စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးနှင့် လူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးနှင့် လူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား
စစ်တွေမြို့နယ်၊ အမြင့်ကျွန်းတံတားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
စစ်တွေမြို့နယ်၊ အမြင့်ကျွန်းတံတားကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် စက်လှေ ၉ စီးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆိုပါစက်လှေများမှ တာဝန်ရှိသူ ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်အပါအဝင် အခြားမြို့နယ်များမှာ လာရောက်ပြီး မင်းချောင်းတံတားအနီးတွင် ဆိုက်ကပ်ထားသည့် အဆိုပါစက်လှေ ၉ စီးနှင့် စက်လှေပိုင်ရှင်၊ မာစီ (ပဲ့ကိုင်) စုစုပေါင်း ၉ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲနှင့် စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ပိတ်ထားသည့်အထဲမှ ကုန်ပစ္စည်းများကို ခိုး၍သယ်ဆောင်သည်ဟုဆိုကာ ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက DMG သို့ ပြောသည်။

“စစ်သားတွေကော ရဲသားတွေကောပါတယ်။ အင်အား ၄၀ ကျော်လောက်ပါတယ်။ ဘုတ် ၉ စီးကို ဖမ်းတာပါ။ အများအားဖြင့်တော့ ပိုင်ရှင်ကိုယ်စား ဘုတ်မှာ မာစီ (ပဲ့ကိုင်) တဲ့သူတွေ ပါသွားတယ်။ ပါရင်လည်း ပိုင်ရှင်တွေ နည်းနိုင်တယ်။ အတိအကျတော့ပြောလို့မရဘူး”ဟု ဖမ်းဆီးရာတွင် စက်လှေပါဝင်သွားသူတစ်ဦးက ပြောသည်။

ထိုသို့ဖမ်းဆီးခံရသည့် စက်လှေများမှာ စစ်တွေမြို့နယ်မှ နှစ်စီး၊ ပေါက်တောမြို့နယ် တစ်စီးနှင့် ရသေ့တောင်မြို့နယ်မှ ခြောက်စီးတို့ဖြစ်ကြသည်။ အဆိုပါ စက်လှေများမှာ စစ်တွေမြို့မှ ကုန်ပစ္စည်းဝယ်ယူပြီး နေရာအသီးသီးသို့ သွားရောက်ရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပိတ်ထားသည့်အပြင် ယခုကဲ့သို့ရေလမ်းခရီးမှ စက်လှေများကိုပါ ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ကြောင်း ယမန်နေ့ကဖမ်းဆီးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့က ဘုတ်ပေါ်မှာထိုင်နေကြတာ။ လူတွေအားလုံးကိုဆင်းခိုင်းပြီးတော့ မင်းချောင်းတံတားပေါ် တက်ခိုင်းတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတော့ဆိုပြီးပြောတယ်။ ဟိုကူး၊သည်ကူးနဲ့ လေးဆင့်လောက်သွားပြီး ည ၉ နာရီခွဲမှ ရသေ့တောင်ကို ပြန်ရောက်တယ်”ဟု ရသေ့တောင်မှ ခရီးသည်အမျိုးသမီးကပြောသည်။

ဖမ်းဆီးခံရသည့် စက်လှေပေါ်ပါရှိသည့် တာဝန်ရှိသူ ၉ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်းသို့ ခေါ်ယူကာ တစ်နာရီကျော်ကြာစစ်ဆေးခဲ့ပြီး ည ၈ နာရီခွဲအချိန်တွင် ၎င်းတို့ ၉ ဦးကို စစ်တွေမြို့မရဲစခန်းသို့ ကားဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဘုတ်လိုင်စင်များ ရှိ၊ မရှိနှင့် မည်သည့်ကုန်ပစ္စည်းများကို သယ်ယူသည်ဆိုသည်တို့ကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကုန်ပစ္စည်းတင်ဆောင်သည့် စက်လှေများကိုဖမ်းဆီးခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး အားလုံးဒုက္ခရောက်နိုင်သည်ဟု အမည်မဖော်လိုသည့်စက်လှေပိုင်ရှင်က ပြောသည်။

“လူမှာတော့ ငတ်လာရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ ရုန်းကြတာပါပဲ”ဟု ၎င်းကဆိုသည်။

၂၂ မိုင် ၆ ဖာလုံအရှည်ရှိသည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှစ၍ သွားလာခွင့်ပိတ်ထားသည်မှာ ၄ လကျော်အထိ ကြာမြင့်လာနေပြီး အဆိုပါလမ်းမှာ ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့နယ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အရေးပါသည့်လမ်းတစ်ခုဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲတကျော့ပြန်ဖြစ်ပွားလာပြီးနောက် ရေချမ်းပြင်-အငူမော်ကားလမ်း၊ အငူမော်- မောင်တောကားလမ်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်း၊ မောင်တောမြောက်ပိုင်း ကားလမ်း၊ မြေပုံ-မင်းပြား ကားလမ်းတို့ကို စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားပြီး ရေလမ်းခရီး သွားလာမှုများကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်။

December 23, 2024
“ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရမည်” ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော် (AA) သည် လက်ရှိတွင်...
December 21, 2024
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု...
December 20, 2024
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ...
December 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA...