မောင်သက်ဝေ(အမ်း)
(တစ်)
စာရေးသူတို့ ရခိုင်ပြည်တွင်လည်း တဖြည်းဖြည်းနှင့် လူဦးရေ လျော့နည်းလာသည်ဟုပင် ထင်မှတ်ရသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ ပြည်မ မြို့ကြီးများသို့ ပညာသင်ယူရန် ထွက်သွားသူများနှင့် ပြည်ပနိုင်ငံရပ်ခြားသို့ အလုပ်လုပ်ရန် ခြေဦးလှည့်သူများကြား ရခိုင်ပြည်၌ လူငယ်၊ လူလတ်ပိုင်းဟူ၍ မကျန်ရှိတော့ သလောက်။ အရွယ်မရောက်သေးသော ကလေးသူငယ်များနှင့် အရွယ်လွန် သူအို၊ သူနာများလောက်ပဲ ကျန်နေရစ်တော့၏။
ယနေ့ ရခိုင်ပြည်၏ ပစ္စုပ္ပန် အခြေအနေသည် အဘက်ဘက်မှ အလွန်တရာနိမ့်ကျ၍ ကြီးမားသော စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ၌ ဘက်စုံအဆင်းရဲဆုံး ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်။ ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းတရား (တရားခံ)သည် ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရမင်းတို့၏ စနစ်တကျ စီမံအကွက်ချ ကွပ်ကဲအုပ်ချုပ်ခဲ့ခြင်းကြောင့်ပင်။
ရခိုင်သမိုင်းကို ပြန်ကြည့်လျှင် အေဒီ ၁၇၈၄ ခုနှစ်မတိုင်မီ ရခိုင်ဘုရင်များလက်ထက်ကမြောက်ဦးမြို့သည် အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးအတိုးတက်ဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သည်။ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပင်လယ်ဆိပ်ကမ်းမြို့လည်း ဖြစ်ခဲ့သည်။ မြောက်ဦးထီးနန်းသည်လည်း နေလဘုန်းမီးပမာ ထွန်းတောက်ခဲ့သည်။ ရခိုင်ပြည်သူ၊ ပြည်သားများလည်း အေးချမ်းသာယာပြီး ကြွယ်ဝပြည့်စုံခဲ့ကြသည်။ ထိုအကြောင်းအရာများသည် သမိုင်းမှတ်တမ်းများ၌ အခိုင်အမာ တည်ရှိ၍ ငြင်းပယ်၍ မရနိုင်ပေ။
မြန်မာဘုရင်ထံ ရခိုင်ထီးနန်းကျဆုံးခဲ့ချိန် အေဒီ ၁၇၈၄ - ၈၅ ခုနှစ်နောက်ပိုင်းများ၌ ရခိုင့်ပုံရိပ်သည် တဖြည်းဖြည်းနှင့် မှေးမှိန်လာခဲ့သည်။ သူ့ကျွန်ဘဝ၌ ရခိုင်ပြည်သူ၊ ပြည်သားများသည် ဆင်းရဲခြင်း ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘိုးဘေးဘီဘင် အခြေချနေထိုင်လာခဲ့သည့် ရခိုင့်ဌာနီ ရခိုင့်ရေမြေပေါ်တွင် ရခိုင်လူမျိုးများ မနေထိုင်နိုင်တော့ဘဲ နယ်မြေစွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ခရစ်နှစ် ၁၈၂၆ ခု၊ ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် ရခိုင်ပြည်သို့ အင်္ဂလိပ်မင်းများ ရောက်ရှိလာသည်။ အင်္ဂလိပ်တို့သည် မြန်မာဘုရင်သြဇာခံ မြို့ဝန်မင်းများကဲ့သို့ ရခိုင်ပြည်သူများအပေါ် မရက်စက်။ ဒေသခံပညာတတ်ရခိုင်လူငယ်များကို နေရာပေး မြှောက်စားခဲ့သည်။ စီးပွားရေးသမားများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်တွေမြို့ကိုလည်း ပင်လယ်ဆိပ်ကမ်းမြို့တော်အဖြစ် ပုံဖော်ပေးခဲ့သည်။ အင်္ဂလိပ်တို့သည် သူတို့၏ နေမဝင်အင်ပါယာကြီး ရေရှည်တည်တံ့ရန် အုပ်ချုပ်ခံ ရခိုင်ပြည်သူများအပေါ် လိမ္မာပါးနပ်စွာ ကိုင်တွယ်အုပ်ချုပ်ခဲ့သည်ဟုပင် ဆိုရပေမည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝမှ လွတ်မြှောက်ခဲ့သည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ရခိုင်ပြည် အနာဂတ်လည်း မှုန်ဝါးလာခဲ့၏။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ရခိုင့်နိုင်ငံရေးသမားများက ဗမာခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ တိုက်ပွဲဝင်ခဲ့သည်။ တနည်းအားဖြင့် ဗမာခေါင်းဆောင်များအပေါ် ယုံစားမိခဲ့၏။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဗမာခေါင်းဆောင်များသည် ပင်လုံကတိကဝတ်များကို ဖောက်ဖျက်ပြီး ဗမာအပ ကျန်လူမျိုးများအပေါ် လျစ်လျူရှုခဲ့သည်။ ဗမာမဟုတ်သော လူမျိုးများကလည်း မိမိတို့အပေါ် ဗမာခေါင်းဆောင်များသည် လူမျိုးကြီးဝါဒကို ကျင့်သုံးကာ ဖိနှိပ်ဗိုလ်ကျ အုပ်ချုပ်နေသည်ဟု ခံစားလာကြရသည်။ သည်ခံစားချက်ကား အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်လက္ခာဏာတစ်ရပ်ပင် ဖြစ်ပေသည်။
(နှစ်)
စာရေးသူ မကြာခဏ နဖူးပေါ်လက်တင် တွေးတောမိသည်။ မိမိတို့ရခိုင်ပြည်သည် သား၊ ငါး၊ ပုဇွန် ပေါကြွယ်ဝပြီး ပင်လယ်ထွက်ပေါက်ရှိပါလျက်၊ မြေဆီမြေသြဇာ ကောင်းမွန်သည့် လယ်ယာမြေများ ရှိပါလျက်၊ စိမ်းလန်းစိုပြေသည့် ရိုးမတောင်တန်းကြီးရှိပါလျက် ယနေ့အချိန်၌ အဘယ်ကြောင့် ဆင်းရဲမွဲတေနေရသလဲ။ ခေါင်းထဲမှ အဖြေထွက်လာသည်က အုပ်ချုပ်သူအစိုးရအဆက်ဆက်၏ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းခြင်းကြောင့်ဟုပင်။
၂၀၁၀ ခုနှစ် စစ်တမ်းအရ ရခိုင်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုသည် မြန်မာနိုင်ငံ၌ ချင်းပြည်နယ်ပြီးလျှင် ဒုတိယဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးပြည်နယ်ဟု သိရသည်။
၂၀၁၉ ခုနှစ် ထုတ်ဝေသည့် အင်းလျားဘောဂဗေဒ၏ တိုင်းနှင့် ပြည်နယ်များ၏ စီးပွားရေး အစီအရင်ခံစာ(၂၀၁၅ခုနှစ်အခြေအနေ)အရ တိုင်းနှင့် ပြည်နယ်အသီးသီး၏ အသက် ၁၅ နှစ်နှင့် ၆၄ နှစ်ကြား အလုပ်အကိုင်ရရှိမှုနှုန်းမှာ ရခိုင်ပြည်နယ်သည် ၅၃%ဖြင့် အနည်းဆုံးပြည်နယ် ဖြစ်သည်။ အလုပ်လက်မဲ့နှုန်းလည်း ၁၀.၄%ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။
