ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ (၂၀၂၂) ဆန်းပိုင်းကစတင် တင်းမာလာခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာ နှစ်ဘက်စစ်ရေးဗျူဟာတွေနဲ့ တင်းမာနေဆဲဖြစ်သလို ရက္ခိုင်ပြည်သူ တစ်ချို့ကလည်း နေရပ်စွန့်ခွာသည့်အရေအတွက်က တိုးပွားလာနေပါတယ်။
ကုန်ခဲ့တဲ့ရက်ပိုင်းက ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ခဲ့တဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းနီးပါးရှိလာပြီ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ဟာ ရက္ခိုင်-ဘင်္ဂလာဒေရှ့် နယ်စပ်မျဉ်းတစ်လျှောက်က စစ်ကောင်စီဗျူဟာကုန်းတွေနဲ့ တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း မောင်တောမြို့နယ်အတွင်း အင်အားတိုးမြှင့် ချထားလိုက်ပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေမှာ ပြည်သူလူထု အသုံးပြုနေတဲ့ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့ထားသလို ရက္ခိုင်တပ်တော်ဘက်လည်း စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ပိတ်ဆို့ထားပါတယ်။
စစ်ရေးမဟာဗျူဟာအရ ကြည့်မယ်ဆိုရင် ဒီသုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အတွင်းစည်းဖြစ်တဲ့ ပြည်သူလူထုရဲ့ သွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်ပိတ်ပင်ထားပြီး ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမယ့် အပြင်စည်းအားလုံးကို ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်များနဲ့ ရက္ခိုင်ပြည်အတွင်း ချမှတ်ထားတဲ့ စစ်ရေးဗျူဟာများ
စစ်ကောင်စီတပ်တွေဟာ ရက္ခိုင်ပြည်သို့ လူlအင်အား၊ လက်နက်အင်အား များစွာပို့ဆောင်နေတာကို တွေ့ရပြီး ဒါဟာ ပိုမိုပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အရိပ်အရောင်ကို ပြနေတယ်လို့ ဆိုရမှာပါ။ စစ်ကောင်စီရဲ့ ခြေမြန်တပ်တွေမှာ သက်ကြီးပိုင်းစစ်သားတွေနဲ့သာ အသုံးပြုနေရပြီး စစ်ပမ်းလာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ တစ်နိုင်ငံလုံးမှာ အရှုံးနဲ့ရင်ဆိုင်နေကြရပြီး ရှို့ဝှက်အတွင်းစည်းတစ်ချို့ကလည်း မကြာမကြာ ပေါက်ကြားနေတာကိုကြည့်ရင် စစ်ကောင်စီတပ်မှာ တပ်တွင်းစည်းလုံးရေး ပျက်လုနီးပါးဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။
မြေပြင်တိုက်ပွဲတွေအတွင်း အတုံးအလုံးကျဆုံးနေတဲ့ စစ်ကောင်စီဟာ လေတပ်ကို အဓိကထား အားကိုးနေရတာကိုတွေ့ရမှာဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ဘက်က မောင်တောမှာရှိနေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေနဲ့ အထိုင်ချစခန်းတွေကို အပြီးပြတ်သိမ်းယူနေပေမယ့် စစ်ကောင်စီဘက်ကတော့ ခံစစ်၊ ပြောက်ကျားစစ်ကိုအသုံးချပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေရတာကိုတွေ့နေရပါတယ်။
ရက္ခိုင်ပြည်အတွင်း အခုဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ခုခံစစ်အဖြစ်နဲ့သာ တိုက်ခိုက်နေရပြီး လေတပ်ကို အဓိကထား မှီခိုနေရတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်သားတွေကို ရက္ခိုင်ပြည်အတွင်းသို့ အရပ်သားစီးလေယဉ်နဲ့ တင်ပို့နေရပြီး မြေပြင်တပ်သား စစ်ကြောင်းတွေကိုပါ လေတပ်ပစ်ကူနဲ့ ခရီးသွားနေရတဲ့ အနေအထားအထိကို မြင်နေရပါတယ်။
ကျောက်တော်၊ မြောက်ဦး ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ လက်နက်ကြီးကုန်းတွေက နေ့စဉ် ဆိုသလို ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေဟာလည်း နေ့စဉ်ဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ရက္ခိုင်ပြည်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေမှာ ဒီနေ့ထိ စစ်ကောင်စီဘက် တိုက်ပွဲမဖေါ်နိုင်သေးတာကိုတွေ့ရပြီး ရက္ခိုင်ပြည်ရဲ့မြို့ပေါ်ဒေသတွေမှာသာ စစ်ကောင်စီဘက်က အေအေနဲ့ ဆက်စပ်သူတွေကိုဖမ်းဆီးတာ၊ ရပ်ကွက် တွေအတွင်း စစ်ကြောင်းလှည့်တာ ဧည့်စာရင်းစစ်တာ၊ ကားလမ်းရေလမ်းတွေကို ပိတ်ဆိုစစ်ဆေးတာ စတဲ့ ပြည်သူလူထုကိုဦးတည်တဲ့ စစ်ဆင်ရေးတွေကိုသာ နေ့စဉ်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
စစ်ကောင်စီဟာ ကျေးရွာတွေနဲ့ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နိုင်မယ့် တိုက်ပွဲပုံမျိုးကိုဖေါ်ဆောင်ဖို့ ပြင်ဆင်ပေမယ့် ရက္ခိုင့် တပ်တော် ဘက်ကတော့ စစ်ကောင်စီရဲ့ဗျူဟာကို ကြိုသိထားပုံရပြီး စစ်ကောင်စီဆွဲခေါ်တဲ့ တိုက်ပွဲဘက်ကို လက်ရှောင်ထားတာကို တွေ့ရပါတယ်။
ဒါကြောင့်ဒီနေ့အထိတော့ စစ်ကောင်စီဘက်က ရက္ခိုင်ပြည်အတွင်း စစ်ရေးမဟာဗျူဟာတွေ ချလို့မရနိုင်သေးတာ ကိုတွေ့ရပါတယ်။ တဖက်မှာလည်း စစ်ကောင်စီရဲ့ အထိုင်ချစခန်းတွေကို ရက္ခိုင့်တပ်တော်ဘက်က ပိတ်ဆို့ထား တဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။
ရက္ခိုင်တပ်တော်ရဲ့ စစ်ရေးဗျူဟာများ ရက္ခိုင့်တပ်တော်ဘက်ကတော့ အခုတစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း ချမှတ်ထားတဲ့ စစ်ရေးဗျူဟာတွေကို ပြောမယ်ဆိုရင် ရက္ခိုင့်တပ်တော်ရဲ့ တပ်မှူးချုပ်အမြဲတန်းပြောနေတဲ့စကားကို ငှားပြီးပြောရမယ်ထင်ပါတယ်။
ဒါကတော့ တပ်မှူးချုပ်ပြောဖူးတဲ့ “အိမ်စာ”ကြေညက်အောင် ပြုလုပ်ထားတာပါ။ ရက္ခိုင့်တပ်တော်မှာ ထူးချွန်ထက်မြက်တဲ့ တပ်မှူးပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး စည်းကမ်းပြည့်ဝပြီး အမိန့်နာခံတတ်တဲ့ တပ်သား ပေါင်းများစွာကလည်း လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်ကြပါတယ်။
တိုက်ပွဲပထမအကျော့ဖြစ်တဲ့ (၂၀၁၈/၂၀၁၉/၂၀၂၀) ကာလအတွင်းက တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော်ဟာ စစ်ကောင်စီရဲ့ ခြေလှမ်းတွေနဲ့ စစ်ရေးဗျူဟာတွေအများစုကို နှုတ်ကျက်ရလိုက်တဲ့ပုံစံလို့တောင် ဆိုရမှာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ တိုက်ပွဲကို မောင်တောမြောက်ပိုင်း နယ်စပ်မျဉ်းကြောင်းအနားကို ဆွဲခေါ်ခဲ့ပြီး စစ်ကောင်စီကို အရူးမီးဝိုင်းဖြစ်စေခဲ့ပါတယ်။ လေယာဉ်နဲ့ တာဝေးပစ် လက်နက်ကြီးတွေကိုသာ အားကိုးနေရတဲ့စစ်ကောင်စီဟာ နယ်စပ်မျဉ်းကြောင်းတစ်လျှောက်က တိုက်ပွဲတွေမှာ များစွာအထိနာခဲ့သလို စခန်းပေါင်း လေးဆယ်ကျော်ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။
စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတဲ့ စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ကြိုးစားခဲ့တဲ့အခါ လက်နက်ကြီး တွေနဲ့ လေယာဉ်ကိုအသုံးပြုခဲ့ပေမယ့် လက်နက်ကြီးကျဉ်တွေ ဘင်္ဂလားဒေရှ့်နယ်မြေထဲသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး နှစ်နိုင်ငံတင်းမာမှုဖြစ်ပွားခဲ့ပါတယ်။ နဂိုကတည်းက နိုင်ငံတကာမှာ လူရာမဝင်တဲ့စစ်ကောင်စီဟာ ဘင်္ဂလားဒေရှ့်ရဲ့ ထိုးနှက်ချက်တွေကို ခံလိုက်ရပါတယ်။
ဒီပြဿနာကို ဘင်္ဂလားဒေရှ့်ဘက်က ကုလသမဂ္ဂထိ တိုင်ဖို့ခြိမ်းခြောက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ မောင်တောမြို့ပေါ်နဲ့ အနီးတဝိုက်အတွင်းမှာသာ စုပြုံနေကြရတာပါ။ မောင်တောနယ်စပ်မျဉ်းတစ်လျှောက်အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲကို မြောက်ဦး၊ ကျောက်တော်၊ မင်းပြား အစရှိတဲ့ ရက္ခိုင်ပြည်အလယ်ပိုင်း လူနေထူထပ်တဲ့ နေရာတွေကို ဆွဲခေါ်တာကိုတွေ့ရပါတယ်။ စစ် ကောင်စီရဲ့ တပ်စခန်းတွေကနေ ကျေးရွာတွေ လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရန်လိုတဲ့ အပြုအမူနဲ့ တိုက်ပွဲတွေကိုဆွဲခေါ်ပြီး လူထုချေမှုန်းဖို့ကြံစည်ပေမယ့် ဒါကိုကြိုသိထားတဲ့ ရက္ခိုင့်တပ်တော်ဟာ ဒီနေရာတွေကို လက်ရှောင်ထားပါတယ်။
ဒီလို စစ်ကောင်စီဘက်က မြောက်ဦးပတ်ဝန်းကျင်မှာ တိုက်ပွဲဖေါ်ဖို့ စစ်ရေးဗျူဟာတွေ
လုပ်နေစဉ်အတွင်းမှာဘဲ ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီလုံးဝထင်မှတ်မထားတဲ့
ရက္ခိုင်ပြည်တောင်ပိုင်း တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်အကြားမှာ စစ်ကောင်စီတပ်သားတွေလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်တင်ဆောင်လာတဲ့ ဇက်ရေယဉ်တစ်စီးကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရက္ခိုင် တော်တော်ရဲ့ စစ်ရေးမဟာဗျူဟာကို
အနည်းငယ်ထုတ်ပြလိုက်ပြီးတဲ့နောက် စစ်ကောင်စီဟာ တိုက်ပွဲကိုထက် အရပ်သားတွေကို ဖမ်းဆီးတာ၊ ရေလမ်းကုန်းလမ်းတွေကိုပိတ်ဆို့တာ စတဲ့ ပြည်သူလူထုဗဟိုပြု စစ်ဆင်ရေးကို ဦးတည်လာခဲ့တာကို တွေ့ရပါတယ်။
ရှေ့ဆက် ဘာဖြစ်လာနိုင်သလဲ
စစ်ကောင်စီဟာ ရက္ခိုင်ပြည်တစ်ကျော့ပြန်တိုက်ပွဲမှာ လမ်းပျောက်နေသလို နိုင်ငံ့စီးပွားရေး လုံးဝနီးပါးပြိုလဲဖို့ ယိုင်နေချိန်မှာ စစ်ကြောင်းတွေရဲ့ လုံခြုံရေးကိုတောင် လေယာဉ်ပစ်ကူနဲ့ သွားနေရတယ်ဆိုတာဟာ စစ်ရေး မဟာဗျူဟာအရ ရှုံးနိမ့်နေပြီလို့ပြောလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေး လုံးဝမရှိတော့တဲ့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးပြည်တွင်းစစ်မှာလည်း အပ်နဲ့ထွင်ရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်နေရတာဟာ စစ်ရေးကုန်ကျစရိတ်ကို ရေရှည်ထိမ်းထားဖို့ ခက်ခဲလာစေမှာ အသေအချာပဲဖြစ်ပါတယ်။ အရှေ့ဖျားနိုင်ငံများ ဖွံ့ဖြိုးရေးဖိုရမ်မှာ ကမ္ဘာ့အံဖတ် ရုရှားအာဏာရှင် ပူတင်နဲ့တွေ့ပြီး ကပ်ဖား၊ ယပ်ဖား ဆက်ဆံခဲ့ရတာကို လူတိုင်းမှတ်မိကြမှာပါ။ ဒါဟာ မြန်မာစစ်တပ် တစ်သက်လုံးအော်လာတဲ့ “ပြည်ပအားကိုး ပုဆိန်ရိုး”သွားလုပ်ပေမယ့် ပူတင်မှာလည်း ယူကရိန်းကို စစ်ရှုံးပြီး တိုင်ပတ်နေတဲ့ကာလဖြစ်တဲ့အတွက် စစ်ကောင်စီလိုချင်တဲ့ စစ်ရေးအထောက်အပံ့ လက်နက်၊ ခဲယမ်းဆိုတာ ဘယ်လိုမှရနိုင်စရာ အကြောင်းမရှိပါဘူး။
ဆိုတော့ စစ်ကောင်စီဟာ အခုစစ်ပွဲမှာ ရက္ခိုင်သာမက တစ်နိုင်ငံလုံး ရှုံးသွားမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ မြင်ပါတယ်။ ပြည်တွင်းအရေးမှာ စစ်ကောင်စီဟာ သူ့ထွက်ပေါက်အတွက် လမ်းကြောင်းနှစ်ခုဖွင့်ထားပါတယ်။ တစ်ခုက EAO တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပြီး နောက်တစ်ခုကတော့ ရွေးကောက်ပွဲထွက်ပေါက် ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရာမထင်ခဲ့သလို တစစနဲ့ နယ်မြေထိမ်းချုပ်မှု အားနည်းလာတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ကတော့ ရာခိုင်နှုန်းအတော်ကိုများတယ်လို့ ပြောလိုရပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဟာ ခုချိန်ထိ မသေချာသေးပါဘူး။
ရက္ခိုင့်တပ်တော်ဘက်ကတော့ စကတည်းက ကြွေးကြော်ထားတဲ့ ဗဟိုအာဏာလုံးဝနီးပါးမရှိတဲ့ အလုံးစုံ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ရေး ကွန်ဖယ်ဒရိတ်ကို ချီတက်နေသလို စစ်ရေးကာလအတွင်းမှာလည်း အုပ်ချုပ်ရေးနဲ့၊ တရားစီရင်ရေးကို အခိုင်အမာပြုလုပ်ထားနိုင်ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ စစ်ကောင်စီအတွက် နားလည်ဖို့ အလွန်ခက်ခဲ့တဲ့ စစ်ရေးဗျူဟာတွေကိုချမှတ်ပြီး စခန်းသိမ်းတိုက်ပွဲတွေကနေတစ်ဆင့် တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ လူထုထိခိုက်မှု အနည်းနိုင်ဆုံးနည်းလမ်းကို ရွေးချယ်ပြီး ကိုင်တွယ်နေတာကိုကြည့်ရင် သူ့နိုင်ငံရေးအယူအဆဟာ ကွန်ဖက်ဒရိုက်ကိုကြွေးကြော်ထားပေမယ့် စစ်ကောင်စီရဲ့ အကျပ်အတည်းပေါ်မူတည်ပြီး ရက္ခိုင်နိုင်ငံတော်အဆင့်ထိ ချီတက်သွားနိုင်ပါတယ်။
လက်နိုင်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးရဲ့အမြင့်ဆုံးလုပ်ရပ်ဖြစ်သလို “အလုံးစုံလွပ်လပ်ရေး”ဟာလည်း တော်လှန်ရေးရဲ့ အမြင့်ဆုံးပန်းတိုင်ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းယူမှုကြောင့် စစ်တပ်က အကျပ်ရိုက်နေချိန်ကို နိုင်ငံရေး၊ စစ်ရေး တည်ဆောက်မှုအဖြစ် ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး စစ်ရေးမဟာမိတ် အများစုကို မွေးထုတ်ပေးထားနိုင်ခဲ့တာကိုကြည့်ရင် ရက္ခိုင့်တပ်တော်ရဲ့ မဟာဗျူဟာကို မြင်နိုင်ကြမယ်လို့ ထင်ပါတယ်။
တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ဘက်က အသုံးချလာတဲ့ စစ်ရေးဗျူဟာတွေဟာ စစ်ကောင်စီကို အရူးမီးဝိုင်းဖြစ်စေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ ရက္ခိုင့်တပ်တော်ဟာ ရက္ခိုင့်နိုင်ငံတော်ခရီးအတွက် နောက်ထပ် ထုတ်သုံးလာနိုင်တဲ့ စစ်ရေး၊ နိုင်ငံရေး မဟာဗျူဟာတွေဟာ ရက္ခိုင်ပြည်အလုံးစုံလွတ်မြောက်ရေးကို ဦးဆောင်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်တော့ပါဘူး။
မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသားသည်။