စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ဖို့ လူငယ်အမြောက်အများ ကချင်ပြည်နယ်အတွင်းက စစ်ရေးအင်အားတောင့်တင်းသော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ရင်း၊ တပ်မဟာဒေသများသို့ အလျိုလျိုရောက်ရှိလာခဲ့ကြသည်။
ထိုသို့ လက်နက်ကိုင်တော်လှန်ရန် ရောက်ရှိလာခဲ့ကြသည့် လူငယ်များကို ကေအိုင်အေက စစ်ပညာများကို သင်ကြားပေးသည့်အပြင် စစ်လက်နက်များကိုပါ တပ်ဆင်ပေးခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ အုပ်ချုပ်မှုအောက် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေဖြင့် အစိုးရတစ်ရပ်ကဲ့သို့လည်ပတ်နေခဲ့သော ဒေသများတွင် ကေအိုင်အေကသင်ကြားပေးသော စစ်သင်တန်းဆင်းများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၊ ဒေသကာကွယ်ရေးတပ် (LDF) များ ထူထောင်တိုက်ပွဲဝင်သူများဖြစ်လာခဲ့ကြသည်။
ကာကွယ်ရေးတပ်များက ဝါရင့်ကေအိုင်အေတပ်ရင်းတပ်ဖွဲ့များ၏ အုပ်ချုပ်ရေးဦးဆောင်မှုအောက်မှာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်စတင်တော်လှန်ခဲ့ကြသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်မျက်နှာစုံဖွင့်နေရသည့် စစ်ကောင်စီတပ်များမှာ ကချင်ဒေသတွင် ဆုံးရှုံးမှုများ အသေအပျောက်များနေခဲ့သည်။
စစ်ကောင်စီဘက်က ၎င်းတို့နှင့်ကောင်းမွန်သောဆက်ဆံရေးရှိသော မျိုးနွယ်စုဦးဆောင်သူများနှင့်ပူးပေါင်းကာ လူမျိုးစုအလိုက် ဌာနေပြည်သူ့စစ်အဖွဲ့များကို ငွေကြေးအကုန်အကျခံကာ စစ်သင်တန်းများပေးပြီး လက်နက်များတပ်ဆင်ပေးကာ စစ်ရေးမဟာမိတ်ဖွဲ့သည်။ ထို့နောက် ကေအိုင်အေကို တန်ပြန်သည်။
ရှမ်းနီ သမိုင်းကြောင်း
တိုင်းလိုင်ဟုခေါ်သော ရှမ်းနီများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ မြောက်ပိုင်းဒေသမှာ အဓိကတွေ့ရသည့် ရှမ်းလူမျိုးများဖြစ်သည်။ တိုင်းလိုင် (ရှမ်းနီ)၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ ဟူသော ရှမ်းမျိုးနွယ်စု ငါးခုသည် ကချင်ပြည်နယ်အတွင်းက နေရာဒေသအသီးသီးမှာ နေထိုင်ကြပါသည်။ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းအစရှိသည့် ဒေသများတွင် ရှမ်းနီလူမျိုး ငါးသိန်းကျော်ခန့်နေထိုင်ကြသည်ဟု တိုင်းလိုင်(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်သည့်နောက်ပိုင်းအချိန်မှာတော့ ဗန်းမော်ဒေသမှ ရှမ်းနီလူငယ်များနှင့် စစ်ကိုင်း၊ မကွေးတို့ဘက်မှ ဗမာလူငယ်များ ကေအိုင်အေတွင် စစ်သင်တန်းတက်ကြသည်။
အလားတူပင် စစ်ကောင်စီကိုတော်လှန်လိုသော ဟုမ္မလင်း၊ အင်းတော်ကြီးဒေသမှ ရှမ်းနီလူငယ်များက SNA တွင် စစ်သင်တန်းတက်ကြသည်။
ရှမ်းနီ-ကချင် ပဋိပက္ခ
ကေအိုင်အေကို စတင်ဖွဲ့စည်းခဲ့သည့် ၁၉၆၁ ခုနှစ်နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလာသည့် ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့၏ နောက်ဆက်တွဲဖြစ်ပေါ်လာခဲ့သော နားလည်မှုလွဲမှားခဲ့သည့် အရပ်သားအချင်းချင်း ပဋိပက္ခဖြစ်ပြီး ထိခိုက်သေဆုံးခဲ့ရသူများထဲမှာ ကချင်ကော ရှမ်းနီတိုင်းရင်းသားအများစုပါ ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းကာလမှာ ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်း (ရှမ်နီဘာသာအရ ဆိုင်းစဲန်း)ရွာ၊ လုံးခင်းရွာ၊ တာမခန်ရွာများတွင် ရှမ်းနီတိုင်းရင်းသားများက လက်နက်ကိုင်တော်လှန်ထကြွဖို့လုပ်ဆောင်ခဲ့ဖူးပါသည်။ သို့သော် ထိုကာလက စစ်တပ်နှင့် ကေအိုင်အေသည် ငြိမ်းချမ်းရေးရယူလိုက်သည့်အတွက် လက်နက်ကိုင်နှစ်ဖွဲ့စလုံးက ရှမ်းနီတော်လှန်ရေးသမားများထံ မြှားဦးလှည့်သွားခဲ့ရသည်။
