ဆောမြို့တွင် သက်ကြီးရွယ်အိုများနှင့်မိန်းကလေးငယ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အား YDF ဗဟို မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟုဆို

ဆောမြို့တွင် သက်ကြီးရွယ်အိုများနှင့်မိန်းကလေးငယ် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်အား YDF ဗဟို မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဟုဆို

မကွေးတိုင်း၊ ဆောမြို့၊ ဇေယျရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းက အသက် ၆၀ ဝန်းကျင် အမျိုးသားသုံးဦးအပြင် အမျိုး သမီးနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးတို့ သေနတ်ဒဏ်ရာများနှင့် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် ပြန်လည် ခုခံမှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ယောကာကွယ်ရေးတပ် (YDF) က ဩဂုတ်လ၂၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယောကာကွယ်ရေးတပ် (YDF) ၏ ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင် အပါအဝင် ၎င်း၏ညီ၊ ဇနီး၊ ချွေးမ၊ မြေးနှင့် လာရောက်လည်ပတ်သည့် သူငယ်ချင်းတို့ သေဆုံးခဲ့ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်ဟု သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်အပေါ် တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုက ဝေဖန် ထောက်ပြမှုများ ရှိနေ၍ အဓိကတာဝန်ရှိသူများ ဖြစ်သည့် YDF-SAW မှ အဖွဲ့ဝင်များကိုစုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း YDF ဗဟို ၏ ပြောရေးဆို ခွင့်ရှိသူ ကိုမင်းမင်းထံက သိရသည်။

“ကျွန်တော်တို့ အောက်ခြေတပ်ရင်းနဲ့ ရဲဘော်တွေ တစ်ခုခုအမှားအယွင်းလုပ်ခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေပါပြီ” ဟု ကိုမင်းမင်းက မဇ္ဈိမကို ပြောသည်။

YDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၅ ရင်းဖြင့် ဖွဲ့စည်း ထားကြောင်း YDF ထံကသိရှိရသည်။

၎င်းတို့အနက် တစ်ခုအပါအဝင်ဖြစ်သည့် YDF-Saw ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

” အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့စီစဉ် ဆောင်ရွက်နေပါပြီ။ YDFကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျနော်တို့ ပြောကြားထားတာရှိပါတယ်။ စုံစမ်းစစ်ဆေးတာကနေ ရရှိလာတဲ့အပေါ်မူတည်ပြီးတော့ လိုအပ် တာတွေ ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန-NUG ၏ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၁ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုများ အသတ်ခံခဲ့ရသလို နေအိမ်မှ ကားနှစ်စီး၊ ဆိုင်ကယ်နှစ်စီး ၊ငွေသားများ၊ လက်ဝတ်ရတနာအချို့နှင့် အိမ်ရှေ့တွင်ဖွင့်ထားသည့် ဆိုင်အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့သည် ဟု အသတ်ခံရသူများ၏ မိသားစုဝင်တစ်ဦး ဖြစ်သူ ကိုအောင်အောင်လင်းက ဆိုသည်။

“ပါသွားတဲ့ပစ္စည်းတွေက အခုထိတော့ ဘာမှကိုပြန်မရသေးဘူး” ဟုကိုအောင်လင်းလင်း ကပြောသည်။

YDF ဗဟိုဘက်မှ ကားနှစ်စီး၊ဖုန်းတစ်လုံး ၊ငွေသားသုံးသိန်းနှင့် ဆွဲကြိုးသုံးကုံးပါသည် ဟု အတည်ပြုထားပြီး မိသားစုဝင်များ ရထိုက်သည်ဟု ထင်ပါက ပြန်လည် ပေးအပ်သွား မည်ဟု ဆိုထားသည်။

“NUG အစိုးရ MOD (ministry of defense) ကို အကူအညီတောင်းပြီးတော့မှ သူ့ မိသားစုဝင်တွေ ရသင့်ရထိုက်တယ်ဆိုရင် ပြန်လည်ပြီးတော့ ပေးအပ်သွားပါမယ်” ဟု YDF ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

မဇ္ဈိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဦးခင်မောင်လင်းသည် ဒလန် ဖြစ်ကြောင်းခိုင်မာသည့် သတင်းအချက်အလက်များကို အခိုင်မာရရှိခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ၂၄ရက်နေ့တွင် YDF-Sawက ဖြေကြားထားသည်။

YDF-Sawက ထိုသို့ ဖြေကြားထားသော်လည်း သွားရောက်ရှင်းလင်းမည့်ကိစ္စကို ဗဟိုမှ မသိရှိကြောင်း နှင့် ဒလန်ပျူစောထီးများဆိုလျင်လည်း သေဒဏ်ဖြင့် အရေးယူရန် ညွှန်ကြားထား ခြင်းမရှိကြောင်း YDFထံက သိရသည်။

“အဲ့ဒီသတင်းက ဗဟိုအထိတော့ မရောက်ဘူး။ ရုံးအဆင့်ထိပဲ ရောက်လာတာ။ သူတို့ ချက်ချင်းပဲ ဆုံးဖြတ်ချပြီး မြန်မြန်ပြုလုပ်သွားတာဆိုတော့လေ။ ဒါပေမဲ့ ဒီလအတွင်း ပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် ဗဟိုအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချထားတာ ရှိတယ်။ ဘာလဲဆိုရင် ဒလန်တို့ ပျူစောထီးတို့ သတ်တဲ့ရှင်းတဲ့ ကိစ္စမျိုးမပြုလုပ်ဖို့ ၊ ဒလန် ဘာညာ စွပ်စွဲခံရသူတွေကို ရဲဘော်တွေက ဖမ်းဆီးပြီးတော့မှ တရားရုံးကို အပ်ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ အဲဒီညွှန်ကြားစာက တပ်ရင်း တပ်ဖွဲ့အသီးသီးကို မရောက်တာလည်း ပါတာပေါ့” ဟုကိုမင်းမင်းကပြောသည်။

လက်ရှိအချိန်တွင်ဖြစ်စဉ်တစ်ခုလုံးအတွက် ဆောတပ်ရင်းမှ တာဝန်ရှိသူများကို ဗဟိုက ဂျီနီဗာကွန်ဗန်းရှင်းနှင့် MOD လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးနေပြီး ပြစ်မှု ကျူးလွန်ခြင်းများရှိပါက ဥပဒေအတိုင်းအရေးယူသွား မည်ဖြစ်ပြီး မိသားစုကို ကျေနပ်သည် အထိတောင်းပန်သွားမည် ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...