ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်းအား စတင်ပို့မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်းအား စတင်ပို့မည်
စစ်တွေမြို့အတွင်းရှိ ဆန်စက်ရုံတစ်ခု
စစ်တွေမြို့အတွင်းရှိ ဆန်စက်ရုံတစ်ခု

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရန် သဘောတူစာချုပ်ပါ ဆန်တန်ချိန် ၂ သိန်းကို ယခုလအတွင်း စတင် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)ထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဧည့်မထဆန် တန်ချိန် ၂ သိန်းထဲမှ ယခုလအတွင်း ၁၆၀၀၀၀ ကို တင်ပို့ရန် ပြင်ဆင်နေပြီး ကျန်ရှိသည့် ဆန်တန်ချိန်များကိုလည်း တဆက်တည်း တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆန်တင်ပို့ဖို့ သင်္ဘောဝင်မယ့် ရက်ကို စောင့်နေပါတယ်။ ဒီလအတွင်းမှာ စပြီးတော့ တင်ပို့မယ်ပေါ့။ Contract အရ ဆိုရင်တော့ ဒီလအတွင်းမှာ အပြီးတင် ပို့ရမှာ ပေါ့နော်။ ဒါပေမယ့်လည်း ဝယ်သူ ရောင်းသူကြားထဲမှာ အမြဲတမ်းနားလည်မှု ပေးရတယ်။ လိုအပ်ရင်တော့ နောက်လအထိလည်း ဖြစ်သွားနိုင်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာသွားရင်လည်း ညှိနှိုင်းပြီးတော့ တင်ပို့သွားမှာပါ”ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။

မြန်မာနိုင်ငံမှ တင်ပို့မည့် ဆန်တန်ချိန်များကို ရန်ကုန်မြို့ ရွှေမဲဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း၊ ပုသိမ် ဆိပ်ကမ်းနှင့် စစ်တွေ ဆိပ်ကမ်းတို့မှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ ဦးဆောင်ကာ တင်ပို့ရန်စီစဉ်ထားကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှု ဆိုင်ရာ Sales Contract ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဆန်တန်ချိန် ၂ သိန်းကို ဒီဇင်ဘာလအတွင်း တင်ပို့ရန် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန်တန်ချိန် ၂ သိန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ ဦးဆောင်ကာ တိုင်းနှင့် ပြည်နယ်အလိုက် ခွဲတန်းဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး ယင်းအထဲတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ (ဆန်အိတ် ၅၀၀၀၀)ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ထိုသို့ တင်ပို့မည့် ဆန်များကို ပို့ကုန်အရည်အသွေးမီ ကြိတ်ခွဲနိုင်သော ကျောက်တော်မြို့နယ်မှ ရခိုင့်ရှေးဆောင်ဆန်စက်၊ ရတနာဆန်စက်၊ လခြမ်းမြီဆန်စက်နှင့် မိဘခြေရာဆန်စက်တို့တွင် ကြိတ်ခွဲနေပြီး လာမည့် ဇန်နဝါရီလတွင် တင်ပို့သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆန်စက်လုပ် ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးညီညီသန်းက ပြောသည်။

“ကျနော်တို့ ရခိုင်က ဧည့်မထဆန် တန်ချိန် ၂၅၀၀  တင်ပို့ခွင့် ရတယ်။ ရှင်းရှင်းပြောရရင် MRF က တဆင့် ဝယ်တယ်ပေ့ါ။ ဒီလို ဆန်စပါးတွေ တင်ပို့ခွင့်ရတော့ လယ်သမားတွေမှာ စပါးစျေးကောင်း ရသွားတယ်။ စပါးရောင်းချလို့ အဆင်ပြေသွားတာပေါ့။ အခုတော့ ဆန်ကြိတ်နေပါပြီ။ ဆန်တစ်တန်ကို ၇ သောင်းနဲ့ ရောင်းချထားတာပါ”ဟု ၎င်းကပြောသည်။

ထိုသို့ ရခိုင်မှ စပါးဝယ်ယူခြင်းမှာ လယ်သမားများအတွက် စပါးစျေးကွက် မြှင့်တင်နိုင်သော်လည်း ပြည်တွင်းဆန်စပါးစျေးကွက် မြင့်တက်ပြီး မဖူလုံမှာကိုလည်း စိုးရိမ်ရကြောင်း ရခိုင်က ဝါရင့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုလို အရောင်းအဝယ်လုပ်ကြတာတော့ တစ်ဖက်က ကောင်းတယ်။ တစ်ဖက်ကတော့ မကောင်းဘူးပေါ့။ ကိုယ့်ပြည်တွင်း စျေးကွက်မှာ ဆန်၊ စပါး ဖူလုံမှုကို မထိခိုက်ရင်တော့ ကောင်းပါတယ်။ ဒီထက် ပိုများလာရင်တော့ ထိခိုက်နိုင်ရင်လည်း ထိခိုက်သွားနိုင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိရာမှ ယခုနှစ် အတွင်း သဘာဝဘေးဒဏ်များကြောင့် လယ်ဧက ရှစ်သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ၏စာရင်းအရ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ ထုတ်ပြန်ချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အရ ၇ လအတွင်းမှာ ပြည်ပကို ဆန်နှင့် ဆန်ကွဲ မတ်ထရစ်တန် တစ်သန်းကျော်ထိ တင်ပို့ထားပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ပို့ကုန်ဝင်ငွေ ရရှိထားကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာနဝန်ကြီးတို့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Most read this week

ထိန်းချုပ်နယ်မြေထဲက AA ၏ စစ်ဆေးရေးဂိတ်တစ်နေရာ။ ဓာတ်ပုံ - APM။
April 28, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်က...
April 25, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဘက်တိုက်ပွဲများ...
April 24, 2025
ကုလားတန်စီမံကိန်းဟာ ဘာလဲ Kaladan Multi-Modal Transit Transport Project (KMTTP) ကို...
April 24, 2025
ပုံစာ - စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ဦးကင်းကျေးရွာကို...