ထိုအချိန်က တပ်ရင်းမှူးအဆင့်ဖြစ်သော ယခု ဒုတိယဗိုလ်ချုပ်ကြီးသာအေးက ရှမ်းနီတော်လှန်ရေးသမား အယောက် ၂၀ ထက်မနည်းကို ပုန်ကန်ရန်ကြံစည်လုပ်ဆောင်မှုဖြင့် သတ်ဖြတ်ခဲ့သလို ကေအိုင်အေကလည်း ရှမ်းနီအရပ်သားများကို ဖိနှိပ်မှုများရှိခဲ့သည့်အပြင် ရှမ်းနီ အစိုးရဝန်ထမ်းများကိုလည်း သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သည်။ ထို့အပြင် “၁၉၇၃ ခုနှစ် ကချင် - ရှမ်း(ရှမ်းနီ) လူမျိုးရေးပဋိပက္ခ”သည် ယနေ့အထိ ကချင်ပြည်နယ်တွင် ကချင်နှင့် ရှမ်းနီများအကြားက လူပြောများသည့် လူမျိုးရေး ပဋိပက္ခဖြစ်သည်။
ထိုလူမျိုးရေးပဋိပက္ခဖြစ်ရပ်မှာ မိသားစုဝင် အသက်သေဆုံးခဲ့ရသူများထဲတွင် ပါဝင်ခဲ့သည့် တိုင်းလိုင်ခေါ် ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးမင်းမင်းဦးက အခုလိုပြောပြခဲ့ပါသည်။
“မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီးပြီမို့ နောက်ထပ်ဒီလိုအဖြစ်ဆိုးကြီးကို ကျနော်တို့ သားသမီးတွေလက်ထက်မှာ ထပ်မဖြစ်စေချင်တော့ဘူး။ မဖြစ်အောင်လည်း တားကိုတားရမယ်။ ဒီအချိန်က ကျနော်တို့ရဲ့ ဘုံရန်သူ(စစ်ကောင်စီ)က ဒီအရာမဟုတ်ဘူးလေ။ သက်သက်ကိုရှိတယ်” ဟု ဦးမင်းမင်းဦးက ဆိုသည်။
ကချင်နှင့် ရှမ်းနီလူမျိုးရေးပဋိပက္ခကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ရှမ်းနီတိုင်းရင်းသားများ၊ မိသားစုဝင်များက ယနေ့အထိ ပင်းဘော၊ မိုးကောင်း၊ မိုးညှင်း အစရှိသည့် ကချင်ပြည်နယ်၏ နေရာဒေသအသီးသီးမှာ နေထိုင်နေကြဆဲ ဖြစ်သည်။
ကချင်နှင့်ရှမ်းနီတို့အကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းများ၊ နိုင်ငံရေးသမားများနှင့် အရပ်ဖက်အဖွဲ့အစည်းများက နည်းမျိုးစုံးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြကာ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲများမှ သဘောတူညီမှုမရဘဲ ရန်ပွဲဖြစ်မတတ်အခြေအနေများနှင့်ပင် ကြုံခဲ့ကြကြောင်း ဆွေးနွေးပွဲပါဝင်ခဲ့ဖူးသူများက ပြောကြသည်။
သို့သော်လူမျိုးစုနှစ်ခုအကြား ပဋိပက္ခမှာ နိုင်ငံရေးပဋိပက္ခသာဖြစ်ပြီး ပြည်သူများအကြားအမုန်းတရားမဟုတ်ဟု ယုံကြည်နေသူများလည်းရှိသည်။
“အရင်ကအခြေအနေမှာကော အခုအခြေအနေမှာကော ဒီတိုင်းရင်းသားလူမျိုးနှစ်ခုစလုံးရဲ့ လူထုကြားမှာက သဟဇာတဖြစ်နေကြတာအားလုံးတွေ့နေကြတာ၊ မြင်နေကြတာပဲလေ။ အချင်းချင်းတွေ့လို့ခေါ်ကြရင်တောင် “ယောက်ဖရေ”၊ “ယောင်းမရေ” အဲ့လိုခေါ်ပြောနေကြတာဘဲ။ ဒါက ပြည်သူတွေရဲ့ကြားက ပြဿနာမဟုတ်ခဲ့ဘူး။” ဟု ရှမ်းနီအမျိုးသားတစ်ဦးက ပြောသည်။
