ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ အိန္ဒိယ - မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ခိုလှုံလာကြောင်း CDF – Hualngoram က ယနေ့ စက်တင်ဘာလ ၁၆ရက်နေ့ တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့က ဖလမ်းမြို့နယ် ရိခေါဒါရ်တပ်စခန်း ခလရ (၂၆၈) မှ တပ်သား နီမန်းနန္ဒာ ကိုယ်ပိုင်အမှတ် (တ-၅၇၄၅၂၉) သည် ၎င်းကိုင်ဆောင်သော MA1 သေနတ်တစ်လက် ၊ ကျည်ဆန် ၂၅၀ နှင့် ကျည်ဘောက် လေးခုတို့ကို ယူဆောင်၍ ဝင်ရောက်ခိုလှုံလာခဲ့ ခြင်းဖြစ်သည်။
ထိုသို့ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ခိုလှုံလာသူ စစ်ကောင်စီတပ်သားအား မြန်မာငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေသို့ လုံခြုံစွာပို့ ဆောင်ပေးခဲ့ကြောင်းသိရသည်။
“အခုဝင်လာတဲ့ရဲဘော်က စစ်ကောင်စီတပ်ထဲမှာ သိပ်မကြာသေးဘူး။ စစ်တပ်ထဲမှာ နေရတာ သူအတွက်လုံခြုံမှုရှိတယ်လို့ မထင်တော့တဲ့အတွက် ခိုလှုံလာခဲ့တာ။ ကျွန်တော်တို့က သူ့ကို ဆုငွေချီးမြှင့်ပြီး လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ပါတယ်” ဟု CDF – Hualngoram စစ်ရေးတာဝန်ခံ ကိုမျိုးသန့် က မဇ္ဈိမ ကိုပြောသည်။
စစ်ကောင်စီတပ်မှနေ၍ CDF – Hualngoram အဖွဲ့သို့ ဝင်ရောက်ခိုလှုံလာသူ ရဲဘော်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှ စစ်တပ်ထဲ ဝင်ရောက်လာသူဖြစ်ပြီး ရွှေဘိုမြို့ လေ့ကျင့်ရေး အမှတ် (၈) တွင် စစ်သင် တန်း ခြောက်လ တက်ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် မုံရွာမြို့ နှင့် ကလေးမြို့များတွင် နေထိုင်ခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ ထံဝင်ရောက်ခိုလှုံလာသူ စစ်ကောင်စီတပ်သားက ဆိုသည်။
စစ်ကောင်စီ တပ်သား နီမန်းနန္ဒာသည် ကလေးမြို့မှ တစ်ဆင့် စစ်ကြောင်းယာဉ်တန်းနှင့် ဖလမ်းမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် လွန်ခဲ့သော နှစ်ပတ်က ရိခေါဒါရ် တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် စစ်တပ်ထဲတွင် လုံခြုံမှုမရှိတော့ဟု ခံစားမိသည့် အတွက် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
“မင်းအောင်လှိုင်တို့ လူတစ်စု ကောင်းစားဖို့အတွက် ဘဝတွေ ဆက်မရင်းသင့်တော့ပါဘူး။ ကျွန်တော်တို့ကို ဆက်သွယ်ပြီး ထွက်လာခဲ့ပါ။ အသက်အန္တရာယ်လုံခြုံရေး အတွက် လုံးဝ အာမခံပါတယ်” ဟု စစ်ရေးတာဝန်ခံ ကိုမျိုးသန့်က ပြောသည်။
စစ်ကောင်စီတပ်မှနေ၍ လက်နက်ဖြင့်ထွက်ခွာလာပါက ဆုငွေများချီးမြှင့်မည်ဖြစ်ပြီး အခြေအနေများအရ လက်နက်မယူဆောင်လာနိုင်ပါက ဆုငွေမပေးနိုင်သော်လည်း လုံခြုံရေးနှင့် ဘဝရပ်တည်ရေးများအတွက် အကူအညီများ ပေးအပ်သွားမည်ဟု CDF – Hualngoram အဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်ကို စွန့်ခွာလိုသူအများအပြားရှိကာ တပ်ထဲတွင်ဆက်လက်နေထိုင်ပါက အသေ ထွက်သာ ထွက်ရမည်ဖြစ်ပြီး စစ်ကောင်စီတပ်သားများကို ယခုအခါ စခန်းအပြင်သို့ ပင်ထွက် ခွင့်မပြုတော့ဘဲ ထောင်ကျနေရသကဲ့သို့ နေထိုင်နေရကြောင်း သိရသည်။
လက်ရှိအချိန်ထိ CDF – Hualngoram ထံသို့ စစ်ကောင်စီတပ်မှ စစ်သားရှစ်ဦး နှင့် ရဲ ခြောက်ဦး ဝင်ရောက် ခိုလှုံခဲ့ပြီး အချို့မှာ လက်နက်ယူ ဆောင်လာနိုင်သော်လည်း အချို့မှာ အခြေအနေ အကြောင်းကြောင်းကြောင့် လက်နက်ယူဆောင်လာနိုင်ခြင်း မရှိကြောင်း သိရသည်။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး