တရုတ်ကုမ္ပဏီများ လိမ်လည်ရိုက်စားလုပ်ရာ အချက်အချာနေရာ ဖြစ်လာသည့် မြဝတီ

တရုတ်ကုမ္ပဏီများ လိမ်လည်ရိုက်စားလုပ်ရာ အချက်အချာနေရာ ဖြစ်လာသည့် မြဝတီ

ထိုင်းနှင့် နယ်စပ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ မြဝတီ ဧရိယာသည် ရွှေကုက္ကိုလ်မြို့ရှိ အထူးစီးပွားရေးဇုန်ကြောင့် ယခုအခါ အခက်အလက်စုံသော တရုတ်ထိန်းချုပ်သည့် မြို့တစ်မြို့အဖြစ် ပြောင်းလဲရောက်ရှိနေသည်။ မြန်မာ သူပုန်အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည့် တရုတ် မာဖီးယားဂိုဏ်းများ စီမံကွပ်ကဲသော အယောင်ဆောင် အိုင်တီ (IT) ကုမ္ပဏီများသည် အိုင်တီလုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရမည်ဆိုသည့် မူမမှန် အကြောင်းပြချက်ဖြင့် ၎င်းတို့၏ လူသစ် (အလုပ်သမား) ရှာဖွေခေါ်ယူရေး အေးဂျင့်များမှတစ်ဆင့် အိန္ဒိယနိုင်ငံသားများ၊ တရုတ်နိုင်ငံသားများ၊ ဖိလစ်ပိုင်နိုင်ငံသားများ၊ အာဖရိကန်များနှင့် ဂျပန်နိုင်ငံသားများ ကဲ့သို့ လူမျိုး၊နိုင်ငံသား အသီးသီးဖြစ်သော ရွှေ့ပြောင်းလုပ်သားများကို သိမ်းသွင်းသွေးဆောင်လျက် ရှိသည်။ အတုအယောင် အိုင်တီ ကုမ္ပဏီများသည် ဒူဘိုင်း၊ အိန္ဒိယ၊ ထိုင်း နှင့် အခြားနိုင်ငံများရှိ မတူညီသော လူမှုဆိုင်ရာနှင့် စီးပွားရေးရာ ပလက်ဖောင်းများတွင် စာစီစာရိုက် ကျွမ်းကျင် ကဲ့သို့ အလုပ်အကိုင်များနှင့် အိုင်တီနှင့် သက်ဆိုင်သော အလုပ်အကိုင်များနှင့်ပတ်သက်ပြီး ကြော်ငြာလျက် ရှိသည်။

တရုတ် မာဖီးယားများနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များ ပါဝင်သော အတုအယောင် အိုင်တီ ကုမ္ပဏီများနှင့် အချိတ်အဆက် ရှိသည့် အလုပ်သမား ရှာဖွေရေး အေးဂျင့်များသည် “အွန်လိုင်း မာကက်တင်း” ခေါင်းစဉ်အောက်တွင် အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှု ရှိသည့် အမျိုးမျိုးသော နိုင်ငံသားများကို ခေါ်ယူစုဆောင်းသည်။ အလုပ်သမားများကို နေစရာ၊ စားစရာ အခမဲ့ စားရိတ်ငြိမ်းဖြင့် တစ်လလျှင် ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၂၀၀၀ အထိ ပေးမည်ဟု ကမ်းလှမ်းသည်။ မြဝတီ ဧရိယာတွင် လုပ်ကိုင်လှုပ်ရှားနေသော ကုမ္ပဏီတချို့၏ အမည်များမှာ HOA-TAI.com @ Trionix Multitech Int. Co., ၊ OKX Plus ၊ Super Energy Group ၊ Zhentian Group ၊ Huan Qiu Company Ltd, ၊ FOFX Tech Company Limited ၊ Seven Star Club ၊ Yong Sing International Company နှင့် CI Group-Shangi အစရှိသဖြင့် ဖြစ်သည်။ ကုမ္ပဏီအများစုသည် အပေါ်ယံအပယိက ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့သည် မည်သည့် တရားဝင် အာဏာပိုင်များထံတွင်မှ မှတ်ပုံတင်ထားခြင်း မရှိပေ။ ထို့ပြင် ကန့်သတ်ပိတ်ပင်မှုများနှင့် မှတ်ပုံတင်ခြင်းများမှ ရှောင်ရှားနိုင်ရန် ကုမ္ပဏီပိုင်ရှင်များသည် ၎င်းတို့၏ ပရိုဖိုင်များကို မကြာခဏ ပြောင်းလဲကြသည်။