ထိုအတူ လုပ်သားထုထဲတွင် မပါဝင်နိုင်သူများ၏ ရာနှုန်းမှာလည်း ၄၁%ဖြစ်ပြီး တစ်နိုင်ငံလုံးဖြင့် နှိုင်းယှဥ်သော် အများဆုံးပင်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသည့် လူငယ်၊ လူရွယ်များက သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မိမိတို့ဒေသကို စွန့်ခွာပြီး ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာသွား၍ လုပ်သားအင်အား လျော့ကျသွားခြင်းလည်း ဖြစ်ပါလိမ့်မည်။
ရခိုင်ပြည်၌ လူဦးရေလျော့ကျခြင်းကို အချိန်မီပြန်လည် ကုစားရန် လိုအပ်နေပါပြီ။ ထိုပြဿနာကို စာရေးသူတို့ စည်းလုံးမှန်ကန်စွာ မဖြေရှင်းနိုင်လျှင် နောင်နှစ်ပေါင်း ၅၀၊ ၁၀၀ ခန့်ကြာညောင်းလျှင် " ရခိုင်မြေပေါ်မှ ရခိုင်လူမျိုးများ မရှုမလှ မြေခကြွေကျ ပျောက်ကွယ်သွားရပေလိမ့်မည်။
(သုံး)
ရခိုင်ပြည် ဖွံဖြိုးတိုးတက်မှု နောက်ကျရခြင်း၏ အဓိကအကြောင်းအရင်းကား အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းကြောင့်ပင်။ အစိုးရအနေဖြင့် ဒေသခံပြည်သူများ၏ အလုပ်လက်မဲ့ ပြဿနာကို ပထမဦးစားပေး ဆောင်ရွက်သင့်၏။ အခြေခံလူတန်းစားများအတွက် နေ့စဥ် စားဝတ်နေရေးပြဿနာကို လွယ်ကူဖြေရှင်းနိုင်ရန် ပုံမှန်အလုပ်တစ်ခု လက်ဝယ်ရှိခြင်းသည် မဟာအခွင့်အရေးတစ်ခု။
ရခိုင်ပြည် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရအနေဖြင့် စက်ရုံအလုပ်ရုံများရှိလာအောင် တည်ဆောက်ဖန်တီးပေးရမည်။ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်နေရာ ပေးသင့်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိပါသည်ဆိုသော စာရေးသူတို့ ရခိုင်ပြည်ရှိ ကျေးရွာအများစုတွင် ၂၄နာရီ လျှပ်စစ်ဓါတ်အား မရရှိသေး။ ရခိုင်ပြည်၏ မိုးရေချိန်လက်မသည်လည်း တဖြည်းဖြည်း လျော့နည်းလာခြင်းနှင့်အတူ ရေတွင်း၊ ရေကန် အလုံအလောက် မတူးဖော်နိုင်၍ နှစ်စဥ် သောက်သုံးရေ ရှားပါးမှုပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။ လမ်း၊ တံတားများ မကောင်းမွန်၍ ကူးသန်း သွားလာရေးမှာလည်း ဆိုးဝါးသောအခြေအနေတွင် ရှိနေသည်။
ရခိုင်ပြည်၏ အခြေခံပညာရေးအခန်းကဏ္ဍမှာလည်း အခြားပြည်နယ်များနှင့် နှိုင်းယှဥ်လျှင် အောက်ဆုံးအဆင့်၌သာ။ ကျန်းမာရေးကဏ္ဍမှာကား ပို၍ပင် ဆိုးဝါးသည်။ ဆေးရုံကို မပြောနှင့်။ ဆေးပေးခန်း မရှိသော ကျေးရွာများပင် အများကြီး။ မြို့ဆေးရုံများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲဝေးကွာသော ကျေးရွာကလေးများ၌လည်း ကျေးရွာရှိ တိုင်းရင်းဆေးဆရာများကိုပင် အားကိုးနေကြရသည်။
မျက်မှောက် နိုင်ငံရေးအခြေအနေကလည်း မငြိမ်မသက်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းလောက်မှစ၍ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ (၂)နှစ်တာ ရခိုင်စစ်ပွဲအကြား အပြစ်မဲ့ပြည်သူ သုံးရာကျော် သေဆုံးရခဲ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်ပြည်သူများလည်း သုံးသိန်းကျော် ရှိခဲ့သည်။ အေအေနှင့် ဆက်စပ်သည်ဟု မတရားစွပ်စွဲဖမ်းဆီးခြင်းကို ခံခဲ့ရသူလည်း နှစ်ရာခန့် ရှိခဲ့သည်ဟုလည်း သိရှိရသည်။ ယခုအချိန်မှာတော့ ရက္ခိုင့်တပ်တော်နှင့် မြန်မာ့စစ်တပ်တို့သည် နှစ်ဖက်ခေါင်းဆောင်များ၏ နားလည်မှုနှင့်အတူ ယာယီအပစ်အခတ် ရပ်စဲထားသည်။ ရခိုင်ပြည်သူများက ယာယီအပြစ်အခတ်ရပ်စဲခြင်းမှ ထာဝရငြိမ်းချမ်းရေးကို လိုလားတောင်းတနေကြပါသည်။
(လေး)
မည်သို့ပင် စာရေးသူတို့သည် ဆိုးဝါးသော အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ပင် ဖြစ်စေကာမူ မိမိတို့၌ အချိန်အခါနှင့် အခွင့်အရေးတစ်ရပ်တော့ ရှိနေသေးသည်။ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုတ် ပုံဖော်ထုဆစ်ရန် အထူးပင် အရေးကြီးသည်။
ရခိုင်အချင်းချင်း စည်းလုံးညီညွှတ်ဖို့ အချိန်တန်ပါပြီ။ နိုင်ငံရေးသမားများက ရာထူး၊ နေရာ၊ စိမ်းစည်း၊ ဥစ္စာတို့ကို မမက်ရူးဘဲ အဖရခိုင်ပြည်အတွက် အချင်းချင်းလက်တွဲကာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ပြည်မရောက် ရခိုင်သူ၊ ရခိုင်သားများနှင့် နိုင်ငံတကာရောက် ရခိုင်လူမျိုးများကလည်း ရခိုင်ဒေသသို့ ပြန်လည်အခြေချနေထိုင်ရန် လိုအပ်သည်။ ရခိုင်ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကလည်း မိမိတို့ဒေသ၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် စက်ရုံ၊ အလုပ်ရုံများကို ရင်းနှီးမြှုပ်နှံ ဖန်တီးပေးသင့်သည်။ ရခိုင့်လူငယ်များကလည်း အရက်သေစာ သောက်စားခြင်းနှင့် မူးယစ်ဆေးဝါး သောက်စားသုံးစွဲခြင်းကိုအထူးရှောင်ရှားကာ မိမိတို့အဖရခိုင်ပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်သင့်ပေသည်။
တိုင်းပြည်နှင့် လူမျိုး ဆင်းရဲတွင်းမှ လွတ်မြှောက်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော အာရက္ခနိုင်ငံတော်ကြီးအဖြစ် သမိုင်းသစ်တစ်ခုကို ထုဆစ်ပုံဖော်နိုင်ရန် ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွှတ်စွာဖြင့် လက်ချင်းတွဲကာ ပူးပေါင်းဆောင်ရွက် ချီတက်ကြပါစို့ဟု လေးစားစွာဖြင့် တိုက်တွန်းလိုက်ရအပ်ပါသည်။ ။
ကိုးကား -
• ရခိုင်ရာဇဝင်သစ်ကျမ်း - ရမ်းဗြဲတောင်ကျောင်းဆရာတော်။
• ရွှေကျွန်းသန္တာ (ကျောက်ဖြူမဂ္ဂဇင်း၊ အမှတ် - ၇ ) ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလထုတ်။