ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ည(၁၁)နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် အဖွားအိုနှင့် အဖိုးအို ၂ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၃ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
မြဝတီမြို့ တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက်ခြမ်းရှိ နေအိမ်များတွင် ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်ရန် အခက်အခဲရှိသောကြောင့် နေအိမ်အဆင့်အဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“မီးပျက်လို့ ဖယောင်းတိုင်မီးထွန်းရင်းကနေ လောင်သွားတယ်။ မီးဖြတ်ထားတာလည်း (၁)ပတ်ရှိပြီး။ အမှတ်(၄)တောင်တန်းဘုန်းကြီး ကျောင်းအနောက် အဲ့နားမှာပွဲရှိတယ်။ ပွဲမှာပဲလူတွေက ရောက်နေတဲ့ အခါကျတော့ မီးလောင်တဲ့နေရာကို မလာကြဘူး။ တိုက်အိမ်တွေရော အိမ်ကစုနေတော့ မီးကူးသွားတာ။ အိမ် ၁၃ လုံးလောင်သွားတယ်။ အဲ့ဒီအဖွားဆို အရိုးစုပါဖြစ်နေပြီး။ အဖိုးက မီးထိပြီးဒဏ်ရာတစ်ခြမ်းရသွားတယ်။ အဖွားက လေဖြန်းနေတော့ ထမနိုင်တော့ မီးထဲပါသွားတယ်။ အဖိုးလည်း ဆေးရုံရောက်မှ သေတာ။ ရေလည်း ဝယ်သုံးနေရတော့ ဘယ်သူမှမီးမငြှိမ်းတော့ဘူး။ အဲ့ဒါကြောင့်မီးကြီးသွားတာ”ဟု ပြောသည်။
ထို့နောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာ မီးသတ်အဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က ဖြစ်စဉ်အသေးစိတ်ကို အနီးအနားပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ရဲတွေရော၊ မီးသတ်အဖွဲ့တွေရော ဖြစ်စဉ်ကိုလာမေးတယ်။ မီးလောင်တဲ့ အိမ်နားကလူတွေက သူတို့အမှုပတ်မှုဆိုးလို့ဖြစ်မယ် ဘာမှမဖြေကြဘူး”ဟု ထိုမြိုခံက ပြောသည်။
အဆိုပါ အမှတ်(၃)ရပ်ကွက် တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက်ရှိ မီးလောင်သွားသည့် နေအိမ်များထဲမှ အိမ်ထောင်စုဝင်များကို ကြက်ခြေနီအသင်းနှင့်နီးစပ်ရာ အလှူရှင်များက အဝတ်အစား ၊ ရေသန့်ဗူး၊ ထောက်ပံ့အလှူငွေများ လာရောက်ကူညီပေးခဲ့ကြသည်ဟုလည်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)တံတား အနီးတွင် အိမ်ဆိုင်တစ်ဆိုင်၌ မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်ဟု မြဝတီမြို့အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်း (Rescue Myawaddy)ထံမှ သိရသည်။