ဇူလိုင်လ ၃၀ရက်နေ့မှာ တိုင်းလိုင်(ရှမ်းနီ)စာပေနှင့် ရိုးရာယဉ်ကျေးမှုလုပ်ငန်းများတွင် အဆို၊ အက၊ အတီးများကိုလိုက်လံသင်ကြားပေးနေသော ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စုက ရှမ်းနီရိုးရာအကဆရာတစ်ဦးဖြစ်သည့် စိုင်းရေကျော်ကို ပါဂျဲရိုကားနှစ်စီးဖြင့် လူခြောက်ဦးမှ မတရားရိုက်နက်ဖမ်းခေါ်သွားသည့်ကိစ္စသည် လက်ရှိအချိန်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဆိုသော အဖွဲ့တစ်ခုက စိုင်းရေကျော်သည် ၎င်းတို့အဖွဲ့၏ဒေသခံကိုယ်စားလှယ်ဖြစ်သည်ဟုကြေညာပြီး " ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း" စာထုတ်ပြန်ခဲ့သည်။ ထို့အပြင် " ယခုလုပ်ရပ်ကြောင့် နှစ်ပေါင်း ၆၀ ကျော်ကြာ ရှိလာပြီဖြစ်သော ရှမ်းနှင့် ကချင်တို့အကြား အမုန်းတရားတို့သည် ကြီးသထက်ကြီးလာနေပြီး လူမျိုးရေးပဋိပက္ခဖြစ်ရန် အချိန်အတိုင်းအတာတစ်ခုသာလိုတော့ကြောင်း KIO/KIA (ကချင်) အား အသိပေးလိုက်သည် " ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် တည်ထောင်သည်ဆိုသော မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ ရုံးတည်နေရာကို မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ဟု ဖော်ပြထားသော်လည်း ယခုသတင်းထောက်က မြေပြင်စုံစမ်းမှုပြုရာတွင် ဆိုင်းဘုတ်တင်ထားသော ရုံးခန်းအဖြစ် တွေ့ရှိရခြင်းမရှိပါ။
အဆိုပါအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် PDF ကိုလည်း ပြစ်တင်ရှုတ်ချရေးသားလေ့ရှိသည်။
" PDF တွေရဲ့ ဘဝ အဆုံးသတ် သိပ်သာယာလှပမယ်မထင်ဘူး။ အဓိက က KIA ရဲ့ လက်အောက်မှာနေတဲ့ PDF တွေပေါ့ဗျာ။ သူတို့ သိတတ်ရင် လက်ရှိ သူတို့ PDF တွေ KIA ထိန်းချုပ် နယ်မြေမှာဆို လက်နက် ပေးမကိုင်ခိုင်းဘူး။ ဘာလုပ်လုပ် KIA ခွင့်ပြုချက် မရှိပဲ လုပ်လို့မရဘူး။ နောက်တစ်ခါ KIA အတွက် နောင်တစ်ချိန် အန္တရာယ်ရှိတယ်လို့ ထင်ရတဲ့ ရှမ်းနီ အမျိုးသားတပ်မတော် SNA ကို PDF ကို တိုက်ခိုင်းတယ်။ PDF ကိုထိုးကျွေးတာပေါ့ဗျာ။ PDF နဲ့ SNA ဘာ ရန်ငြိုး မှ မရှိဘူး။ KIA ကောင်းကောင်းကြီး PDF ကို အသုံးချနေတယ်။ SNA ကို လာတိုက်ရတာ PDF အတွက် ဘာမှ အကျိုးမရှိဘူး။ သေချာစဉ်းစားကြပါ PDF တွေ " ဆိုကာ ဒေဝဒတ်ကိုဆရာတင်မိတော့ဆိုသော ခေါင်းစဉ်ပါကာတွန်းတစ်ခုဖြင့် ဩဂုတ်လ ၂၆ ရက်နေ့က ရေးသားထားသည်။
ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စုမှာ ရှမ်းနီရွာကြီးလို့ခေါ်တဲ့ ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်သော ဆယ်ဇင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တို့ကို တိုက်ကာ တပ်စခန်းတစ်ခုသိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတိုက်ခိုက်မှုပြန်လုပ်ရာ ဆယ်ဇင်းရွာခံ အနည်းဆုံး ၁၀ ဦးခန့်သေဆုံးသွားခဲ့သလို ကေအိုင်အေလိုလားသော PDFများကို ထောက်ခံသော နေအိမ်များလည်း SNA နှင့် စစ်ကောင်စီတပ်၏ မီးရှို့လိုက်ခြင်းခံခဲ့ကြရသည်။
ရှမ်းနီဌာနေပြည်သူ့စစ်
ကချင်ပြည်နယ်အတွင်း ကေအိုင်အေ၏ လူသစ်စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းတို့ကို ကချင်လူမျိုးများနည်းတူ ရှမ်းနီလူမျိုးတို့လည်း ရင်ဆိုင်ကြရသည်။ နောက်ပိုင်းတွင် ရှမ်းနီတို့က ဌာနေပြည်သူ့စစ်များဖွဲ့ခြင်း၊ နိုင်ငံရေးပါတီထူထောင်ခြင်းများကို လုပ်ဆောင်လာကြသည်။ ထိုသို့လုပ်ဆောင်လာခြင်းက မိမိတို့၏ အခွင့်အရေးကို ကာကွယ်နေခြင်းသာဖြစ်တယ်လို့ ယင်းတို့က ခံယူထားကြသည်။
