ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်၊ ကျုံပျော်၊ ရေကြည်၊ ငပုတော၊ မြန်အောင်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက စစ်ကြောင်းများ ထိုးနေခြင်းဖြစ်သည်။
ထိုသို့စစ်ကြောင်းများထိုးရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ကြံခင်းမြို့နယ်၊ မဲဇလီ-ပေချောင်းအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကြံခင်း- ရခိုင်ရိုးမအစပ်တွင် လုပ်ကိုင်စား သောက်နေသည့်ဒေသခံများကို တောအတွင်းမှမောင်းထုတ်ကာ စစ်ကြောင်းထိုးရှာဖွေမှုများပြုလုပ်ခဲ့ ကြောင်း ကြံခင်းဒေသခံများက ပြောသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းသွားသည်ဟု ဒေသခံများက ပြောသည်။
၎င်းအပြင် ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေဒေသအတွင်းရှိ ကျေးရွာများ၊ ကျုံပျော်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အပိုင် ကျေးရွာများ၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ် နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်များ လက်ရှိအချိန်အထိ တောနင်း ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
“စစ်ကြောင်းတွေထိုးနေတာကတော့ ၂၀၂၂ ဒီဇင်ဘာလကုန်လောက်တည်းက ထိုးနေတာပါ။ တချို့ မြို့နယ်တွေက မြို့နဲ့ အလှမ်းဝေးတဲ့ရွာတွေမှာဆိုရင် စစ်ကြောင်းထိုးလာရင်း ဒေသခံတွေကို ဖမ်းခေါ်သွား တာတွေလည်းရှိတယ်။ PDF တွေ အဖမ်းခံရတာမျိုးတော့ မရှိပါဘူး။ ငပုတောက PDF စခန်းကို သိမ်းသွား တာဆိုရင်လဲ ပစ္စည်းတချို့ပဲ ရသွားတာပါ။ လူတွေအကုန်လွတ်ပါတယ်"ဟု အမည်မဖော်လိုသူ သတင်းရင်း အမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှ ဒေသခံများကို တစ်ရွာလျှင် ၁၀ ဦး စစ်တပ်ထဲဝင်ရမည်ဟု ဝါဒဖြန့်ကာ အကြောက်တရားများသွင်းနေသည်ဟုလည်း မြို့နယ်အသီးသီး ရှိ ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့မှု၊ တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်သာရှိခဲ့သော်လည်း စစ်ကောင်စီတပ်များဘက်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများထိုးနေခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးတွင် ပြည်သူအင်အားသိန်းချီဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်ခဲ့သည်။
ထို့နောက်တွင် မြို့နယ်အလိုက် PDF တပ်ဖွဲ့များဖွဲ့စည်းကာ စစ်ကောင်စီသတင်းပေးများကို ရှင်းလင်းခြင်း၊ စစ်ကောင်စီ ထောက်တိုင်များကို တိုက်ခိုက်ခြင်းများပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြား၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်း၊ တောနင်းရှာဖွေခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟုသိရပြီး၊ အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ စောဖေ