြီးတော့ ရောက်လာကြတယ်။ မြို့ဘက်မှာ လာနေတာရှိတယ်။ ဒါတော့ မြေဈေးသိပ်မကြီးတဲ့ နေရာမှာ လာဝယ်ပြီး နေကြတယ်။ တစ်ချို့ကျတော့လည်း တပ်သားကောက်မှာဆိုးလို့ လာနေကြတာရှိတယ်” လို့ စိုင်းလူကပြောပါတယ်။
နိုင်ငံတော်၏ အခြေခံဥပဒေအရ စိုက်ပျိုးမြေယာများကို ရောင်းချပိုင်ခွင့်ရှိသော်လည်း အိမ်ယာ၊ တိုက်တို့ တည်ဆောက်ပိုင်ခွင့် မရှိထားပေ။
“ စိုက်ပျိုးမြေ၊ လယ်ယာမြေတွေဆိုတာကို အိမ်ဆောက်လို့မရဘူး။ သူက ပျိုးပင်၊ စိုက်ပင်တွေ အတွက် အစိုးရကနေပြီး အငှားချထားပေးတာ။ တကယ် ဥပဒေအရဆိုရင်တော့ ဒါတွေကို ရောင်းချပြီးတော့ အိမ်ဆောက်တာတွေ လုပ်လို့မရဘူး” လို့ အမည်မဖော်လိုတဲ့ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။
မည်သို့ပင် ဥပဒေတွေ ပြဌာန်းထားသော်လည်း စစ်တပ်အာဏာသိမ်းလက်ထက်ထဲတွင် လားရှိုးမြို့သည် နောင်တစ်ချိန်တွင် တရုတ်မြို့ကြီး ဖြစ်သွားမည်ကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
“နောက်ကျရင် တရုတ်မြို့တော် ဖြစ်သွားမှာကိုတော့ စိုးရိမ်တယ်။ တစ်ချို့ကျတော့ ငွေမမြင်ဖူးတော့လည်း ရောင်းကျတယ်။ သူများကတော့ ရွှေ၊ ငွေ တွေနဲ့ ဒီမြို့ကို သိမ်းသွားနိုင်တယ်။ ကျနော်လည်း တစ်ယောက်ထဲဆိုတော့ ကန့်ကွက်လို့ကလည်း မရဘူး။ ဖြစ်နိုင်ရင်တော့ မြေကွက်တွေကို မရောင်းစေချင်တော့ဘူး” လို့ လားရှိုးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက စိတ်မကောင်းစွာနဲ့ ပြောဆိုလိုက်ပါတယ်။