“ကိုယ့်ရပ်ရွာနဲ့ ကိုယ့်ဒေသကကလူတွေကို ကာကွယ်နိုင်ဖို့အတွက်ဘဲ ဌာနေပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းရတာပါ။ နောက်ပြီး ဒီလိုပြည်သူ့စစ်အဖွဲ့ကိုဖွဲ့စည်းပြီး၊ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ဖို့အတွက်တော့ ဦးတည်ချက်မရှိဘူး”လို့ အင်တော်ကြီးဒေသ၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ဆိုပါသည်။
မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသအပါအဝင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အခိုင်အမာတပ်စွဲကာ တပ်ရင်းတပ်ခွဲတွေဖြန့်ကျက်ပြီး လှုပ်ရှားသည့် ရှမ်းနီဌာနေပြည်သူ့စစ်အဖွဲ့သည် ရှမ်းနီတပ်မတော်(SNA) နှင့် မသက်ဆိုင်ဘဲ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၆ရက်နေ့မှာ တနိုင်းဟူးကောင်းဒေသ ရှဒူးဇွပ်ကျေးရွာရှိ ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်ကို လုပ်ကြံရန်ကြိုးစားခဲ့သည့် ကေအိုင်အေစစ်သား လေးဦးကို စစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြည်သူ့စစ်ခေါင်းဆောင်၏ အိမ်အနီးမှာဘဲ ပစ်သတ်ခဲ့သည်။
“ရှမ်းနီတချို့က ပြည်သူ့စစ်တွေရဲ့လက်ထဲက လက်နက်တွေကိုကြောက်ကြလို့သာ ပြည်သူ့စစ်အဖွဲ့က အာဏာပါဝါရှိသလို ထင်ရတာပါ။ သူတို့က ရှမ်းနီတစ်ခုလုံးကိုလည်း ကိုယ်စားမပြုပါဘူး။ စစ်တပ်က အားပေးထောက်ခံထားလို့လည်း သူတို့က လက်နက်တွေရနေကြတာလေ” ဟု ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
အဏာသိမ်းခံရပြီးနောက်ပိုင်းမှာ ရှမ်းနီများအကြားတွင်လည်း နေပြည်တော်ကအာဏာသိမ်းစစ်တပ်နှင့်ပေါင်းရေး၊ မပေါင်းရေး သဘောကွဲပြားလာခဲ့သည်။
“ကချင်တွေနဲ့ ကေအိုင်အေတွေကို မုန်းနေအောင် လူကြီးတွေက ပုံဖော်ပေးခဲ့ကြတာပါ။ ဒါပေမယ့် လူငယ်တွေရဲ့အမြင်က အခုတော့ ပြောင်းလဲသွားပြီ။ ဒီနွေဦးတော်လှန်ရေးကာလမှာ ကေအိုင်အေက အားလုံးအတွက် သူရဲကောင်း ဖြစ်သွားပြီ။ ပြီးတော့ ဦးဇင်းရဲ့ ဒါယကာ၊ ဒယကာမ တော်တော်များများကလည်း ပါးစပ်ကသာထုတ်မပြောကြသာ။ သူတို့ရဲ့စိတ်ထဲမှာတော့ ကေအိုင်အေကိုထောက်ခံနေကြတာဘဲ” ဟု ကချင်ပြည်နယ်အတွင်းက ရှမ်းနီဘုန်းကြီးတစ်ဦးက အခုလိုပြောပြခဲ့ပါသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)
ရှမ်းနီအမျိုးသားတပ်မတော်(SNA)သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ရှမ်းနီလူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ရရှိဖို့ကိုရည်မှန်းထားပြီး၊ ရှမ်းလူမျိုးများနှင့်ဆက်စပ်သည့် လူမျိုးနွယ်စုတွေကို ညီညွတ်စုစည်းဖို့ မူ ငါးချက်ချမှတ်ထားသည်။
SNAသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် လှုပ်ရှားနေသောလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)အစပ်က ရှမ်းလူငယ်များနှင့် ဖွဲ့စည်းခဲ့သည်။
ကချင်နှင့် ရှမ်းနီကြားက လူမျိုးရေးအသွင် ပဋိပက္ခကြားမှာ KIA နှင့် SNA အခန်းကဏ္ဍက အခရာကျသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ချိန်သားကိုက် မီးစွဲအားကောင်းလာသော ရှမ်းနီလူမျိုးရေးမှာ SNA အတွက်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
ကချင်နှင့် စစ်ကိုင်းတိုင်းဒေသတို့တွင် PDF သည် KIA ၏ မဟာမိတ်ဖြစ်ချိန်တွင် SNA နှင့် အစေးမကပ်လှပေ။
