မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ရွာသားများအား အစုလိုက်သတ်ဖြတ်မီးရှို့ထားသည့် အထောက်အထားများ တွေ့ရှိ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ရွာသားများအား အစုလိုက်သတ်ဖြတ်မီးရှို့ထားသည့် အထောက်အထားများ တွေ့ရှိ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအား အစုလိုက်သတ်ဖြတ်ကာ မီးရှို့ထားသည်ဟုယူဆရသော အထောက်အထားများတွေ့ရှိရသည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။

 

အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာကိုဝင်စီး၍ ဒေသခံရွာသားတစ်ယောက်ကိုပစ်သတ်ကာ ရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်း ဆီးခဲ့သည်ဟု သိရသည်။

 

ယင်းနေ့ နိုဝင်ဘာလ ၇ ရက် ၁၂ နာရီခွဲခန့်တွင် CDF-Mindat က အနီးကပ် တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရွာခံနှင့် စစ်ဘေးရှောင်ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အတွက် စစ်ဆင်ရေးဆက်လုပ်ရန်အခက်အခဲရှိခဲ့သည်ဟု CDF- Mindat က ဆိုသည်။

နောက်တနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများထဲမှ (ယောအမျိုးသား) ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားနေရာသို့ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ၇ ဦးအနက် ၆ ဦးမှ ယနေ့ချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထီးလင်းမြို့ဘက်သို့ တပ်ဆုပ်သွားသည့်အချိန်တွင် ခေါ်ဆောင်သွားခဲ့သည်ဟု CDF-Mindat ထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ပလုံတွီကျေးရွာမှ ထီးလင်းမြို့သို့ တပ်ဆုပ်သွားပြီးနောက် CDF-Mindat တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့သည့်အချိန်တွင် ပြည်သူများ မီးရှို့သတ်ဖြတ်ခံထားရသည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်ဟု CDF-Mindat ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“မနေ့က ညနေပိုင်းလောက်မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူအစုလိုက်အပြုံလိုက်သတ်ပြီး မီးရှို့ထားတဲ့နေရာတွေ့တယ်။ ကျနော်တို့ ဆက်စုံစမ်းလိုက်တော့ ဖမ်းသွားတဲ့ ၇ ယောက်ထဲက တစ်ယောက်ပဲ ထီးလင်းကို ပါသွားတယ်၊ ကျန်တဲ့ ၆ ယောက်က ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ဖြတ်သွားတယ်လို့ ယူဆရတယ်၊ အဲ့နေ့က ချင်းအမျိုးသားတစ်ဦး သေတယ် ထွက်ပြေးသွားတဲ့သူထဲမှာ ပျောက်နေတဲ့သူ ၂ယောက်ရှိတယ်၊ ယောနယ်က ၆ ယောက်ရယ် အားလုံး (၉) ယောက်ပေါ့နော်၊ ဒီမှာရက်ရက်စက်စက် သတ်ဖြတ်ပြီး မီးရှို့တယ်လို့ ယူဆတယ် စကစတွေက အကုန်လုံးမီးရှို့ပြီး တာတောင် အရိုးတွေကို စေ့စေ့ညက်ညက် ကျေအောင်ထုပစ်ခဲ့တယ်။ လူမဆန်တဲ့လုပ်ရပ်တွေကို အများကြီးလုပ်နေ တယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ်ဖြတ်ပြီးမီးရှို့ထားသည့် အကြွင်းကျန်အရိုးစုများကိုလည်း ကြေမွနေအောင် ထုချေပစ်ခဲ့သည့်အတွက် သေဆုံးသွားသည့် လူဦးရေစာရင်းအတိအကျ သိရှိနိုင်ရန်ပင်ခက်ခဲကြောင်း၊ ကျန်ရစ်သူမိသားစုများအနေဖြင့်လည်း အသုဘချရန်ပင်

မဖြစ်နိုင်တော့ကြောင်း CDF-Mindat ကဆိုသည်။

ပလုံတွီကျေးရွာသည် ချင်းပြည်နယ်နှင့် မကွေးနယ်စပ်တွင်တည်ရှိပြီး အိမ်ခြေ နှစ်ဆယ်ဝန်းကျင်၊ ဒေသခံနှင့် စစ်ဘေးရှောင်လူဦးရေ ခန့်မှန်းခြေ (၅၀) ဝန်းကျင်ရှိသည်ဟု သိရသည်။

ပလုံတွီကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း CDF-Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ယနေ့တွင်လည်း ထီးလင်းမြို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် အထုတ်အပိုးများပြင်ဆင်နေကြသောကြောင့် ပြည်သူများအနေဖြင့် ထီးလင်းနှင့် မင်းတပ်မြို့နယ်တို့တွင် သွားလာခြင်းမပြုလုပ်ကြရန် CDF-Mindat က အသိပေးထုတ်ပြန်ထားသည်။

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...