ရခိုင်ဟူသည်
ရခိုင်တို့သည် ကိုယ့်မင်းကိုယ့်ချင်းနှင့် နှစ်ထောင်ချီ နေလာသော လူမျိုးကြီးတစ်မျိုး ဖြစ်သည်။ သမိုင်းအစဉ်အလာ ကြီးမားသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း မြင့်မားသည်။ စာပေ၊အနုပညာနှင့် အနုသုခုမ လက်ရာများမှာ ခမ်းနားကြီး ကျယ်သည်။ အမျိုး၊ သီလ နှစ်ဌာနကို စောင့်ထိန်းသောသူများ ဖြစ်သည်။
ဘာသာရေးတွင်လည်း ဗုဒ္ဓဘာသာကို ဘီစီ၅ရာစု၊ စန္ဒသူရိယမင်းလက်ထက်တွင် အဦးဆုံး ကိုးကွယ်ခွင့်ရသော လူမျိုးဖြစ်သည်။ သမိုင်းရာဇဝင်များကို လေ့လာကြည့်လျင် ရခိုင်တို့သည် လက်ရုံးရည်၊ နှလုံးရည်တို့ အားကောင်းသည်။ မင်းကျင့်တရားတို့နှင့်အညီ အုပ်ချုပ်သူမင်းအစိုးရတို့ အုပ်ချုပ်ခဲ့ပြီး ပြည်သာယာ၍ ညီညွတ်စည်ပင်ခဲ့သည်။
ရခိုင်တို့၏ တော်လှန်စိတ် သို့ရာတွင် ရခိုင်နန်းတွင်းအာဏာလုမှုအပါအဝင် စည်းလုံးမှုပျက်ပြားနေသည့် အချိန် အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် မြောက်ဦးထီးနန်းသည် ၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အမရပူရလက်အောက်သို့ ရောက်ရှိပြီးနောက် နှစ်ပေါင်း ၄၀ အကြာ ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်တို့လက်အောက်သို့ အစောဆုံး ကျရောက်ခဲ့ရသည်။ သို့ရာတွင် ကိုယ့်မင်း ကိုယ်ချင်းနှင့် နေလာခဲ့သော ရခိုင်တို့သည် တစ်ပါးသူ၏ အုပ်ချုပ်မှုကို လက်မခံနိုင်၍ ပုံစံအမျိုးမျိုးဖြင့် တော်လှန်ခဲ့ကြသည်။ အင်္ဂလိပ်လက်အောက်ရှိစဉ် အင်္ဂလိပ်တို့အားလည်းကောင်း၊ ဂျပန်လက်အောက် ရှိစဉ် ဂျပန်တို့အားလည်းကောင်း စသည်ဖြင့် ခေတ်အဆက်ဆက်တွင် နည်းအမျိုးမျိုး ပုံစံကွဲပြားစွာဖြင့် တော်လှန်ပုန်ကန်ခဲ့ကြသည်။
မြောက်ဦးကျပြီးနောက် တစ်ပါးသူ၏ အုပ်ချုပ်မှုကို တော်လှန်ခဲ့ကြသည့် ကျားရီဝတ်တောင် ဗိုလ်ကျော်ထွီနှင့် ဗိုလ်ချင်းပျံတို့မှအစ အင်္ဂလိပ်ခေတ်တွင် ဒါးပိုင်ကြီး၊ မင်းသားကြီး၊ မြို့သူကြီးတို့အလယ်၊ ဂျပန်ခေတ်တွင် ဦးစိန္ဒာ၊ ဦးပညာသီဟ၊ ဘုံပေါက်သာကျော်တို့အပါအဝင် အနီးခေတ် ဗိုလ်ခိုင်ရာဇာ အဆုံး ခေတ်အဆက်ဆက် တော်လှန်ပုန်ကန်ခဲ့ကြသည်။ ရခိုင်တို့၏ တော်လှန်စိတ်သည် မနေ့တနေ့ကမှ ပေါ်ပေါက်လာခြင်း မဟုတ်။
