ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများအား သတင်းမပို့သည့်အတွက်ဟုဆိုကာ ကော့ကရိတ်ဒေသရှိ ကျေးရွာများကို ပြာကျသွားအောင် လုပ်ပစ် မည်ဟု စစ်ကောင်စီတပ် စစ်ကြောင်းမှူးက ခြိမ်းခြောက်မှုပြောဆိုလိုက်သည်ဟု ဒေသခံထံမှ သိရသည်။
KNLA ပူးပေါင်းတပ်များ၏ စစ်ရေးလှုပ်ရှားသွားလာမှုများအား သတင်းပေးခြင်းမရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများအား ကြားဖြတ်တိုက်ခိုက်ခံရသည့်အပေါ် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများဖြစ်သော ရန်ကုတ်-ကောင်းမှု၊ စော်ဟဲ -ဆင်ကုန်း၊ အောက်ဗိုလ်တဲ ကျေးရွာများဘက်မှ ကျေးရွာအုပ်ချုပ်ရေးပိုင်းဆောင်ရွက်ရသည့် ဒေသခံအကြီးအကဲများထံ စစ်ကောင်စီတပ် စစ်ကြောင်းမှူးက ဖုန်းဆက်ကာ ထိုသို့ ခြိမ်းခြောက်ပြောဆိုမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“အခုရက်ပိုင်းက စစ်တပ်စစ်ကြောင်းတွေ ရန်ကုတ် ရွာဘက်၊ ကျောက်စရစ်ကုန်းရွာဘက်၊ ခနိမ်းမှု ရပ်ကွက်ဘက်တွေမှာ သူတို့စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခံရတာ၊ နောက်ပြီးတံတားဦး-ရန်ကုတ် သဲချောင်းတံတား (နနွင်းကုန်းတံတား) ပြိုကျပျက်စီးသွားတာကြောင့် အောက်ဗိုလ်တဲ- ဒေါနတောင် လမ်းဟောင်းဘက်ကို စစ်ကားတွေသွားမရတာတွေမှာ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ သတင်းကို စစ်တပ် ဖက်ကို မပြောလို့ သူတို့က ဖုန်းဆက်ပြီးကြိမ်းမောင်းတယ်၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ လေယာဉ် ဗုံးကြီးကြဲတယ်၊ ရွာတွေ ပြာကျအောင်လုပ်ပစ်မယ်၊ သတိကြပ်ကြပ်ထားနေကြလို့ ပြောလာတယ်”ဟု ထိုဒေသခံက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ရက်ညမှစတင်ကာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်သည့် နေရာများမှ ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်းကျေးရွာများဘက် လက်နက်ကြီး ပစ်ခတ်မှုများ၊ တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲမှုများ ပိုမိုလုပ်ဆောင် တိုက်ခိုက်လာနေပြီး ယခု ဒီဇင်ဘာ ၂၃ ရက်နေ့အထိ မြေပြင်စစ်ကြောင်း ၃ နှင့် စစ်အင်အား ၅၀၀ ခန့်နှင့် KNLA ပူးပေါင်းတပ်များနှင့် ဆက်လက်စစ်ရေး တင်းမာတိုက်ခိုက်မှုများဆက်ရှိနေကြောင်း ရှေတန်းစစ်မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရ သည်။
“စစ်တပ် စစ်ကြောင်းတွေက ဒီမနက် ကျုံဒိုး-ထီဖိုးစံ-ဒေါနလမ်းဟောင်းဘက်က တစ်ကြောင်း၊ ရေလည် ကုန်းဘက်ကနေ ခနိမ်းမူ-ရန်ကုတ်ဘက် တစ်ကြောင်း၊ ကော့နွဲ၊ ရွာသစ်ဘက်တစ်ကြောင်း၀င်နေတယ်။ အာရှလမ်းကတော့ ကားသွားမရဘူး။ ကော့ကရိတ်မြိုထဲလည်းဘယ်မှ ထွက်မရကြဘူး။ ဖုန်းလိုင်းတွေ အင်တာနက်တွေလည်းရ တစ်ချက်၊ မရတစ်ချက် ဖြစ်နေတယ်။ တိုက်ပွဲကတော့ ပစ်လိုက်၊ ရပ်လိုက်ပဲ”ဟု ရှေ့တန်းစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ ကော့ကရိတ်မြို့အနီး ၀န်းကျင်ကျေးရွာ၊ ရပ်ကွက်နေရာများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ ၈ ရက်ခန့်ရှိလာချိန်တွင် စစ်ကောင်စီတပ်လက်နက်ကြီး၊ လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများ ပစ်ခတ်မှု များကြောင့် ဒေသခံအရပ်သား ၃ ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာနေအိမ်ခြံ ထိခိုက်ပျက်စီးမှုနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဘက်တွင်လည်း သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည့်အတွက် နာရေးကူညီမှုအသင်းများက ထိခိုက်ဒဏ်ရာ ရရှိသည် စစ်သားလူနာနှင့် ရပ်ကွက်အတွင်း စစ်တပ်လက်နက်ကြီးကျရောက်ပေါက်ပွဲ၍ ထိခိုက်သည့် အရပ်သားလူနာများအား ဆေးကုသမှုအတွက် ကူညီလုပ်ဆောင်ပေးနေရကြောင်းကော့ကရိတ်မြို့ခံများက ပြောသည်။