ယနေ့ ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းပြုလုပ်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရှိကျောင်းများတွင် ကျောင်းတက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားနည်းပါးကြောင်း ဖားအံမြို့ခံ ကျောင်းသားများက ပြောသည်။
စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့်ကို တော်လှန်ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက စစ်အာဏာရှင် တော်လှန်ရေး အသံတိတ်သပိတ်ကို လှုပ်ရှားရာတွင် ဖားအံမြို့ရှိ အ.ထ.က(၁) ကျောင်းနှင့် အခြားသော ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသူကျောင်းသား ကျောင်းတက်ရောက်မှု နည်းပါးကြောင်း ကျောင်းသားတစ်ဦးက ယခုလို ပြောသည်။
“ကျောင်းပိတ်တာက တစ်ကျောင်းပဲပိတ်ထားတယ်။ အစိုးရကျောင်းတွေ အကုန်လုံးကတော့ ကျောင်းဖွင့်တယ်။ ကျနော်တို့ကျောင်းက ဒီနေ့ဘာနေ့လဲဆိုတာသိတော့ ဆရာမတွေက ကျောင်းပိတ် လိုက်တယ်။ အ.ထ.က(၁) ကျောင်းမှာဆို ကျောင်းသားတွေ မသွားကြတာအများကြီးပဲ။ တစ်ကျောင်းလုံး နီးပါးလောက်ရှိတယ်။ အနည်းအကျဉ်းလောက်ပဲလာကြတယ်။ အကုန်လုံးပေါင်းမှတစ်ခန်း စာတောင် မပြည့်ဘူး။ ဆရာမတွေတော့ သွားကြတယ်။ ကျောင်းသားတွေနည်းတယ်။ လာတဲ့လူမရှိကြဘူး”ဟု ၎င်းက ပြောသည်။
ထိုသို့ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်ရောက်မှုနည်းပါးသောကြောင့် စစ်ကောင်စီ အသိုင်း အဝိုင်းများနှင့် နီးစပ်သည့် ကျောင်းဆရာ၊ ဆရာမများက ကျောင်းသူ/သားများကို ကျောင်းလာတက်ရန် ဖုန်းဆက်ခေါ်ဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း အဆိုပါ ကျောင်းသားက ဆက်ပြောသည်။
ထို့အပြင် ဖားအံမြို့အတွင်းရှိ လူသွားလူလာများသည့်နေရာများနှင့် လမ်းဆုံလမ်းဂွများရှိ နေရာများတွင် လူသွားလူလာ နည်းပါးပြီး ဆိုင်ခန်းအချို့များလည်း ပိတ်ထား လျက်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
၎င်းက“စျေးထဲမှာစျေးဝယ်တဲ့သူတောင်မရှိဘူး။ ဆိုင်တွေကတော့ဖွင့်တဲ့ဆိုင်ဖွင့်တယ် ပိတ်တဲ့ဆိုင်ပိတ်တယ်။ ဒါပေမဲ့လူတွေတော့ သိပ်မတွေ့ပါဘူး။ အိမ်က သားတွေကိုလည်း ကျောင်းမပေးသွားဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ ကျရောက်သည့် စစ်အာဏာသိမ်းမှု (၂) ပြည့်အနေဖြင့် နံနက် ၁၀နာရီမှ ညနေ ၃ နာရီအထိ အပြင် မထွက် အသံတိတ်သပိတ်ဖြင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုအပေါ် ဆန္ဒဖော်ထုတ်ကြရန် ဆော်ဩခဲ့ ကြပြီး ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် အသံတိတ် သပိတ်အပေါ် ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။