မြောက်ဦးကျပြီးနောက်ပိုင်းမှစ၍ ကိုယ့်အုပ်ချုပ်ရေး ပြန်လည်ရရှိရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်၊ အားထုတ်ကြိုးပမ်း မှုတို့ဖြင့် တစ်နည်းတစ်ဖုံ တော်လှန်ခဲ့ကြသည်ကို တော်လှန်ရေးသမိုင်းတွင်အထင်အရှားတွေ့ရသည်။ ထိုတော်လှန်ပုန်ကန်မှု၏ အဓိကအကြောင်းအရင်းမှာ ကိုယ့်မင်းကိုယ့်ချင်း ဖြင့် နေထိုင်လိုသော တစ်နည်းအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီရင်ပြဌာန်း ခွင့်ရရှိလိုသော ရခိုင်တို့၏ ရိုးသားမှန်ကန်သော စိတ်ခံယူချက်တို့ကြောင့် ဖြစ်သည်။ သို့ရာတွင် အထ မမြောက်ခဲ့။ မအောင်မြင်ခဲ့။
သို့သော်လည်း ရခိုင်တို့၏ တော်လှန်စိတ်သည် ငုပ်လျှိုးပျောက်ကွယ်မသွားခဲ့။ ရင်ထဲ နှလုံးသားထဲ၌ ခိုင်ခိုင်မာမာ မြဲမြံ စွဲမြဲစွာ အခြေကုပ်နေခဲ့သည်။ ဘိုးဘွားမိဘများ လက်ဆင့်ကမ်းခဲ့သော ပါးစပ် ရာဇဝင်များမှသော်လည်းကောင်း၊ စာပေ၊ ဂီတတို့က နိုးဆွပေးသော မျိုးချစ်စိတ်အသားပေး သီချင်းများမှသော်လည်းကောင်း ရခိုင်တို့သည် မိမိတို့၏ နန်းတော်ကို ရာစုနှစ်နှင့်ချီ၍ အိပ်မက်ရက်ရှည် မက်ခဲ့ကြသည်။ ကျူးကျော်ခဲ့သူတို့၏ ရက်စက်မှု၊ ကောက်ကျစ်ယုတ်မာမှု၊ မဖြောင့်မတ် မတည်ကြည်မှုတို့သည် ရခိုင်တို့အတွက် အသည်းနာစရာ ပွက်ပွက်ဆူ ဒေါသမီးများ ဖြစ်ခဲ့သည်။
ထိုမကျေနပ်မှု ဒေါသဖြစ်စရာ အစိုင်အခဲများသည် ရခိုင်တစ်ယောက်ချင်းစီ တိုင်းတွင် ကိန်းဝပ်နေခဲ့သည်။ ရခိုင်တို့သည် မိမိတို့ကို အုပ်ချုပ်နေသော သူတို့ကို လေးစားမှုမရှိသကဲ့သို့ ကျေနပ်အားရခဲ့သည်လည်း မဟုတ်ပေ။ ဖြောင့်မတ်တည်ကြည်သော ရခိုင်တို့သည် ကျူးကျော်သူတို့၏ ရက်စက်ယုတ်မာမှုကို နှလုံးအသည်းပွတ်ထဲ၌ ကမ္မည်းထိုးထားခဲ့ကြသည်။ ကိုယ့်မင်းကိုယ့်ချင်း နှင့် နေခဲ့စဉ်အခါက ကြီးပွားခဲ့ သလောက် တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲမှုကို ရင်ကော့ ခါးစည်းခံကြရသည်။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့။ နိမ့်ကျသောအခြေအနေတစ်ခုတွင် ဘဝကို ဖြတ်သန်းကြရသည်။ ထိုသို့ ယုံကြည်ရအောင်လည်း ပြည်နယ်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်းက သက်သေထူလျက် ရှိပေသည်။ လမ်းကောင်းဟူ၍ မည်မည်ရရ ရှာမတွေ့။ စာသင်ကျောင်းကောင်းဟူ၍ လက်ညိုးထိုးပြစရာ မရှိ။