ထို အိုင်တီကုမ္ပဏီများကို နယ်ခြားစောင့်တပ်ဖွဲ့(BGF)/ DKBA က ကာကွယ်စောင့်ကြပ်ပေးသည်ဟု သိရပြီး ယင်းသည် သက်ဆိုင်ပတ်သက်သူအားလုံးအတွက် ကြီးမားသည့် ဝင်ငွေ ရင်းမြစ်တစ်ခု ဖြစ်လာခဲ့သည်။

ကုမ္ပဏီများနှင့် ၎င်းတို့၏ လူသစ် ရှာဖွေစုဆောင်းသည့် အေးဂျင့်များသည် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ပြီး အိုင်တီ တတ်ကျွမ်းသည့် လူငယ်များကို ပစ်မှတ်ထားသည်။ ခေါ်ယူစုဆောင်းလာနိုင်သည့် လူသစ်များအတွက် ဘန်ကောက်သည် ပထမဆုံး ဝင်ပေါက်နေရာဖြစ်ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံတွင်းမှာသာ အလုပ်လုပ်ရမည်ဟု ကတိပေးထားခဲ့သည်။ ဗီဇာနှင့် လက်မှတ်များကို အလုပ်သမား ရှာဖွေသည့် အေးဂျင့်များက စီစဉ်ပေးသည်။ အချို့သည် ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုသည်။ ထိုင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများ (အလုပ်သမား ရှာဖွေရေး အေးဂျင့်များ/ ကုမ္ပဏီများနှင့် အချိတ်အဆက်ရှိသည့် အရာရှိများ) သည် လူဝင်မှုဆိုင်ရာ ခွင့်ပြုချက်များကို အလျင်အမြန် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးသည်။ ဘန်ကောက် လေဆိပ်သို့ ရောက်ရှိချိန်တွင် ကုမ္ပဏီဝန်ထမ်းက လူသစ်များ (လှည့်စားလိမ်လည်ခံရသူများ) ကို လာရောက်ခေါ်ဆောင်ပြီး ဘန်ကောက်ရှိ သတ်မှတ်ထားသော ဟိုတယ်များသို့ ပို့ဆောင်ပေးသည်။ တစ်ရက်၊ နှစ်ရက်အကြာတွင် ၎င်းတို့ကို တက္ကစီတစ်စီးဖြင့် (ဘန်ကောက်မှ ပျမ်းမျှ ခြောက်နာရီ ကားမောင်းသွားရသည့် ခရီး) မြန်မာ-ထိုင်း နယ်စပ်ရှိ ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ပို့ဆောင်သည်။ ယင်းနောက်တွင် သောင်ရင်းမြစ်ကို ဖြတ်ကာ ကူးတို့လှေတစ်စင်းဖြင့် မြဝတီ ဧရိယာသို့ ခေါ်ဆောင်သွားသည်။ သူပုန်အဖွဲ့များနှင့် ၎င်းတို့၏ ထောက်ခံကူညီသူများက နယ်စပ် ဖြတ်သန်းမှုကို အဆင်ပြေစေရန် လုပ်ဆောင်ပေးသည်။ ၎င်းတို့ မြစ်ကို ဖြတ်ကူးပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်သမားများကို BGF တပ်ဖွဲ့ဝင်များ (DKBA) က ပတ်စ်ပို့ စစ်ဆေးခြင်းအားဖြင့် စစ်ဆေးမှုများ ပြုလုပ်သည်။ ယေဘုယျအားဖြင့် BGF တပ်ဖွဲ့များတွင် အသေးစိတ်အချက်အလက်အားလုံးကို ကြိုတင် ရှိထားပြီးဖြစ်သည်။

စစ်ဆေးမှု ပြီးစီးသွားပါက အလုပ်သမားများကို ကားတစ်စီးဖြင့် ထပ်မံလိုက်ပါစေပြီး မြဝတီ ဧရိယာရှိ IT Park ဟု ခေါ်သည့် နောက်ဆုံး ခရီးဆုံးသွားရမည့် နေရာသို့ ပို့ဆောင်သည်။ အစပိုင်းနေ့များတွင် အလုပ်သမားအားလုံးကို အလွန်ကောင်းမွန်စွာ ဆက်ဆံသည်။ (ယေဘုယျအားဖြင့် ၁၅ ရက်ကြာဖြစ်သည့် ၎င်းတို့၏ ထိုင်းဗီဇာ သက်တမ်းမကုန်မချင်း ဖြစ်သည်) ၎င်းတို့ကို နယ်မြေဧရိယာတွင် စူးစမ်းလေ့လာ၊ ပျော်ရွှင်မှု ရစေနိုင်ရန် ကြိုတင်ငွေများလည်း ထုတ်ပေးသည်။ ဗီဇာ သက်တမ်းကုန်သည်နှင့်တစ်ပြိုင်နက် အလုပ်သမားများကို အလုပ်လုပ်ချိန် နာရီ တိုးခြင်းကဲ့သို့ အလုပ်အတွက် ဖိအားများ စတင်ပေးလာခဲ့ပြီး ကာယကံမြောက် နည်းလမ်းများဖြင့် အပြစ်ပေးမှုများ ရှိလာသည်။ အကယ်၍ တစ်ဦးတစ်ယောက်က အလုပ်မလုပ်ဟု တွင်တွင်ငြင်းပါက ၎င်းတို့သည် တရားမဝင် ဝင်ရောက်မှုဖြင့် မြဝတီ ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးတတ်သည်။ သို့သော် ယင်းက ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခု ဖြစ်သည်။

လိမ်လည်လှည်စားခံရသူများသည် ခရစ်ပ်တို ပလက်ဖောင်း နှင့် အွန်လိုင်း လောင်းကစားခြင်းတို့မှတစ်ဆင့် ရင်းနှီးမြှုပ်နှံစေရန် သင့်တော်သည့် ပစ်မှတ်များကို မဖြစ်မနေ ရှာဖွေပေးကြရသည်။ လူကုန်ကူးခံရသူ အားလုံးသည် ပစ်မှတ်များကို ရရှိပြီးမြောက်စေရန် သတ်မှတ်လုပ်ဆောင်ကြရပြီး အကယ်၍ အလားတူအတိုင်း လုပ်ဆောင်ပေးရန် ပျက်ကွက်ပါက အကြမ်းပတမ်း နှိပ်စက်ခံရသည့် မနှစ်မြို့ဖွယ် အတွေ့အကြုံကို စတင်ခံစားကြရသည်။

အာဏာပိုင်များသည် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး ဆက်လက် နှုတ်ဆိတ်နေသလို ထိုဧရိယာများတွင် လှုပ်ရှားနေသော အတုအယောင် ကုမ္ပဏီများကို ဆက်လက် မသိကျိုးကျွန်ပြုထားသည်။ ထိုကုမ္ပဏီများ ရှာဖွေဖြစ်ထွန်းရရှိသည့် ဝင်ငွေက မြန်မာဘက်ခြမ်းရော၊ ထိုင်းဘက်ခြမ်းရောရှိ အာဏာပိုင်များ၏ ပါးစပ်ပေါက်များကို ပိတ်စေရာတွင် အရေးပါသော နေရာတွင် ရှိနေသည်။ အယောင်ဆောင် ကုမ္ပဏီများထံမှ အကျိုးအမြတ်ဖြစ်ထွန်းရရှိနေသော နှစ်ဖက်စလုံးမှ အာဏာပိုင်များသည် လိမ်လည်လှည်စားခံရသူများကို ကူညီရန် သို့မဟုတ် မတူညီသော နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများ၏ တောင်းဆိုပန်ကြားချက်များကို တုံ့ပြန်ကူညီပေးရန် စိတ်ဆန္ဒမရှိကြောင်းကို ထုတ်ဖော်ပြသထားပြီး ၎င်းတို့သည် ထိုဧရိယာတွင် စိုးမိုးခြယ်လှယ်မှု မရှိဟု ပြောကြသည်။

(ကိုလူအေး ဘာသာပြန်သည်)

ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...