စစ်ကောင်စီ၏မဟာမိတ်မဟုတ်ကြောင်း SNA တပ်၏ ပြောရေးဆိုခွင့်ရှိသူများက ငြင်းဆန်ကြသည်။ သို့သော် အထူးတလည်ရင်းနှီး ဆက်ဆံသည့် အနေအထားတွင်ရှိနေခြင်းက ရှမ်းနီတိုင်းရင်းသားများ၏ ဘူမိနက်သန်နယ်မြေတွေဖြစ်တဲ့ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူးဒေသတို့အပြင် ဗန်းမောက်ဒေသတို့မှ ရှမ်းနီတိုင်းရင်းသားအချို့ပင် မနှစ်မြို့လာကြတော့ဟု ရှမ်းနီအရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
နွေဦးတော်လှန်ရေးကာလတွင် အာဏာရှင်ကိုတော်လှန်ဖို့ ရောက်ရှိလာသည့် ရှမ်းနီလူငယ်များကို စစ်ပညာများသင်ပေးခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းနဲ့ စစ်လက်နက်များ တပ်ဆင်ပေးခြင်းတို့ ပါဝင်လုပ်ဆောင်ပေးခဲ့မှုများရှိသည်။
ရှမ်းနီဒေသခံလူထုနဲ့ပက်သက်ကာ စုံစမ်းဖော်ထုတ်မှုတွေကို ထဲထဲဝင်ဝင်ဖော်ထုတ်နေတဲ့ ရှမ်းနီပြည်သူ့အသံ “The Voice of Shan-ni”မှာ တပ်မဟာ ( ၇၅၃) တပ်မဟာမှူး ဗိုလ်မှူးကြီး စိုင်းထူးက ဇူလိုင်လ ၂၈ ရက်က ပြောကြားချက်တွင် “စိတ်ဓါတ်ပြင်းထန်နေတဲ့ လူငယ်တွေကို ကျနော်တို့အနေနဲ့လက်မခံရင် ကေအိုင်အေစီ မလွဲမသွေသွားကြလိမ့်မယ်။ ကေအိုင်အေစီရောက်သွားရင် စိတ်ဓါတ်ပြင်းထန်တက်ကြွနေတဲ့လူငယ်တွေကို သင်တန်းပြီးတာနဲ့ ကျနော်တို့ SNA နယ်မြေထဲကို တိုးဝင်ခိုင်းပြီး ကျနော်တို့အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ပဋိပက္ခတွေ ကြီးမားလာအောင်ဖန်တီးလာလိမ့်မယ်။ ဒါကြောင့်လည်း ကျနော်တို့ဒေသတွင်းက လူငယ်တွေကို ကေအိုင်အေတွေလက်ထဲမရောက်အောင် လက်ခံဖို့ဆုံးဖြတ်လိုက်တာဟုတ်တယ်။" ဟု ပြောသည်။
" ပြီးတော့ နောက်တချက်က ကျနော်တို့ဒေသတွင်းက လူငယ်လေးတွေအနေနဲ့ လုပ်စားနိုင်ငံရေးသမားတွေ၊ လုပ်စားဒီမိုကရေစီသမားတွေရဲ့ အသုံးချခံသက်သက်နဲ့ အပြစ်မဲ့တဲ့ဘဝလေးတွေ မပျက်စီးစေဖို့ ငါတို့ထိန်းလို့ရသလောက်ထိန်းထားမယ်ဆိုပြီး လက်ခံထားခဲ့တာပါ။ လက်ခံထားတယ် ဆိုတာထက်တောင် ပိုနေပါသေးတယ်” ဟု သူက ဆက်ပြောသည်။
သို့သော် စစ်ကောင်စီနှင့်ပတ်သက်၍ SNA ၏ ရပ်တည်ချက်ကိုမနှစ်သက်သော စစ်သင်တန်းဆင်းလူငယ်များ၏ ခွဲထွက်ခြင်းကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
စစ်ကောင်စီတပ် သွေးခွဲခြင်း မဟာဗျုဟာနှင့် မီးစများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ မိုးညင်း၊ မိုးကောင်းနှင့် ဗန်းမော် အစရှိသည့်မြို့ကြီးများတွင် ပြည်နယ်အတွင်းမှ ဌာနေတိုင်းရင်းသားအားလုံး ရှမ်း၊ ကချင်မျိုးနွယ်စုများ၊ ဗမာနှင့် မြန်မာပြည်ဖွားတရုတ်တို့ပါပါဝင်သော လူထုသပိတ်စစ်ကြောင်းကြီးများ ချီတက်ခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီက အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုခြင်းကို ၂၀၂၀ရွေးကောက်ပွဲတွင် မဲအပြတ်သတ်အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီအများအပြားက ပယ်ချထားသည်။ သို့သော် အချို့သော လူမျိုးစုနိုင်ငံရေးပါတီများက မိမိတို့လူမျိုးစုအတွက် အခွင့်အရေးတစ်ရပ်ဟု ရှု့မြင်ကြသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၂၁ မေလ ၂၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီ ၅၉ ပါတီတို့ တက်ရောက်ခဲ့သည်။ အများစုကတော့ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမှမနိုင်သူများဖြစ်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းနီ(တိုင်းလိုင်)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်ပြည်နယ်) နှင့် လီဆူအမျိုးသားများဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ) တို့လည်းတက်ရောက်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားသို့ ယမန် နှစ်စ က်တင်ဘာလ ၁၈ ရက်နေ့က လာရောက်စဉ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိ သူများ၊ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များနှင့်ပါတွေ့ဆုံခဲ့သည်။
အလားတူ မြစ်ကြီးနားမြို့နယ် ဆင်ဘို (ဧရာဝတီမြစ် ပထမမြစ်ကျဥ်း)ဒေသ၊ တနိုင်းဟူးကောင်းဒေသ၊ အင်းတော်ကြီးဒေသတို့မှာလည်း စကစတပ်အကူအညီနှင့် ရှမ်းနီဌာနေပြည်သူ့စစ်အဖွဲ့များဖွဲ့ကာ လက်နက်များတပ်ဆင်ပေးထားသည်။
ပြည်သူ့စစ်များမှာ စစ်ကောင်စီ၏ နယ်မြေခံတပ်ရင်းများ လုံခြုံရေးအတွက် လုံခြုရေးပူးတွဲစောင့်ကြည့်ခြင်း၊ စစ်ဆင်ရေးလမ်းကြောင်းများတွင် နယ်မြေလမ်းပြများအဖြစ် သော်လည်ကောင်း၊ တပ်ဖွဲ့ဝင်များအဖြစ် သော်လည်ကောင်း ပူးတွဲလှုပ်ရှားခြင်း၊ သတင်းအချက်အလက်များကို စုဆောင်းကာ ပေးပို့ခြင်းများကို ပြုလုပ်နေကြကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
အပြန်အလှန်အားဖြင့် ဌာနေပြည်သူ့စစ်စခန်းများကို ကေအိုင်အေကတိုက်ခိုက်လျှင် စစ်ကူလွှတ်ခြင်း၊ လက်နက်ကြီးများပစ်ကူပေးသည့်အပြင် လေကြောင်းပစ်ကူပေးမှုမျိုးပါ ပြုလုပ်ပေးသည်။
ကေအိုင်အေစစ်သားများက ရှမ်းနီတိုင်းရင်းသားတွေအပါအဝင် အတူနေ အခြားတိုင်းရင်းသားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်သည်ဟု ရှမ်းနီယဥ်ကျေးမှုအဖွဲ့များက စွပ်စွဲသည်။
ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) ၏ ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် ဩဂုတ်လ ၁၈ ရက်နေ့က “ရှမ်းနီအရေးသွေးစည်းဖို့လိုလေပြီ”ဆိုပြီး ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့သည်။
အဆိုပါဆောင်းပါးတွင် ကချင်ပြည်နယ်တွင် ရှမ်းနီက လူဦးရေအများဆုံးဖြစ်ပြီး ရှစ်သိန်းနီးပါးဖြစ်သည်ဟု ရေးသားထားသည်။
သို့သော် အထွေထွေအုပ်ချုပ်ရေးဥိီးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်သည့် စာရင်းဇယားများအရ ကချင်ပြည်နယ်လူဦးရေ၏ ၂၄ ရာခိုင်နှုန်းသာ ရှမ်းလူမျိုးများဖြစ်ကြောင်း ဖော်ပြထားပြီး ပြည်နယ်လူဦးရေစုစုပေါင်းမှာ ၁၆ သိန်းဖြစ်သည်။
ဆောင်းပါးတွင် ဆယ်ဇင်းကျေးရွာသားများ၏နေအိမ်မီးရှို့ခံရမှုနှင့် သတ်ဖြတ်ခံရမှုများအပေါ် ကေအိုင်အေကို အပြစ်ပုံထားသည်။
သို့သော် ဆယ်ဇင်းဒေသခံရှမ်းနီများကိုယ်တိုင်က နေအိမ်မီးရှို့ခံရပြီး ထွက်ပြေးလာသူများကိုသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သူများမှာ SNA တပ်နှင့် စစ်ကောင်စီတပ်တွင် တာဝန်ရှိသည်ဟု သတင်းမီဒီယာများတွင် ဖြေကြားထားခဲ့သည်။
EPN ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဖြစ်သူသည် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်သည်။
EPN ၏ ရုံးချုပ်မှာ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ဒေသအကြီးအကဲတစ်ဦးဖြစ်သော ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၂) ရုံးကြီး (ဒေသအခေါ်က နယ်ခြားစောင့်တပ်ရုံးကြီး) တွင် တည်ရှိသည်။
စစ်ကောင်စီက ကေအိုင်အေကို ထိန်းချုပ်နိုင်ရေးကြိုးစားမှုတွင် အခြားသော လူမျိုးစုများနှင့်လည်း သွေးခွဲလုပ်ဆောင်ခဲ့သည်။ ကချင်တွင် ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရဝမ်နှင့် ဇိုင်ဝါး မျိုးနွယ်စုများပါဝင်သည်။
ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားတဲ့ ဝိုင်းမော်မြို့နယ်က ဆဒုန်းဒေသတိုက်ပွဲတွင် လီဆူပြည်သူ့စစ်များပါဝင်သော စစ်ကောင်စီတပ်များနှင့် ကေအိုင်အေ တပ်ရင်း (၃) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင်း အနည်းဆုံး စစ်ပွဲသုံးခုတွင် ပြည်သူ့စစ်များက စစ်ကောင်စီတပ်ဘက်က ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးရွှေမင်းက " KIA အကြမ်းဖက်အဖွဲ့က လီဆူတွေကို မတရားဖမ်း၊ ပိုင်ဆိုင်မှုကိုမတရားသိမ်း။ ဒါကြောင့် မြို့ရွာတွေက မင်းတို့ KIA မိသားစုနဲ့ ပိုင်ဆိုင်မှုတွေ သတိထားကြပေတော့" ဟု ဩဂုတ် ၃၁ ရက်နေ့က ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
KIA ကို "အကြမ်းဖက်၊ သောင်းကျန်းသူ" ဟူသော အသုံးအနုန်းများဖြင့် ဦးရွှေမင်းက လူမျိုးရေးဦးတည်သော အရေးသားများ ယခင်ကလည်း အကြိမ်များစွာရေးသားခဲ့ဖူးသည်။
လီဆူပြည်သူ့စစ်ခေါင်းဆောင်ဟု တရားဝင်ခံယူခြင်းမရှိသော်လည်း လီဆူအမျိုးသားများ ပြည်သူ့စစ်အဖွဲ့ဝင်ရောက်ရန်နှင့် ပြည်သူ့စစ်အဖွဲ့သစ်ထူထောင်သည့်အခမ်းအနားများတွင် ကြိုဆိုဂုဏ်ပြုခြင်းများတွင် ဦးရွှေမင်းကို တွေ့ရလေ့ရှိသည်။
အာဏာသိမ်းမှု နောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း လီဆူပြည်သူ့စစ်များ တိုးပွားလာခဲ့သည်ကိုလည်း တွေ့ရသည်။
၎င်းတို့အတွက် စစ်ရေးလှုပ်ရှားနယ်မြေများ သတ်မှတ်ပေးမည်ဆိုပြီး အပေးအယူလုပ်ကာ ကချင်ပြည်နယ်အတွင်းက ပူတာအိုဒေသနှင့် ဝိုင်းမော်ဒေသတကျောမှာ လီဆူပြည်သူ့စစ်များထူထောင်စေခဲ့သည်။
စစ်ကောင်စီ၏မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အာဏာသိမ်းပြီးနောက်ပိုင်း ရဝမ်စာပေနှင့်ယာဉ်ကျေးမှုတာဝန်ရှိသူများကို ကြံခိုင်ရေးပါတီ၏ ခရိုင်နှင့် မြို့နယ်အဆင့်တွင် ရာထူးပေးသည်။ ရဝမ်ပြည်သူ့စစ်အဖွဲ့က ရဝမ်ယဉ်ကျေးမှုနဲ့စာပေအသင်း၏ အကူအညီနှင့် လူသစ်စုဆောင်းမှုများပြုလုပ်ခဲ့သည်။
" တိုင်းရင်သားလူမျိုးစုတွေကြားက ပြဿနာနဲ့ မကျေနပ်ချက်တွေကို နိုင်ငံရေးလက်နက်အဖြစ်အသုံးချပြီး တိုက်ခိုက်တတ်ပါတယ်။ ရဝမ်လူမျိုးတွေကို ကေအိုင်အေက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို သူတို့က ဖြန့်ဝေခဲ့ကြတယ်။ အခုလည်း ကေအိုင်အေက ကျနော်တို့ကို ထပ်မံသတ်ဖြတ်ဖို့ကြိုးစားနေတယ်ဆိုပြီး သတင်းတွေလွှင့်တယ်။" ဟု ရဝမ်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
" ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ ကိုယ့်မြေကိုကာကွယ်ဖို့အတွက် ပြည်သူ့စစ်တွေဖွဲ့ပြီး ကေအိုင်အေကို ပြန်တိုက်ထုတ်ရမယ် ဆိုပြီးလည်း လိုက်ပြီးလှုံ့ဆော်နေတယ်။ ဒီအတွေးအခေါ်ကို ရဝမ်လူမျိုး အသိုင်းအဝိုင်းအတွင်းပျံ့နှံ့သွားအောင် သူတို့က သတင်းလိုက်ဖြန့်ပြီး ပြည်သူ့စစ်အတွက် လူသစ်စုဆောင်းနေတယ်။" ဟု သူကဆက်ပြောသည်။
