နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခံရ၊ ထောင်ဒဏ် ၁၇ နှစ်ရှိပြီဖြစ်၊ အမှု ၉ မှု ကျန်ရှိနေသေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခံရ၊ ထောင်ဒဏ် ၁၇ နှစ်ရှိပြီဖြစ်၊ အမှု ၉ မှု ကျန်ရှိနေသေး
Aung San Suu Kyi. Photo: EPA
Aung San Suu Kyi. Photo: EPA

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးက ဩဂုတ် ၁၅ရက်နေ့တွင် အဂတိအမှု လေးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ်ထပ်မံ ချမှတ်လိုက်သည်။

စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလိုပြုလုပ်ပြီး စွပ်စွဲထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ပတ်သတ်သည့် အဂတိအမှုလေးမှုတွင် အမှုသုံးမှုကို ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံရန် အမိန့်ချခဲ့သည်။

အမှု သုံးခုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် ဉတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ဒသမ ၃၃ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃ဒသမ ၈၅၅ဧကကို လျှောက်ထားရယူသည့်ကိစ္စ၊ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် တစ်ထပ်အဆောက်အဦးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပြည်သူများလှူဒါန်းငွေဖြင့်ဆောက်လုပ်သည်ဆိုကာ စွပ်စွဲထားသည့် ကိစ္စတို့နှင့် ပတ်သတ်၍ အဂတိဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၆၀ရှိ မြေ ၁ ဒသမ ၈၆ဧကနှင့် အဆောက်အဦးငှားရမ်းသည့်ကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၅ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။

ထို့ကြောင့် အမှုလေးမှုအတွက် စုစုပေါင်းထောင်ဒဏ် ခြောက်နှစ်ကျခံရမည်ဖြစ်သည်။ အမှုများကို အယူခံဆက်တက်မည်ဖြစ်ကြောင်း နီးစပ်သူများကပြောသည်။

ယင်းအမှုများနှင့် ပတ်သတ်ပြီး "အပြစ်မရှိ"ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်ရုံးချိန်းများတွင် ထွက်ဆိုထားသည်။

အဆိုပါ အဂတိအမှုများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းနှစ်မှု၊ ကျန်သည့်နှစ်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲစွဲဆိုခံထားရသည်။

ယမန်နေ့ အမိန့်ချမှတ်လိုက်သည့်အမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် ပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်။

အမှုတွဲများတွင် ပါဝင်စွပ်စွဲခံထားရသည့် ဒေါက်တာမျိုးအောင်မှာ အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်၊ ဦးရဲမင်းဦးမှာ ထောင်ဒဏ် သုံးနှစ်နှင့် ဦးမင်းသူမှာ ထောင်ဒဏ်သုံးနှစ် စသည်ဖြင့်လည်း အသီးသီးချမှတ်ခံခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးပုဒ်မ ၂၅ဖြင့် ၂မှု၊ ၅၀၅(ခ)၊ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ယင်းအမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည်။

ထို့ကြောင့် လက်ရှိအမှုများအပါအဝင် အမှု ၁၀မှု အတွက်ထောင်ဒဏ် ၁၇ နှစ် ရှိသွားပြီဖြစ်သည်။ ထို့ အမှုများကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးမြင့်စန်းကကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောက်အဦးတွင် တစ်ဦးတည်းဆက်လက်နေထိုင်နေရဦးမည်ဖြစ်ကာ အဂတိအမှု ခုနှစ်မှု အပါအဝင် အမှုပေါင်း ကိုးမှုဖြင့် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...