အစာအိမ်အူအတက် ရောင်ရုံဖြင့် သေရသော လူနာများလည်း ဒုနှင့်ဒေး။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစခပ်သိမ်းတို့မှာ ပြည်မနှင့် ယှည်လျင် နိမ့်ကျနေဆဲ။ ပြည်မတွင် လျှပ်စစ်မီးဖြင့် ထမင်းချက်နေသော အချိန်တွင် ရခိုင်၌ ထင်းမီးသွေးကို အသုံးပြုနေရဆဲ။ သယံဇာတ ပေါကြွယ်ဝပါလျက် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပါလျက် အုပ်ချုပ်သူတို့၏ ဂုတ်သွေးစုပ်ခြယ် လှယ်မှုကို မျက်ဝါးထင်ထင် မြင်လာ သိလာရသောအခါ ပို၍ မကျေနပ်မှုများ ဖြစ်လာခဲ့သည်။ အနီးခေတ်တွင် တွေ့ရှိလာရသည့် ကျောက်ဖြူသဘာဝဓါတ်ငွေ့သည် ရခိုင်တို့အတွက်မဟုတ်။ အုပ်ချုပ်သူတို့၏ စေလိုရာစေအတိုင်း ဖြစ်ခဲ့သည်။ ထိုသယံဇာတ ပိုင်ရှင် ရခိုင်တို့အတွက် ရပိုင်ခွင့်မှာ ပြည်မ၏လက်ဝေခံ အဆင့်ထက် မပို။ ထိုသို့ အမျိုးသားရေး တန်းတူရည်တူ မရှိမှု၊ ဆင်းရဲ နွမ်းပါးမှုနှင့် ခွဲခြားဆက်ဆံခံရမှုတို့ကြောင့် ရခိုင်တို့၏ တော်လှန်စိတ်သည် ယခင်က စိတ်ထဲ အတွင်းထဲတွင် ကိန်းအောင်းတည် ရှိနေရာမှ အပြင်ဘက်သို့ ပွင့်အန်ထွက်ကျရန် အားယူတာစူနေခဲ့သည်။ တောက်မည့် မီးခဲ တကဲကဲနှင့်တူသော ထိုတော်လှန်စိတ်သည် မှန်ကန်သော ခေါင်းဆောင်မှု နေရောင်ခြည်ကို မရ၍ မပွင့်လန်းနိုင် ဖြစ်နေသည့်အချိန်တွင် ရခိုင်တို့သည် တော်လှန်စိတ်ကို အသက်သွင်းပေးမည့် ခေါင်းဆောင်ကောင်းကို ဖွေရှာနေခဲ့ကြသည်။
ထိုအကြောင်း တရားများသည် ရက္ခိုင့်တပ်တော် အသက်ဝင်ဖြစ်တည်လာရန် အခြေခံအကြောင်း တရားများဖြစ်ခဲ့သည်။ အချိန်သင့် အခါသင့် ထိုကဲ့သို့သော ခေါင်းဆောင်ကောင်း ရှာဖွေနေသော အချိန်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်လူထု၏ လိုလားချက်၊ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တစ်ခုတည်းသော အားကိုးရာ ဖြစ်လာခဲ့ပေသည်။ တပ်တော်၏ ကြိုးစားမှု၊ စည်းရုံးနိုင်မှု၊ စုစည်းနိုင်မှုသည် အများအားဖြင့် ရခိုင်လူငယ်များ၏ သည်းခြေကြိုက် ဖြစ်လာခဲ့သည်။ အများသိသည့်အတိုင်း ရက္ခိုင့်တပ်တော် ကို ၂၀၀၉ ခုနှစ်တွင် ကချင်လိုင်ဇာ၌ သန္ဓေတည် မွေးဖွားခဲ့သည်။
အစကနဉီးတွင် လူငယ် ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း တပ်တော်၏ ခေါင်းဆောင်မှု၊ စည်းရုံးမှုကြောင့် တစ်စထက်တစ်စ အားကောင်းမောင်းသန် ဖြစ်လာခဲ့သည်။ ရခိုင်လူထု၏ တစ်ခဲနက် အာရုံစိုက်မှုနှင့် စိတ်ဝင်စားမှုကို အတုံးလိုက် အတစ်လိုက် ရသည်။ ထောက်ခံမှု လောက်လောက်လားလား ရရှိသည်။ တပ်တော်သည် ရက္ခိုင်လူထု၏ စိတ်ဝိဉာဏ်နှင့် အသည်းနှလုံးကို ပူးကပ်၍ အချိန်သင့် အခါသင့် လှုပ်နိုးနိုင်ခဲ့သည်။ မျိုးချစ်စိတ်ကို အသက်သွင်းနိုင်ခဲ့သည်။ မှန်ကန်သော ရက္ခိတလမ်းစဉ်ကို ချမှတ်နိုင်ခဲ့သည်။ သူ၏ ပန်းတိုင်သည် ဝေဝေဝါးဝါး မဟုတ်။ ထင်ထင်ရှားရှား ဖြစ်သည်။ အမြတ်မရလျင် လျော့ဈေးဖြင့် ရောင်းမည့် ပေါ့ပျက်ပျက် တော်လှန်ရေး မဟုတ်။ တောင်းယူမည့် တော်လှန်ရေးလည်း မဟုတ်။ တိုက်ယူမည့် တော်လှန်ရေးဖြစ်သည်။ ဆိုခဲစေ မြဲစေဆိုသည့်အတိုင်း ခုတစ်မျိုး တော်ကြာတစ်မျိုးဟူ၍ လျှောက်လှမ်းသည့် ပန်းတိုင် ယိုင်လဲမသွား။ တည့်မတ်သည်။ ဖြောင့်မတ်သည်။
ခေါင်းဆောင်များမှာ လူငယ်ပီပီ နည်းပညာ၏ အသုံးဝင်မှုကို ကောင်းကောင်း သဘောပေါက်ခဲ့သည်။ ရခိုင်လူထု၏ ရှိရင်း မျိုးချစ်စိတ်နှင့် တော်လှန်စိတ်ကို လှုပ်နိုးလိုက်သည်။ ထိုသို့ နိုးဆွအသက်သွင်းနိုင်အောင်လည်း ၂၀၁၁ ခုနှစ်ရှိ ဖွံ့ဖြိုးဆဲနည်းပညာများက အရံအသင့် ဖြစ်နေခဲ့သည်။ ဖေ့စဘွက်၊ ယူကျူ့ကဲ့သို့သော လူမှုကွန်ယက်များသည် တပ်တော်အတွက် ၎င်း၏ ကြိုးစား အားထုတ်မှုနှင့် ဖြောင့်မတ်တည်ကြည်မှု ပုံရိပ်မှန်၊ ပုံရိပ်စစ်တို့ကို ပြည်သူထံ ရောက်အောင် ထမ်းတင်ပေးနိုင်ခဲ့သည်ကို တွေ့ရ သည်။ တစ်နည်းအားဖြင့် ယခင်က တော်လှန်ရေးဆိုလျင် ဟုတ်ကော ဟုတ်ပါ့မလား၊ ဖြစ်ကော ဖြစ်ပါ့မလား၊ စွမ်းကော စွမ်းနိုင်ပါ့မလားဟု မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေသော ရခိုင်လူထုအတွက် ယုံကြည်မှု၊ အားကိုးမှုကို မှတ်ကျောက် တင်နိုင်ခဲ့သည်။ ယုံကြည်မှုကို အစမ်းသပ်ခံနိုင်ခဲ့သည်။ အစမ်းသပ်ခံနိုင်သော စွမ်းဆောင်ရည်သည် တစ်ဖက်တွင် အားကိုးရာကို ဖြစ်စေခဲ့သည်။
တော်လှန်ရေးပဲ့ကိုင်ရှင်
တပ်တော်၏ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုနှင့် စကားပြောစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် သူ၏ ဥပဓိရုပ်၊ ဉာဏ်ပညာနှင့် တိကျပြတ်သားသော ရည်မှန်းချက်များမှာ ရခိုင်ပြည်သူတို့ အတွက် နဂိုမူလမျိုးချစ်စိတ်နှင့် နန်းတော်အိပ်မက်ကို ပိုမို အသက်သွင်းပေးခဲ့သည်။ လူထုက သူ့ကို ယုံသည်။ သူ့ကို ကြည်ဖြူသည်။ ထို့ကြောင့် သူ့လုပ်ဆောင်မှု နှင့် သူ့ခေါင်းဆောင်မှုကို ယုံကြည်သွားသည်။ ဗိုလ်ချုပ်သည် လူငယ်ဆန်သည်။ လူကြီးလည်း ဆန်သည်။ အတွေးအခေါ် ဆန်းသစ်သည်။ လက်ရုံးရည်၊ နှလုံးရည် အားကောင်းသည်။ တိကျပြတ်သားသည်။ မဆုတ်မနစ် အပတ်တကုတ်ကြိုးစားသည်။ တော်လှန်ရေးကို မျက်ခြေမပြတ်အောင် တစိုက်မတ်မတ် ဦးဆောင်သည်။ ထို့အပြင် လူသားဆန်သည်။ တော်လှန်သူ ပြောက်ကျား(သူပုန်) ခေါင်းဆောင်တစ်ဦး ဆိုသည်ထက် မြင့်မားသော အတွေးအခေါ်နှင့် စိတ်အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ တရားမျှတမှု၊ ဖြောင့်မတ်တည်ကြည် မှုနှင့် ရိုးသားမှုကို သူ ကျင့်သုံးသည်။ ရခိုင်လူ့အဖွဲ့အစည်းကြား အဖုအထစ်များကို ဆေးလိမ်းပေးသည်။ ပေါင်းစပ်ပေးသည်။ ရက္ခိတလမ်းစဉ်အောက်တွင် အားလုံး ပါဝင်လာစေရေး သူ့စွမ်းဆောင်မှုဖြင့် ဆွဲညို့ယူသည်။ သူ၏ တော်လှန်ရေးသည် လျော့တိလျော့ရဲမဟုတ်၊ ကလေးကလားမဟုတ်၊ တစ်ကိုယ်တော် အကျိုးစီးပွားအတွက် မဟုတ်၊ အများအတွက် မာထန်ရင့်ကျက်ပြီး ခိုင်မာစနစ်ကျကြောင်း နိုင်သောတိုက်ပွဲများဖြင့် သူ စွမ်းဆောင်ပြသည်။ သူသည် အပြောသမားမဟုတ်၊ အလုပ်သမားဖြစ်ကြောင်း သက်သေပြသည်။ ထို့ကြောင့်လည်း သူ့အရည်အချင်းသည် ရခိုင်လူထုအတွက် အားကိုးအားထားရာ၊ရခိုင့်အနာဂတ်ကို ပုံအပ်သူ ဖြစ်လာခဲ့သည်။
ရခိုင်တော်လှန်ရေး ဘာကြောင့် အောင်မြင်လာသလဲ
ဘိုးဘွားစဉ်ဆက် မက်ခဲ့သည့် ကိုယ့်မင်းကိုယ်ချင်းကိုယ့်နန်းတော်နှင့် နေထိုင်လိုသော ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ဥပဒေပြဌာန်းရေး၊ တရားစီရင်နိုင်ရေးအိပ်မက်သည် မှုန်ဝါးဝါးဖြစ်နေရာမှ ထင်ထင်ရှားရှား မြင်လာရသည်။ ကိုယ်ပိုင်ဆန်သော သီးခြားအုပ်ချုပ်ရေးကို တောင့်တမှု အာသီသသည် တပ်တော်၏ ကြိုးပမ်းမှုကြောင့် လက်ဝယ်ရရှိနိုင်သည်ဟု ရခိုင်လူထုမှ ရင်ထဲအသည်းထဲမှ ယုံကြည်သက်ဝင်လာသည့်အခါ ရခိုင်တို့၏ထောက်ခံမှုကို ရသည်။ ပြည်သူ၏ ထောက်ခံမှုကို ရသော ပြောက်ကျားများအဖို့ ခက်ခဲသောတော်လှန်ရေးသည် လွယ်ကူလာသည်။ ၎င်း၏ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အဖက်ဖက်မှလိုအပ်သော လုပ်ငန်းဆောင်တာများကို ပြည်သူများက ဝိုင်းကူကြသည်။ ဤအချက်သည်ပင် ရခိုင်တော်လှန်ရေး အောင်မြင်လာရခြင်း၏ အခြေခံသော့ချက်ဟု ဆိုနိုင်သကဲ့သို့ အရေးပါသော အချက်တစ်ခုအနေဖြင့် ကျေးဇူး ပြုလျှက်ရှိသည်။
စိတ်ဓာတ်မာကြောမှု
ဒုတိယတစ်ချက်မှာ တပ်တော်၏ မဆုတ်မနစ်ကြိုးပမ်း၍ ကြံ့ကြံ့ခံနိုင်သော ပြင်းထန်မာကြောသည့် စိတ်ဓာတ် အရည်အသွေးကြောင့်ဟု ဆိုရပေမည်။ ၂၀၁၉ ကာလတွင် Through the Storm ဆိုသည့်အတိုင်း မုန်တိုင်းကို ကြံ့ကြံ့ခံ့လာခဲ့ သည်မှာ ယနေ့အထိ အထင်အရှားဖြစ်သည်။ တိုက်ပွဲဝင်နေသော ရဲဘော်များသာ မဟုတ်၊ ရခိုင်ပြည်သူအားလုံးနီးပါးပင် ရက္ခိတ လမ်းစဉ်နှင့်အညီ တစ်ထီးတစ်မိုးတည်းအောက်တွင် ဒုက္ခဆင်းရဲအသွယ်သွယ်ကို အားတင်းကာ ကြံ့ကြံ့ခံ ဖြတ်ကျော်လျက်ရှိ သည်။
ရက္ခိတလမ်းစဉ်၏ ရည်မှန်းချက်အလင်းတန်းအတိုင်း ရခိုင်တစ်မျိုးသားလုံးသည် ရုပ်ပိုင်းဆိုင်ရာအရမစုစည်းနိုင် သော်လည်း စိတ်ပိုင်းဆိုင်ရာ အမျိုးသားရေးအရ တစ်စုတစ်စည်းတည်း ဖြစ်လာသည်။ ရက္ခိတလမ်းစဉ်သည် အသက်ဝင် လှုပ်ရှားလာသည်။ ခေတ်အဆက်ဆက် တော်လှန်ခဲ့သော်လည်း မအောင်မြင်ခဲ့၍ ခြေကုန်လက်မှိုင်ဖြစ်နေသော ရခိုင်တို့သည် ပြန်လည်နိုးထလာသည်။ အမျိုးသားရေးအိပ်မောကျခြင်းမှ တစ်ဖန် တော်လှန်ရေးသည် ခေါင်းထောင်လာသည်။ အသက်ဝင် လာသည်။ အမျိုးသားရေးသည် ပါးစပ်ပြောမဟုတ်ဘဲ တကယ့်လက်တွေ့ ရှင်သန်ကြီးထွားလာခဲ့သည်။ ထိုသို့ အအုံလိုက် အကျင်းလိုက် အမျိုးသားရေးစိတ်ဓာတ် ထက်သန်လာစေခြင်းသည် ရခိုင်နိုင်ငံရေး ပါတီများ၏ စွမ်းဆောင်မှုကြောင့်ဟု မဆိုနိုင်သော်လည်း ရက္ခိုင့်တပ်တော်၏ စွမ်းဆောင်မှုကြောင့်သာ တော်လှန်ရေးအသီးအပွင့်များကို ရခိုင်တို့ နဖူးတွေ့ ဒူးတွေ့ မျက်မြင် ခံစားလာရသည်။
အစိုးရမင်းတို့၏ အုပ်ချုပ်မှုအမှားအယွင်း
တော်လှန်ရေးအားကောင်းရခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ရခိုင်ပြဿနာများကိုအစိုးရမင်းလုပ်သူတို့ ၏ စီမံခန့်ခွဲမှု လွှဲမှားခြင်းကြောင့်လည်း တစ်နည်းတစ်ဖုံ ဆက်စပ် ပတ်သက်နေသည်။
အထင်ရှားဆုံးဥပမာတစ်ခုမှာ ၂၀၁၇ခုနှစ် မြောက်ဦးဆန္ဒဖော်ထုတ်ပွဲကို NLD အစိုးရ၏ ကိုင်တွယ်မှုအမှားအယွင်းများသည် တစ်နည်းတစ်ဖုံ ရခိုင်လူထု နာကျဉ်းစေ ခဲ့သည်။ တော်လှန်လိုသောစိတ်များ သန္ဓေတည်နေသောကာလတွင် ထိုအုပ်ချုပ်ကိုင်တွယ်မှုအမှားအယွင်းက မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့သည်။ လူငယ်များ နာကြဉ်းကြသည်။ ရခိုင့်လူထုသည် စိတ်နာသွားသည်။ မိမိတို့၏ အချုပ်အခြာအာဏာ ကျဆုံးသောနေ့ကို အောက်မေ့သော အခမ်းအနားတွင် လူငယ် ၇ ဦး သေဆုံးရခြင်းသည် ရင်ထု မနာဖြစ်ရသော သွေးစွန်းသော နေ့စွဲဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်သည် ဒီမိုကရေစီအိုင်ကွန်ဟု ခေါ်တွင်အပ်သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရသက်တမ်းကာလတွင် ဖြစ်ပျက်ခဲ့သည်။
ဤသည်မှာ ရခိုင်များအဖို့ ပါတီနိုင်ငံရေးလမ်းကြောင်းကို ကျောခိုင်းရန် ခိုင်လုံသော အကြောင်းပြချက်ဖြစ်ခဲ့သည်။ စစ်အစိုးရအဆက်ဆက် ပြည်သူကို နှိပ်စပ်ညှင်းပန်သည်ကို လော့ဂျစ်သဘောအရ ယူဆနိုင်သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီနှုန်းစံတို့ဖြင့် တစိုက်မတ်မတ် ချီတက်လာသူများပင် တိုင်းရင်းသားများ အပေါ် ဤကဲ့သို့ ပြုမှုလျင် မြန်မာနိုင်ငံ၌ ပါတီနိုင်ငံရေးလမ်းကြောင်းသည် အလုပ်မဖြစ်ဆိုသည်ကို ကွက်ခနဲ့ ဒက်ကနဲ့ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားသည်။ နိုင်ငံရေးဘောင်ထက် စစ်ဘောင်က ပိုအားကိုးစရာ စိတ်ချရသော အဖြေဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ပါးစပ်ဖြင့် တောင်းယူနေရုံဖြင့် အလုပ်မဖြစ်မှန်း လူငယ်ထုက ရိပ်စားမိလာသည်။ တိုင်းရင်းသားတို့၏ အခွင့်အရေးသည် ဘယ်မှာလဲဟု မေးခွန်းထုတ်စရာ ဖြစ်သွားသည်။ အနီဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ်တိုင်းရင်းသားများအဖို့ ဘာမှ မထူးခြားဆိုသည်ကို သိသာပေါ်လွင်စေခဲ့သည်။ ပါတီနိုင်ငံရေးကျဆုံးခြင်း ထို့ကြောင့် ရခိုင်လူငယ်အများအပြား ရက္ခိုင့်တပ်တော်သို့ ခြေဦးတည်သွားသည်။
ထိုခြေလှမ်းများသည်ပင် ရခိုင် တော်လှန်ရေးအတွက် ရှင်းပြစရာမလိုသော အထောက်အကူ၊ အထောက်အပံ့ ဖြစ်သွားသည်။ တပ်သားသစ်များ ပိုမိုများပြား လာသည်။ ရခိုင်ပြည်တစ်လွှား လှည်းနေလှည်းအောင် မြင်းဇောင်းပါမကျန် တော်လှန်လိုသောစိတ် ရယ်ဒီကယ် အတွေးအခေါ် များ ပျံ့နှံ့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လက်ညှိုးနိုင်ငံရေးဖြစ်သည့် ပါတီနိုင်ငံရေးသည် မှေးမှိန် သွားခဲ့ရသည်။ ဤဖြစ်စဉ် ဖြစ်ရပ်များကို သက်သေထူဖို့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အစိုးရက ဖမ်းဆီးပြခဲ့ခြင်းဖြင့် ပိုမို ထင်ရှားပေါ်လွင်စေခဲ့သည်။ သူတို့နှင့်အတူ ပါတီနိုင်ငံရေးသည် ကျဆုံးသွားခဲ့သည်။
ရခိုင်တော်လှန်ရေး ဘာကြောင့် အောင်မြင်လာသလဲဟုမေးလျင် ဖော်ပြပါ အချက်များက တစ်နည်းတစ်ဖုံ အပြန်အလှန် ကျေးဇူးပြုနေသည်ကို တွေ့ရသည်။ သမိုင်းနှင့်ချီ၍ နှစ်ပေါင်းများစွာ ရခိုင်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အိပ်မက် မက်ခဲ့ကြသည်။ ရခိုင်တို့သည် တစ်ပါးသူ လက်အောက်တွင် မနေလို။ လွတ်လပ်သော လူမျိုးအဖြစ်ဖြင့်သာ ကမ္ဘာ့အလယ်တွင် မားမားမတ်မတ် ရပ်တည်လိုသည်။ ထိုအိပ်မက်ကို ဘိုးဘွားဘီဘင်များလက်ထက်ကတည်းက ယနေ့အထိ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့နိုင်သည်မှာ တကယ့် အံ့ဩဖွယ်ကောင်းသော အချက်ဖြစ်သည်။ ဘိုးဘွားတို့၏ စိတ်ဝိဉာဏ်ကို ယနေ့မျိုးဆက်များ ကအမွေဆက် ခံခဲ့ကြသည်။ ရခိုင်တို့၏ နိုင်ငံရေးအိပ်မက်သည် လမ်းခုလတ်တွင် ပြတ်တောင်းကောင်း ပြတ်တောင်း နိုင်သော်လည်းလုံးဝတိမ်မြုပ်မသွားခဲ့ဘဲ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်သည်။ ဘိုးဘွားများ မက်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ် ရေးအိပ်မက် သည် ယနေ့လူငယ်များ မက်နေဆဲ အိပ်မက်အဖြစ် ရှိနေခြင်းမှာ ရခိုင်တော်လှန်ရေးအောင်မြင်လာဖို့ ရေသောက် မြစ်သဖွယ် ထောက်ကူပေးနေသော အချက် ဖြစ်သည်ကို တွေ့ရပါသည်။
ထိုကဲ့သို့ ရခိုင့်အိပ်မက်ကို မက်နေရုံဖြင့် မပြီး တကယ် အကောင်အထည် ဖော်ရမည်ဟု ခိုင်မာသောသန္နိဌာန်ဖြင့် လူထုရှေ့သို့ ရက္ခိုင့်တပ်တော် ရောက်လာသောအခါ ရခိုင်တို့သည် ပိုမိုစည်းရုံး လာခဲ့ကြသည်။ အကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာလည်း ရခိုင်တော်လှန်ရေးသမိုင်းတွင် ရှိခဲ့ပြီးသား အဖွဲ့အစည်းများကဲ့သို့ လျော့တိလျော့ရဲ၊ အကွဲကွဲ အပြဲပြဲ ဗိုလ်လုသောအဖွဲ့အစည်းမျိုး မဟုတ်ဘဲ ခိုင်မာသော ရည်မှန်းချက်၊ ပြတ်သားသော ဆုံးဖြတ်ချက်၊ တည်တံ့သောပန်းတိုင်ရှိသော အဖွဲ့အစည်းဖြစ်သောအခါ လူထုသည် ပိုမိုစည်းလုံးလာခဲ့သည်။
ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင်မှုအရည်အချင်းနှင့် စွမ်းဆောင် နိုင်မှုအပေါ်တွင် ယုံကြည်မှု ပိုရရှိစေခဲ့သည်။ တပ်တော်၏ ဆိုခဲ့စေ၊ မြဲစေ ဆိုသော တစိုက်မတ်မတ် ကြိုးပမ်းမှုမှာလည်း ထိုယုံကြည်မှုကို ခိုင်မာကျစ်လစ်စေခဲ့သည်။
နိဂုံး
အချုပ်အားဖြင့် ဆိုရလျင် ရခိုင်တော်လှန်ရေးအောင်မြင်လာရခြင်းမှာ ရခိုင်တစ်မျိုးသားလုံး၏ နိုင်ငံရေးအသိ စိတ်နိုးကြားမှု၊ ရခိုင်တစ်မျိုးသားလုံးသည် တပ်တော်က တပ်လှန့်နိုးဆော်သော ရက္ခိတလမ်းစဉ်အောက်တွင် စုစည်း စည်းလုံးနိုင် မှု၊ ပါတီနိုင်ငံရေးကျဆုံးသွားမှု၊ အစိုးရ၏ အုပ်ချုပ်မှုအမှားအယွင်း၊ ခက်ထန်သော စစ်ပွဲကာလများကို ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်မှု၊ အနစ်နာခံ စွန့်စားမှု နှင့် ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင်မှု အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုကြောင့် ဖြစ်သည်ဟု ယုံကြည်လက်ခံရမည် ဖြစ်ပေသည်။
ကိုးကား - မောင်မောင်စိုး၏ မြောက်ဦးစစ်တမ်း
နေလင်းခိုင်(မြောက်ဦး) ရေးသည်။