ပဋိပက္ခက ဒေသခံမျိုးနွယ်စု ခေါင်းဆောင်တချို့အတွက် "ကိုယ့်ကိုကိုယ် ကယ်တင်ရှင်အဖြစ် နာမည်ကောင်းဝင်ယူဖို့ လမ်းပွင့်သွားတယ်”ဟု ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“သူတို့က တဖက်မှာတော့ အဲ့ဒေသ လူမျိုးတွေရဲ့ မြေယာအရေးနဲ့ သဘာဝအရင်းအမြစ်တွေ လုံခြုံရေးအတွက် သူတို့ကိုယ် သူတို့မရှိရင်မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့နေနေကြတယ်။ အဲ့လိုပုံစံမျိုးဖြစ်အောင်လည်း အဲ့ဒေသတွေမှာ ရိုက်သွင်းထားတယ်။ ဥပမာပြပြီး ပြောရမယ်ဆိုရင် ဦးရွှေမင်းဦးဆောင်တဲ့ ဒူးလေပါတီပေါ့။ ကေအိုင်အေစစ်သားတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေပါဆိုပြီး အမြဲတမ်း ဆန္ဒတွေပြတယ်။ သူ့နောက်မှာ လူအများကြီးပါလာအောင်လည်း သူစည်းရုံးတယ်။ နောက်ပြီး သူ့ပါတီကနေ ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်ဆိုပြီး ကြေညာချက်ကြီးတွေလည်း တသီတတန်းကြီးထုတ်တယ်။ ဒါတွေကို အဲ့ဒေသက ဘာသာရေးအဖွဲ့အစည်းတွေနဲ့တွေ့ရင်လည်း သူတို့ပါတီကနေ ကေအိုင်အေစစ်သားတွေရဲ့ လုပ်ရပ်အတွက် ဘယ်လိုလုပ်လိုက်ပြီ။ ဘယ်လိုမျိုးလုပ်သင့်တယ် ဆိုတာမျိုးအမြဲပြောနေတာ အားလုံးအသိဘဲမလား။ တဖက်မှာတော့ သူတို့ရဲ့အကျိုးအမြတ်အတွက် စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး၊ ကိုယ်ကျိုးစီးပွားရှာလေ့ရှိကြပါတယ်။ အခုဆို ဝိုင်မော်လိုမြို့တွင်းမှာတောင် နောက်ထပ် လီဆူဌာနေပြည်သူ့စစ်အဖွဲ့ ဆိုပြီး ဖွဲ့နိုင်သွားပြီမလား” ဟု ဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့ (၄၇) ကြိမ်မြောက် ကချင်အာဇာနည်နေ့တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်က တိုက်ပွဲဝင်သော ကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကေအိုင်အို၏ ခေါင်းဆောင် ဥက္ကဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကချင်လူထုတစ်ရပ်လုံးကိုထုတ်ပြန်သည့် မိန့်ခွန်းတွင် လက်ရှိမြန်မာနိုင်ငံရေးသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် တရားစီရင်ရေးအပိုင်းတစ်ခုလုံးက ပျက်ယွင်းနေပြီဖြစ်ပြီး၊ ပြည်သူလူထုတစ်ရပ်လုံးက “ဓားတုံးလည်း ကြောက်ရ၊ ဓားထက်လည်းကြောက်ရ”သည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။
ထို့အပြင် “မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူ”ဆိုသည့် ခွဲခြားရခက်သည့် အခြေအနေလည်း အတူနေရှမ်းညီနောင်များနှင့် ကချင်လူထုအကြား သွေးထိုးပြီး၊ ပြည်သူ့စစ်ခေါင်းစဉ်ဖြင့် အမျိုးသားရေး ပြဿနာများဖြစ်လာအောင် ဖန်တီးနေပြီဖြစ်ကြောင်းကို သတိပေး တိုက်တွန်းပြောဆိုထားသည်။
အကဲဆတ်လှသည့် ကချင်ပြည်နယ်အတွင်းက လူမျိုးရေးပဋိပက္ခများအကြောင်းကို ဦးဆောင်နေကြသည့် လူမျိုးရေးခေါင်းဆောင်များနှင့် လက်နက်ကိုင်ခေါင်းဆောင်များက ဂဃဏန သိရှိထားကြသူများသာဖြစ်သည့်အတွက် စစ်ကောင်စီလက်ထက်မှာ မီးဇာကောင်းကောင်းဖြင့် အားကောင်းတောက်လောင် လာနေသော ယင်းလူမျိုးရေးမီးစကို မည်သို့မည်ပုံ ကိုင်သွယ်သွားကြမှာကိုတော့ အချိန်ကာလတစ်ခု ထပ်လိုပေဦးတော့မည်။